ကျောက်တော်မြို့နယ်သည် ဧရိယာစတုန်းရန်းမိုင်ပေါင်း ၆၀၀ ကျော်၊ လူဦးရေ ၂ သိန်းကျော် နေထိုင်လျက်ရှိပြီး ကုလားတန် (ခေါ်) ကစ္ဆပနဒီမြစ် ၊ ပီချောင်း၊ ရိုးချောင်း၊ ယွန်းချောင်း၊ တသချောင်း စသည့် မြစ်ချောင်း များတွင် ကျေးရွာ များစွာက အဓိက နေထိုင်ကြ ပါကြောင်း၊အဆိုပါ ချောင်းများ တစ်ဆင့် ကျောက်တော်မြို့နယ် အနှံ့စီးဆင်းနေသည့် ချောင်းတက်များလည်းရှိ ပါကြောင်း ၊ ကျောက်တော် မြို့နယ် အနေဖြင့် အဓိက စိုက်ပျိုးရေးကိုသာ အားထားနေသည့် မြို့ဖြစ်ခြင်း၊ တစ်ရွာနှင့် တစ်ရွာ၊ တစ်ဒေသနှင့်တစ်ဒေသ ကူးလူးဆက်ဆံရောင်းဝယ် ဖောက်ကားရာတွင် လမ်းပန်း ဆက်သွယ်ရေးအဖြစ် မြစ်ချောင်းများကိုသာ အားကိုးအားထား ပြုနေရခြင်း၊ နွေ၊ မိုး၊ ဆောင်း ရာသီ သီးနှံများကိုလည်း မြစ်ရေကိုသာ အကြောင်းပြု စိုက်ပျိုးခြင်းတို့ကြောင့် အဆို ပါ ချောင်းတက်လေးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကောလာခြင်းသည် ကျောက်တော်မြို့နယ်အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ လမ်းပန်းဆက်သွယ်ရေးများတွင် အခက်အခဲတွေများစွာ ကြုံတွေ့ လာသည်ကို တွေ့ရှိပါကြောင်း၊ ထို့ပြင် ကျောက်တော်မြို့နယ်၏ ရေကြီးရေလျှံဖြစ်စေသည့် အခြေခံအကြောင်း တရားများတွင်လည်း အဆိုပါ ချောင်းတက်များ တိမ်ကောလာခြင်းသည် အဓိက အကြောင်းတရားတစ်ခု ဖြစ်ပါကြောင်း၊ တစ်လလျှင် မိုးရေချိန်လက်မ ၄၀၊ ၅၀ ရွာသည့် ကျောက်တော်မြို့နယ်တွင် မိုးရေများကို လွတ်လပ်စွာ စီးဆင်းနိုင်မည့် အခြေအနေမရှိသည့်အတွက် တစ်နှစ်လျှင် မိုးရေချိန်များလျှင် များသလို၊ မိုးအကြိမ်ရေများလျှင်များသလို ကျောက်တော်မြို့နယ်အနှံ့ ရေကြီးရေလျှံဖြစ်ခြင်း၊ လယ်မြေ၊ စိုက်ပျိုးရေးများ ဆုံးရှုံးနစ်နာခြင်းများကို မြောက်များစွာ ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့နယ်အတွက် အဓိကအမှီပြု လုပ်ကိုင်စားသောက်နေကြသည့် သတီချောင်း၊ ပေါက်လေဂေါတော့မနီချောင်း၊ ဝေတက်ချောင်း၊ တောင်ပေါက်ချောင်း၊ ဇဏီတောင်နှင့် တောင်မဇီကြားချောင်း၊ ကွင်းအူချောင်းများကို ပြန်လည်တူးဖော်ပေးရန်နှင့် စပ်လျဉ်း၍ မေးရမြန်းရခြင်း ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနှံ့တွင် ရေပေးဝေရေးလုပ်ငန်းများအတွက် ဆည်ကြီးများ၊ မြစ်ရေတင် စီမံကိန်းများအတွက် စက်ယန္တရားကြီးများ အသုံးပြုပြီး နိုင်ငံ့ဘတ်ဂျက် ဘီလီယံပေါင်းများစွာကို အသုံးပြုနေရသည့်အချိန်တွင် မိမိတို့ ဒေသခံ များအတွက်အကျိုးပြုလျက်ရှိသော အဆိုပါချောင်းတက်များကို တူးဖော်ပေးခြင်းအားဖြင့် သဘာဝအရင်းအမြစ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဒေသခံများ၏ အကျိုးကို ကူညီရာရောက်ခြင်း ၊ ရေဘေး ဒုက္ခဖြစ်လာပါက နိုင် ငံတော်က သုံးစွဲရသည့် ကူညီကယ် ဆယ်ရေးဘတ်ဂျက်ငွေများ များစွာသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများကို ခံစားရမည့် ဖြစ်သည့်အတွက် အဆိုပါ ချောင်းတက်များကို တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ချောင်းများအနက် လက်တက်ငယ်ပေါင်းများစွာ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ကစ္ဆပနဒီမြစ်(ကုလားတန်မြစ်) အတွင်း သို့စီးဝင်လျက်ရှိပါကြောင်း ၊ ကျောက်တော်မြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက် ထိန်းသိမ်းထားသော ပြိုင်းချောင်း ဆည်ရေသောက် ဧရိယာအတွင်း ဖြတ်သန်း စီးဆင်းလျက် ရှိသော ပြိုင်းချောင်း ၄.၅ မိုင်၊ ပီကောက်ချောင်း ၇.၅ မိုင်နှင့် ၎င်းချောင်းအတွင်းသို့ စီးဝင်လျက်ရှိသော ချောင်းများဖြစ်သည့် ငါးသရွေးချောင်း ၃.၅ မိုင်၊ ပေါက်တောချောင်း ၃.၅ မိုင်၊ ပင်ဇိုင်းချောင်း ၂ မိုင်၊ တောင်ထောင်ချောင်း ၁.၅ မိုင်၊ ရွှေမောင်ချောင်း ၃ မိုင်၊ မတင်ချောင်း ၄.၅ မိုင် ဟူ၍ ချောင်းနှင့် ချောင်းလက်တက် ၈ ခုရှိပါကြောင်း၊
အဆိုပါချောင်းများအနက် အဓိကချောင်းမကြီးဖြစ်သော ပီကောက်ချောင်း ၇.၅ မိုင်အား ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ရေးဦးစီးဌာနမှ တူးဖော်ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ကျန်ချောင်း လက်တက် ၇ ခုအား ဆက်လက်တူးဖော်ရန် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် အစိုးရ ရန်ပုံငွေမှ ငွေကျပ် ၂၄၈.၂၉၃ သန်း ခွဲဝေရရှိပြီးဖြစ်၍ ပွင့်လင်း ရာသီတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
ကျေးရွာအချင်းချင်း ရေကြောင်းဖြင့် ဆက်သွယ်သွားလာနိုင်ရေးအတွက် ကျောက်တော် မြို့နယ်၊ အုန်းပတီကျေးရွာအုပ်စု၊ တူးမြောင်းရွာအနီးရှိ တူးမြောင်းချောင်းအလျား ၁၀၀၀၀ ပေ တူးဖော်ခြင်း လုပ်ငန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။
ဆက်လက်၍ သရီချောင်းကောက်ကို အကောက်ကို ပြန်ဖြောင့်အောင် တူးဖော်ပေးရန်နှင့် စပ်လျဉ်း၍ ကျောက်တော်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော သရီချောင်းသည် ချောင်းရိုးကွေကောက်မှု လွန်စွာများပြား သည့်အပြင် ရေနုတ်နိုင်မှု အားနည်းလျက်ရှိပါသောကြောင့် တူးဖော်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သရီချောင်းတူးဖော်ရာတွင်ချောင်းရိုကွေ့ကောက်လွန်းသောအပိုင်းများအား ချောင်းဖြောင့်၍ တူးဖော်ရ မည်ဖြစ် သဖြင့် ချောင်း ရိုးတူးဖော်မည့် ဧရိယာနှင့် မလွတ်ကင်းသော လယ်မြေနှင့် သီးနှံများအတွက် သက်ဆိုင်ရာဒေသခံ လယ်သမားများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ စိစစ်သုံး သပ်ထောက် ခံခြင်းများကို ဆောင်ရွက်ပြီးမှသာ လိုအပ်သည့်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းအားဆောင်ရွက်၍ လိုအပ်သော ရန်ပုံငွေ တင်ပြတောင်းခံပြီး့ ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ မိုးရာသီ၌ ရေကြီးနစ်မြုပ်ခြင်းမှ လျော့ပါး သက်သာစေရန်နှင့် ဒေသတွင်း ရေလမ်းသွားလာရေးလွယ်ကူချောမွေ့စေရန် နွေရာသီတွင် ရေပြတ်လပ်မှု မရှိစေရန်တို့ အတွက် ပီကောက်ချောင်း၏လက်တက်ချောင်း ၇ ခုအား ယခုမိုးရာသီအကုန် ပွင့်လင်းရာသီတွင် အမြန်ပြီးဆုံးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
