တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်မြစ်သည် ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ မြို့နယ်များကို ဖြတ်သန်း၍ မြောက်ဘက်မှ တောင်ဘက်ပင်လယ်ဝအထိ စီးဆင်းနေသည့် မြစ်တစ် ဆင်းဖြစ်ပါကြောင်း၊ အဆိုပါ မြစ်သည် ရှေးနှစ်ပေါင်းများစွာကတည်းက ပင်လယ် ကူး ကမ်းနီး၊ ကမ်းဝေး သင်္ဘော၊ လှေသင်္ဘောများ အချိန် မရွေးသွားလာနိုင်သည့် မြစ်ဖြစ်သော်လည်း ယခုအချိန်တွင် မြစ်ရေအထက်ဘက်မှ သစ်တောများ ပြုန်းတီး မှုကြောင့် မိုးရေတိုက်စားပြီး နုန်းများပို့ချခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်မြေများ မိုးရေနှင့်အတူ မြစ်ထဲသို့ စီးဝင်လာခြင်းတို့ကြောင့် သဲသောင်များ ပေါ်ထွန်းလာပါကြောင်း၊ ယခင်က သင်္ဘောများ၊ စက်လှေများ အနေဖြင့် ပင်လယ်ဝမှ ထားဝယ်ဆိပ်ကမ်းသို့ အချိန်မရွေး ဖြတ်သန်းမောင်းနှင်နိုင်သော်လည်း ယခုအချိန်တွင် သောင်များကို ကွေ့ပတ်သွားလာနေရသည့်အတွက် အချိန်များစွာ ကုန်သည့်အပြင် အန္တရာယ်လည်း များပါကြောင်း၊ မြစ်၏ အထက်ပိုင်းဖြစ်သည့် ထားဝယ်မြို့၏ အရှေ့ဘက်တွင် သတ္တုတွင်းများ တွင်းဖော်ခြင်းများကြောင့် ချောင်း၊ မြောင်းမြောင်းများ တိမ်ကောခြင်း၊ ရေလျှံမှုများ ဖြစ်ပေါ်ခြင်းနှင့် ချောင်းမြောင်း နံဘေးရှိ လယ်များ ဆုံးရှုံးခြင်းများ ကြုံတွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေနေ့တိုင်း တိုးတက်နေသော်လည်း လယ်ဧရိယာနေ့တိုင်း လျော့ပါး နေခြင်းနှင့် တစ်ချိန်တွင် စားနပ်ရိက္ခာအတွက်လည်း စိုးရိမ်စရာ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ထိုအချက်နှစ်ချက်အပေါ် မူတည်ပြီး ရေကြောင်းသွားလာရေးအတွက် သဲနုန်းတောင်များတူးခြင်းကဲ့သို့သော ရေလမ်းကြောင်းအဆင့်မြင့် လုပ်ငန်း Pilot Project ကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန့်မာဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ထားဝယ်မြစ်ကြောင်း ရေ လမ်းကြောင်းတိုးတက်ရေးအတွက် သောင်တူးလုပ်ငန်းများကို ၂၀၁၂ ကနေစတင်ဆောင်ရွက်ခဲ့ ရာတွင် တွေကို ကုန်ကျစရိတ် အလွန်ကြီးမားသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ထုတ်ယူသုံးစွဲမည့်အစား ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး နိုင်ငံတော်ဘဏ္ဍာသက်သာစေမည့် လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၂ စက်တင်ဘာလတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ကျော်ကျော်ဖြိုးကုမ္ပဏီလီမိတက်နှင့် Infinite Prosperity Pte., Ltd တို့ ပူးပေါင်း ၍ သောင်တူး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေလမ်းကြောင်း အသင့်အတင့် တိုးတက် ကောင်းမွန်မှုများ ရရှိခဲ့ပါကြောင်း၊ ၁၄-၅-၂၀၁၄ ရက်နေ့တွင် ကျော်ကျော်ဖြိုးကုမ္ပဏီလီမိတက်၊ Stra High Asia Pacific Pte., Ltd တို့နှင့် သဘောတူစာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေမြေဖုံးဌာနက သတ်မှတ်သည့် ဧရိယာများကိုသာ တူးဖော်နေစေခြင်းဖြစ်ပြီး ထိုသို့ တူးဖော်ရရှိသော သဲမြေများကို စင်္ကာပူသို့ ပို့ကုန်အဖြစ် တင်ပို့ရောင်းချခြင်းဖြင့် မိမိတို့အတွက်လည်း မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းများ ကောင်းမွန်ပြီး တစ်ဖက်တွင်လည်း Private ကုမ္ပဏီအနေဖြင့် ဝင်ငွေရရှိ စေပြီးပါကြောင်း၊ ထားဝယ် မြစ်ကြောင်းသည် ပင်လယ်ဝမှ ဆင်ဖြူပြင်ဆိပ်ကမ်းအထိ မိုင် ၂၀ ခန့်နှင့် ဆင်ဖြူပြင်က နေ ထားဝယ်မြို့အထိက၈ မိုင်ဝေးကွာပါကြောင်း၊
ယခင်က ဆင်ဖြူပြင်ဆိပ်ကမ်းအထိ ခရီးသည်တင်ယာဉ်များ နေ့စဉ် ဝင်ရောက်သော်လည်း ကုန်တင် ရေယာဉ်ကြီးများသည် မြစ်ကြောင်းတစ်လျှောက် သောင်ကုန်းများရှိသည့်အတွက် ရေထရက်၊ ရေကြီးရက်များ တွင်သာ ထားဝယ်မြို့ထဲသို့ ဝင်ရောက်နိုင်ပါကြောင်း၊ ထို့ကြောင့် ထားဝယ်မြစ်ကြောင်း တူးဖော်ခြင်းလုပ်ငန်းသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သောင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်မည် ဆိုပါက ၁ ကုဗ မီတာကို ၃ ဒေါ်လာခန့်ကုန်ကျမည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေများစွာ အကုန်အကျခံဆောင်ရွက်ရ မည်ဖြစ်ပါ ကြောင်းနှင့် EIA,SIA များနှင့် ညှိနှိုင်းပြီး လမ်းကြောင်းကောင်းအောင် ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ သောင်တူး ဖော်ခြင်းမှ ရရှိလာသော Recycle Sand များကို သတ္တုတွင်းဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး စီးပွားဖြစ်သတ္တုများ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးပြီးမှ သတ္တုခွန်ကောက်ခံမည်ဖြစ် ပါကြောင်းနှင့် သောင်တူးဖော်ခြင်းကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ညှိနှိုင်းပြီး ယခုမိုးကုန်တွင် ဆောင်ရွက်နိုင်အောင် စီစဉ်ထားပါကြောင်း ပြန်လည်ဖြေကြားပါသည်။
