(င)-နေပြည်တော်-ကျိုင်းတုံ အသွားအပြန် လေ ယာဉ်ခရီးစဉ်ကိုတစ်ပတ်လျှင်အနည်းဆုံး(၁)ကြိမ်ပြေး ဆွဲ ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၇.၂.၂၀၁၇)

ဦးစတီဖန် (ကျိုင်းတုံ)ကျိုင်းတုံမြို့သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သော်လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ကဲ့သို့ဖြစ်ပြီး ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ် ရေးမှူးရုံးစိုက်ရာ ပြည်နယ်ရုံးခွဲနှင့် အခြားပြည်နယ်ရုံးခွဲများ ရုံးစိုက်ရာမြို့ဖြစ်ပါတယ်ကြောင်း၊ သန်လျင်ရပ်ခြားရှိ ကိုးမြို့နယ်တွင်ရှိသော မြို့ဝန်ထမ်းများသည် လည်း ဒေသပေါင်းစုံမှ လာရောက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ စစ်ဌာနချုပ်အခြေစိုက်တဲ့မြို့လည်းဖြစ်ပါကြောင်း၊ ကိုးမြို့နယ်ရှိ ဝန်ထမ်းများ အပြင် တပ်မတော်အရာရှိ၊ အရာခံများသည်လည်း နေပြည်တော်သို့မကြာခဏ အစည်းအဝေး တက်ရောက်ခြင်း၊ သင်တန်းတက်ရောက်ခြင်းများကို မကြာခဏလာရောက်ရပါကြောင်း၊

 ထိုသို့ လာရောက်ရာတွင် ကျိုင်းတုံ-နေပြည်တော်၊ နေပြည်တော်-ကျိုင်းတုံ လေယာဉ်ခရီးစဉ်မရှိသည့် အတွက် ကျိုင်းတုံမှ ဟဲဟိုး-ကျိုင်းတုံ-မန္တလေး တံတားဦးလေဆိပ် ကျိုင်းတုံ-ရန်ကုန်-မင်္ဂလာဒုံ လေဆိပ်၊ ထိုမှ တစ်ဖန် ထိုမြစ်ဝန်းများတွင်ရှိသော အဝေးပြေးကားဂိတ်များမှ နေပြည်တော်သ့ို ထပ်ဆင့်လာရောက်နေရသည့်အပြင် လေယာဉ် ဆိုက်ရောက်မည့်အချိန်ကို ကြိုတင်မသိနိုင်ခြင်း ကြောင့် ကားလက်မှတ်များကို ကြိုတင်ဝယ်ယူ၍ မရပါနိုင်ပါကြောင်း၊

ယခင်က ကျိုင်းတုံ-နေပြည်တော်၊ နေပြည်တော်-ကျိုင်းတုံခရီးစဉ်ရှိခဲ့သော်လည်း ယခုမြန်မာ အမျိုးသားလေကြောင်းပေါ် လာပြီးနောက်တွင် ကျိုင်းတုံ-နေပြည်တော်၊ နေပြည်တော်-ကျိုင်းတုံ လေယာဉ် မရှိတော့သည့်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုးမြို့နယ်နှင့် မက်မန်း အပါအဝင် ၁၀ မြို့နယ်တွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် သွားလာရေးတွင် အခက်အခဲ များစွာ ကြုံတွေ့နေရပါကြောင်း၊

ထို့ကြောင့် နေပြည်တော်-ကျိုင်းတုံ အသွားအပြန်တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် လေယာဉ် ပြေးဆွဲပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊  အကယ်၍ နေပြည်တော်-ကျိုင်းတုံ ခရီးစဉ်ကို တစ်ပတ် လျှင် တစ်ကြိမ်ပြေးဆွဲပေးနိုင်ခြင်း မရှိနိုင်ပါက  ကျိုင်းတုံ- ဟဲဟိုး- ရန်ကုန်၊ ရန်ကုန်- ဟဲဟိုး- ကျိုင်းတုံ ခရီးစဉ်မျိုးတွင် နေပြည်တော်ခရီးစဉ်အတွက် ရန်ကုန်- ကျိုင်းတုံနှုန်းထားအတိုင်း ရောင်းချပေးပြီး နေပြည်တော်- ဧလာလေဆိပ်တွင် တက်ရောက်စီးနင်းခွင့် ပြုပေးနိုင်ခြင်း ရှိ/မရှိနှင့် ရန်ကုန်- မန္တလေး- ကျိုင်းတုံ၊ ကျိုင်းတုံ- မန္တလေး- နေပြည်တော် ခရီးစဉ်များ ကျိုင်းတုံ- ရန်ကုန်၊ ရန်ကုန်- ကျိုင်းတုံ လေယာဉ်နှုန်းထားအတိုင်း နေပြည်တော် ခရီးစဉ်ကို ရောင်းချပေးပြီး နေပြည်တော်တွင် တက်ရောက် စီးနင်းခွင့် ပြုပေးနိုင်ခြင်းရှိ/မရှိ တို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုးမြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပြည်တွင်းခရီးစဉ်များပျံသန်း ပြေးဆွဲလျက် ရှိသော နိုင်ငံတော်ပိုင်လေကြောင်းလိုင်းတစ်လိုင်းနှင့် ပုဂ္ဂလိကလေကြောင်းလိုင်း ၉ လိုင်း စုစုပေါင်း ၁၀ လိုင်းရှိပါကြောင်း၊ လေကြောင်းလိုင်းများအနေဖြင့် အဓိက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေပြုပြီး  မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်များကိုလည်း အခြေပြု ပျံသန်း သည့် လေကြောင်းလိုင်းများလည်း ရှိပါကြောင်း၊

နိုင်ငံတော်ပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် ပြည်တွင်းမြို့ ၂၈ မြို့နှင့် စင်္ကာပူ၊ ချင်းမိုင်၊ ဘန်ကောက်၊ ဟောင်ကောင်မြို့များသို့ ပြည်ပခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပါကြောင်း၊ မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် စီးပွားရေးဆန်ဆန်ဆောင်ရွက်ပြီး နိုင်ငံတကာ အဆင့်မီ လေကြောင်းလိုင်းအဖြစ်ရပ် တည်နိုင်ရန် ရည်ရွယ်ကာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေကို တောင်းခံခြင်း မပြုဘဲ မိမိဝင်ငွေဖြင့် ရပ်တည်ဆောင်ရွက်လျက်ပါကြောင်းနှင့် ယခင်က အသုံးပြုလျက်ရှိသော Fokker လေယာဉ်ဟောင်းများနေရာတွင် Boeing၊ ATR ကဲ့သို့ ခေတ်မီလေယာဉ်များကို ငှားရမ်းခြင်း၊ ဝယ်ယူခြင်းတို့ပြုလုပ်၍ အစားထိုးခြင်း၊ ATR လေယာဉ်အကြီးစားပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံ တည်ဆောက်ခြင်း စသည်‌့ရင်းနှီးမြှုပ်နှံမှုများကို လေကြောင်းလိုင်း၏ ဝင်ငွေအပြင် ထပ်မံလိုအပ်သည်‌့ ငွေများကို အမေရိကန်နိုင်ငံ GECAS CO.,Ltd ထံမှ ချေးယူ၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသည်‌့ကာလဖြစ်ပါကြောင်း၊

ထိုသို့ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားရခြင်းကြောင့် ယခုအချိန်တွင် အသုံးစရိတ်များပြီး ဝင်ငွေနှင့် မျှတခြင်း မရှိပါသောကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်သည့် ခရီးသည်များကို ပြေးဆွဲခြင်း မပြုဘဲ ရပ်ဆိုင်းထားရပါကြောင်း၊ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ  နေပြည်တော်-ကျိုင်းတုံခရီးစဉ်ကို တစ်ပတ်လျှင် ၂ ရက် ပြေးဆွဲပေးခဲ့ရာ ခရီးသည်ရရှိမှုအနေဖြင့် ၁၀ ဦးမှ ၁၅ ဦး ခန့်သာရရှိပါသောကြောင့် ပျံသန်းမှုကုန်ကျစရိတ်ကို  ကာမိခြင်းမရှိသည်‌့အတွက် ရပ်နားခဲ့ရခြင်း ဖြစ်ပါကြောင်း၊ အလားတူပုဂ္ဂလိကပိုင်လေကြောင်းလိုင်း ၉ လိုင်းအနေဖြင့်လည်း စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိသည်‌့ နေပြည်တော်-ကျိုင်းတုံခရီးစဉ်ကို ပြေးဆွဲနိုင်ခြင်းမရှိပါကြောင်း၊

မြန်မာ အမျိုးသားလေကြောင်းလိုင်းအနေဖြင့် ရန်ကုန်- ကျိုင်းတုံ တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ် ၃ ရက်၊ မန္တလေး- ကျိုင်းတုံတိုက်ရိုက်ခရီးစဉ်ကို တစ်ပတ် ၃ ရက်၊ ရန်ကုန်- ဟဲဟိုး- ကျိုင်းတုံခရီးစဉ်ကို တစ်ပတ် ၃ ရက် အသီးသီးပြေးဆွဲပေးလျက် ရှိပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ရန်ကုန်- နေပြည်တော်ခရီးစဉ်အတွက် ဝန်ထမ်းများကို  ပုံမှန် ၇၈၀၀၀ နှုန်းထားမှ လျှော့ချ၍ ၄၀၀၀၀ နှုန်းဖြင့် ပျံသန်းပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော်-ကျိုင်းတုံအသွား အပြန်လေယာဉ် ခရီးစဉ်ကို ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင် ပြေးဆွဲနိုင်ခြင်းမရှိသေးပါကြောင်း၊ ရန်ကုန်- ဟဲဟိုး၊ ရန်ကုန်- မန္တလေး- ကျိုင်းတုံ ခရီးစဉ်တွက် နေပြည်တော်သို့ ဆင်းသက်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် စီးပွားရေး ဆန်းစစ်လေ့လာမှုများကို ပြုလုပ်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။