(စ)-မယ်စဲ့မြို့နယ်တွင်MPTတာဝါတိုင်ထပ်မံတိုးချဲ့ တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅.၁၀.၂၀၁၇)

ဦးသန်းလင်းလင်း (မယ်စဲ့)ဆက်သွယ်ရေးသည် မြို့တစ်မြို့ အမြန်ဖွံ့ဖြိုးရန်အတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ မိမိတို့မြို့သည် ကယားပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်ရှိသည့်အနက် ဖွံ့ဖြိုးမှု အနောက်ကျ ဆုံးမြို့ဖြစ်ပါကြောင်း၊ ယခုအခါ ကျေးလက်နေ ပြည်သူလူထုများသည် တစ်မြို့နယ်လုံး အတိုင်း အတာနှင့် တယ်လီဖုန်းဆက်သွယ်နိုင်ရန်နှင့် အင်တာနက်လိုင်းကောင်းမွန်နိုင်ရန်အတွက် တောင်းဆို လျက် ရှိပါကြောင်း၊ ယခင်က ဖုန်းတာဝါတိုင် တည်ဆောက်စဉ်က ဟိုစဲကျေးရွာတွင် ဖုန်းလိုင်း မိခဲ့သော်လည်း 4G အင်တာနက်တိုင်ကိုလာရောက်အဆင့်မြှင်‌့တင်ခဲ့ပြီးသည့်နောက်ပိုင်းတွင် ဖုန်းလိုင်း များ ပြတ်တောက်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေးဌာနမှ သက်ဆိုင်သူကို မေးမြန်းခဲ့ရာ ကိုးလပိုင်းကုန်ပါက တာဝါတိုင် လာရောက် တပ်ဆင်တိုးချဲ့ထောင်မည်ဟု သိရှိရပါ ကြောင်း၊  

မယ်စဲမြို့နယ်သည် MPT တာဝါတာတစ်တိုင်ကိုသာ အားကိုးသုံးစွဲနေခြင်းကြောင့် မယ်စဲမြို့ပေါ်သာ လျှင် ဆက်သွယ်ရေးကောင်းမွန်၍  မြို့ဘေးရှိရွာအနေဖြင့် တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများ ကောင်းမွန်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မယ်စဲမြို့ကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် MPT တာဝါတိုင်ထပ်မံတိုးချဲ့တပ်ဆင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် စတင်အကောင်အထည်ဖော်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကယားပြည်နယ် အတွင်း တည်ဆောက်ဖွင့်လှစ်၍ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည့် GSM-3G စခန်း ၅၆ ခုအနက် မယ်စဲမြို့ပေါ်တွင် GSM-3G စခန်းတစ်ခုကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်နေတွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ အလားတူ တယ်လီနောမြန်မာလီမိတက်မှ ကယားပြည်နယ်အတွင်း GSM-3G စခန်း ၅၆ ခုနှင့် အော်ရီဒူးမြန်မာလီမိတက်မှ GSM စခန်း ၃၇ ခုတို့ကို တည်ဆောက်ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

တာဝါတိုင်အများစုသည် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်စသည့် လူဦးရေ အများဆုံးနေထိုင်သည့် ဒေသများတွင် ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မယ်စဲမြို့နယ် အတွင်း ဆက်သွယ်မှုပိုမိုကောင်းမွန်စေရန် ဟိုစဲရွာ၌ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင်တစ်တိုင်ထပ်မံတိုးချဲ့တည်ဆောက်ပြီး GSM-3G စခန်းဖွင့်လှစ် ကာ မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိပါ ကြောင်း၊

 သို့ဖြစ်ပါ၍ ကယားပြည်နယ်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောမြန်မာလီမိတက်နှင့် အော်ရီဒူးမြန်မာလီမိတက်တို့မှ GSM-3G စခန်းများ တည်ဆောက်ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိသည့်အခြေအနေနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မယ်စဲမြို့နယ်၊ ဟိုစဲရွာ၌ GSM-3G စခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ရန် လျာထားချက်တို့ကိုတင်ပြအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။