(ဃ)-မြစ်ချောင်းကမ်းထိန်းနံရံများ/ ရေကာတာများ တည်ဆောက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့်ရေရှည်ခိုင်ခံ့ ၍ အကျိုးရှိသော ကမ်းထိန်းနံရံများ/ရေကာတာများ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

41

မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသော တောတောင်များ ပျက်စီးဆုံးရှုံးလာမှုနှင့်အတူ ရာသီ ဥတုများ ဖောက်ပြန်လျက် မိုးခေါင်ရေကြီးမှုများ၊ သဘာဝဘေးအန္တရာယ်များကို မကြာခဏ တွေ့မြင်နေရပါကြောင်း၊ လူနေတိုက်တာ အဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ လယ်ယာမြေများကို ရေကြီးနစ်မြုပ်မှုများနှင့် ရေတိုက်စားမှုများမှ ကာကွယ်ရန် မြစ်ချောင်းကမ်း ထိန်းနံရံများ၊ ရေကာတာများကို တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ တည်ဆောက်ခဲ့သည့် ကမ်းထိန်းနံရံများ၊ ရေကာတာများကိုကြည့်လျှင် တည်ဆောက်ခဲ့သည့် နေရာ၏ မြေအနေအထား အမာခံရှိ/မရှိ၊ ဒေသခံပြည်သူများ၏ ရေ၊ မြေ သဘောသဘာဝတင်ပြချက်များကို အလေးမထားဘဲ တည်ဆောက်ခဲ့ကြ၍ အကျိုးမရှိဘဲ ပျက်စီးဆုံးရှုံးခဲ့ရသည့် မြစ်ချောင်းကမ်းထိန်းနံရံ အမြောက်အမြား ရှိခဲ့ပါကြောင်း၊ အထူးသဖြင့် မျောတိုင်တန်းကျောက်စီရေကာတာများ၊ ကမ်းထိန်းနံရံများသည် အပျက်အစီးများရခြင်းမှာ မျောများ၊ တိုင်များသည် မြေစိုက်မခံသည့် သစ်သားများကို အသုံးပြုခဲ့ကြသည့်အတွက် တစ်နှစ်တာကာလမျှ အသုံးမဝင်ပါကြောင်း၊ တည်ဆောက်ခဲ့သည့် ရေကာတာများကို ရေပြန်တိုက်စားခြင်းကြောင့် လူနေအိမ်များ ပြောင်းရွှေ့ရသည့်အဖြစ်များလည်း ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးနေခြင်းသည် ဒေသခံ ပြည်သူများ၏ တင်ပြချက် အကြံဉာဏ်များကို အလေးမထားဘဲ ပညာရှင်ဆိုသူများ၏ လွဲမှားသော စီမံ ဆောင်ရွက်မှုများကြောင့်ဖြစ်ပါကြောင်း၊ မိမိတို့ ချင်းတွင်းမြစ်ဘေးရှိ ကနီမျောတိုင်တန်းကျောက်စီ ရေကာတာပျက်စီးနေခြင်း၊ ရေဝချောင်း မျောတိုင်တန်း ကျောက်စီရေကာတာ ပျက်စီးနေခြင်းနှင့် ဝက်ချောင်းကလေး မျောတိုင်တန်း ပျက်စီး နေခြင်းသည် ရေစီးချောင်းများကို ကန့်လန့်ခံတည်ဆောက်ခဲ့သဖြင့် ရေထဲမျောပါ ပျောက်ဆုံး သွားသည့် ရေကာတာများ ဖြစ်ပါကြောင်း၊ မြစ်ချောင်းကမ်းထိန်းနံရံ ရေကာတာ လုပ်ငန်းများသည် အင်မတန်မှ အကုန်အကျများသဖြင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးနှင့် ရေရှည် အကျိုး ဖြစ်ထွန်းရန် အင်မတန် အရေးကြီးသည့်အတွက် ကမ်းထိန်းနံရံများ/ရေကာတာများ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

photoပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြစ်ချောင်းများ ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ချောင်းရေ လမ်းကြောင်းများ ပြောင်းလဲမှုကြောင့် မြို့ရွာများရေတိုက်စား ကမ်းပြိုမှုမှ ကာကွယ်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံ၏ မြစ်ကြီးများတွင် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုံလောက်စွာ မဆောင်ရွက်နိုင် ခြင်းကြောင့် ရေလမ်းကြောင်းပြောင်းလဲမှုများဖြစ်ပေါ်ပြီး ရေမွှာပေါက်များဖြစ်ထွန်းခြင်း၊ ကမ်းပြို ကမ်းစားခြင်းများ ဖြစ်ပေါ်ခြင်းတို့ကို ကြုံတွေ့နေရပါကြောင်း၊ ကမ်းပြိုကမ်းစားမှုများကို ကာကွယ် ထိန်းသိမ်းရန်အတွက် တိုက်ရိုက်ကာကွယ်ခြင်းနှင့် သွယ်ဝိုက်ကာကွယ်ခြင်းဆိုပြီး လုပ်ငန်း(၂)မျိုးဖြင့် ကာကွယ်ပေးနိုင်ပါကြောင်း၊

တိုက်ရိုက်ကာကွယ်ခြင်းမှာ ကမ်းပြိုမှုဖြစ်ပေါ်သောနေရာကို ကမ်းထိန်းနံရံ၊ ကမ်းထိန်းတမံများ တည်ဆောက်ပြီး ကာကွယ်ခြင်းဖြစ်ပြီး သွယ်ဝိုက်ကာကွယ်ခြင်းမှာ ကမ်းပြိုမှုဖြစ်ပေါ်သည့် နေရာတွင် ကာကွယ်ခြင်းမျိုးမဟုတ်ဘဲ မြစ်ရေလမ်းကြောင်း ပြောင်းလဲရန်အတွက် ရေလွှဲရေကာတည်ဆောက် ကာကွယ်ပေးခြင်းဖြစ်ပါကြောင်း၊

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ပြည်သူလူထု၏ တောင်းဆိုမှုများအရ ကမ်းပြို ကမ်းစားခံနေရသော တိုက်ရိုက်ကမ်းပြိုကာကွယ်ရေးဖြစ်သည့် ကမ်းထိန်းနံရံ၊ ကမ်းထိန်း တမံများဖြင့် အဓိကကာကွယ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသ ကြီး/ပြည်နယ် အစိုးရအသီးသီး၏ ရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းပေါင်း ၁၇၃ ခု ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ လိုလားချက်နှင့် ဆောင်ရွက်ပေးခဲ့ခြင်း လုပ်ငန်း ၅၆ ခု၊ ပြည်သူများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ လိုလားချက်အရ ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်း ၉၇ ခုနှင့် ရေအရင်းအမြစ်ဖြင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လိုလားချက်အရ ဆောင်ရွက်ခဲ့သည့် လုပ်ငန်း  ၂၀ ပါဝင်ပါကြောင်း၊ မိမိတို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လိုလားချက် ဆိုသည့် နေရာတွင် အရေးပေါ်သဘာဝ ဘေးအန္တရာယ်ကြောင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ နိုင်ငံတော် အကြီးအကဲများ၊ ဝန်ကြီးဌာနအကြီးအကဲများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ပြည်သူများက တိုက်ရိုက်တင်ပြသည့်အပေါ်မူတည်ပြီး လိုအပ်သလို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကစပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ မီးဘေးနှင့်သဘာဝ ဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ငွေလုံးငွေရင်းအသုံးစရိတ် ခေါင်းစဉ်အောက်မှ ကျခံ ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်မည့် အစီအမံနှင့်ဒီဇိုင်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်ရုံးများက ရေးဆွဲအဆိုပြုပြီး ရုံးချုပ်၏ စိစစ်အတည်ပြုချက်ဖြင့် ဆောင်ရွက်ကြပါကြောင်း၊ လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းတင်ဒါခေါ်ယူပြီး ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးက ဦးဆောင်သည့်အဖွဲ့နှင့် စိစစ်ကြီးကြပ်ရွေးချယ်ဆောင်ရွက်ပေးပါကြောင်း၊

ယခုကဲ့သို့ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ကမ်းပြိုသည့်အလျားကို ခွင့်ပြု ရန်ပုံငွေနှင့် လုံလောက်သည့် ကာကွယ်မှုပေးနိုင်အောင် ချင့်ချိန်တွက်ဆ၍ ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် မြစ်ချောင်းများ၏ သွင်ပြင်သဏ္ဍာန်ပြောင်းလဲမှု နည်းပါးစေမည့် ဒီဇိုင်းများနှင့်လည်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံနိုင်မှု အခြေအနေတို့အပေါ် မူတည်၍   ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေများနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းပေါင်း ၄၃၉ ခုအနက် ယိုယွင်းမှုဖြစ်ခဲ့သည့် လုပ်ငန်းပေါင်း ၃၆ ခုရှိခဲ့ပါကြောင်း၊ ယိုယွင်းမှုဖြစ်ပေါ်ခဲ့သည့် အချိန်သည် တည်ဆောက်ပြီး တစ်နှစ်ကျော် နောက်ပိုင်းမှဖြစ်ပေါ်ခြင်းဖြစ်ပါကြောင်းနှင့် ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်ခြင်းကြောင့် ယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ များသောအားဖြင့် သဘာဝကြောင့် ရေစီးကြောင်း ပြောင်းလဲခြင်းဖြစ်ပြီး တစ်ခါတရံ လူများ၏ လုပ်ဆောင်ချက်ကြောင့်လည်း ရေစီးကြောင်း ပြောင်းလဲပါကြောင်း၊ သဲ၊ ကျောက် လုပ်ငန်းရှင်များက အလေးဖိအားဒဏ် မခံနိုင်အောင် သယ်ယူခြင်း၊ ထို့နောက် ကားကြီး၊ ကားငယ်များဖြင့် ဆောင်ရွက်သည့်အခါတွင် ကမ်းပါးနားကပ်ပြီး ပြုလုပ်ခြင်းတို့ ကြုံတွေ့ရပါကြောင်း၊

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ရန်ပုံငွေတင်ပြတောင်းခံမှုနှင့် ခွဲဝေရရှိမှု ပုံစံများအရ ကန့်သတ်ချက်များရှိဖြင့် ရန်ပုံငွေများစွာ ဆုံးရှုံးရမည့် အာမခံရှိသည့် ဒီဇိုင်းများနှင့် ဆောင်ရွက်ရမည့်အစား ထပ်မံတိုက်စားမှုမခံရစေရေးနှင့် ရန်ပုံငွေချွေတာရေးဖြစ်သည့် Low cost design မူဖြင့် ဆောင်ရွက်သည့် စနစ်ကျင့်သုံးခဲ့ရပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် နိုင်ငံတကာ နည်းပညာ အကူအညီများ၊ ကွန်ပျူတာအသုံးချနည်းစနစ်များနှင့် အားဖြည့်ဆောင်ရွက် ရမည် ဖြစ်သည့်အတွက် လုံလောက်သည့် ရန်ပုံငွေများခွင့်ပြုပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ရေရှည်ခိုင်ခံ့သည့် ကမ်းထိန်းနံရံများ၊ ရေကာတာများဖြစ်စေရန်အတွက် ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနှင့် ဒီဇိုင်းတွက်ချက်ရာတွင် မြေကြီးဂုဏ်သတ္တိ (Soil Properties) အတွက် Soil Test  စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ရေလမ်းကြောင်းအနေအထား သိရှိရန်အတွက် bathymetric  survey ဟုခေါ်သည့် မြစ်ချောင်းကြမ်းပြင်ကို လေ့လာတိုင်တာခြင်းများ ပြုလုပ်ပြီး ဒီဇိုင်းရေးဆွဲ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးထွန်းထွန်းနိုင် (ကနီမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကမ်းထိန်းလုပ်ငန်းများအတွက် ယခင်အစိုးရက ချပေးသည့် ငွေကြေးဖြစ်စေ၊ ယခုအစိုးရ လက်ထက်တွင်ချပေးသည့် ငွေကြေးဖြစ်စေ ပမာဏနည်းပါးခြင်း မရှိပါကြောင်းနှင့် သိန်းပေါင်း ထောင်ချီ၍ ဘက်ဂျက်ချထားဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ များစွာ ရှိပါကြောင်း၊ ထို့ကြောင့် ချပေးသည့် ငွေကြေးနည်း၍ ပျက်စီးခြင်းဆိုသည်မှာ အဆင်မပြေပါကြောင်း၊ ကျောက်စီရေကာတာ များကို မြေအနေအထား မလေ့လာဘဲ မြေအမာခံမရှိသည့် လုံးတင်မြေများကိုမှ ဆောင်ရွက်ခဲ့သည့် အနေအထားများ ရှိပါကြောင်း၊ လာမည့် ဘတ်ဂျက်နှစ်များတွင် တည်ဆောက်မည့် လုပ်ငန်းများ ဖြစ်သည့် မျောတန်းကျောက်စီ၊ ကျောက်စီရေကာတာစသည်တို့ကို တိတိကျကျ ခိုင်ခိုင်ခံ့ခံ့ဖြစ်အောင် ယခုငွေများနှင့် ယခုချပေးသည့် ငွေပမာဏဖြင့် သေသေချာချာလုပ်မည်ဆိုပါက ဖြစ်နိုင်ပါကြောင်းဖြင့် အကြံပြုဆွေးနွေးသည့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်နှင့် ရေရှည်ခိုင်ခံ့အောင် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကမ်းပြိုလုပ်ငန်းများကာကွယ်ရန် သွားရောက်စစ်ဆေးသည့်အခါ ဒေသခံပြည်သူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ထိရောက်စွာ ဆောင်ရွက်နိုင် ရေးအတွက် လိုအပ်သည့်လမ်းညွှန်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားသည့် အကြံပြုချက် များကို အလေးထားထည့်သွင်းစဉ်းစားပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်လင်း ဖြေကြားပါသည်။