ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ် ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ လျှပ်စစ်မီးမကောင်းခြင်းနှင့် ဖုန်းလိုင်းဆက်သွယ်ရေးမကောင်းခြင်းနှင့် ပညာရေးတွင်လည်း အနိမ့်ဆုံးအခြေအနေ ဖြစ်နေပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ် ပညာသင်နှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းက ၃၇ ရာခိုင်နှုန်းရှိခဲ့သော်လည်း ချင်းပြည်နယ်တွင် ၁၇ ရာခိုင်နှုန်းရှိပြီး မတူပီမြို့နယ်မှာ ၇ ရာခိုင်နှုန်းသာ ရှိနေပါကြောင်း၊ ထိုသို့ ဖြစ်နေသည်မှာ သက်ဆိုင်ရာဘာသာပြ ဆရာ/မများ လုံလောက်စွာမရှိခြင်းနှင့် ကျောင်းဆောင်မလုံလောက်မှုဖြစ်နေပါကြောင်း၊ ယနှစ်တွင် ကျောင်းသားပေါင်း ၃၈၀ ကျော်အထိ လက်ခံထားပြီး ကျောင်းသားများ တိုးပွားလာခြင်းကြောင့် ပေ ၁၀၀ ထ ပေ ၃၀ ကျောင်းဆောင်တစ်ဆောင် တည်းသာရှိပါကြောင်း၊ KG ကျောင်းဆောင်မရှိသည့်အတွက်ကြောင့် KG အတန်းမှ အဋ္ဌမတန်းအထိ အတန်းပေါင်း ၉ တန်းရှိသော်လည်း မဆံ့သည့်အတွက်ကြောင့် KG တန်းကို ရွက်ဖျဉ်တဲထိုးပြီးမှ အောက်တွင် တမံတလင်းခင်းပြီး ကျောင်းတက်ခိုင်းရပါကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်မလုံလောက်သည့်အတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘပြည်သူများ ပူးပေါင်းပြီး သွပ်မိုးသွပ်ကာကျောင်းဆောင်သစ် တည်ဆောက်ရသည့်အနေ အထားရှိပါကြောင်း၊ မတူပီ အရှေ့ခိုဘွေအ.လ.က ကျောင်း (ခွဲ) ၏ ကျောင်းဆောင်သည် မနှစ်တုန်းက KG ကျောင်းကို ရွက်ဖျဉ်တဲနှင့်ဆောက်လုပ် ထားခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အ.လ.က(ခွဲ) အရှေ့ခိုဘွေကျောင်းဆောင်အား ပေ ၁၀၀ထ ပေ ၃၀ နှစ်ထပ်ဆောင် RCC ဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ကျောင်းအဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကျောင်းဆောင်အဆင့် တိုးမြှင့်ပေးရန် သတ်မှတ်ချက်မူအရ ပြည့်မီခဲ့ပါသဖြင့် အဆင့်တိုးမြှင့်ပေးခဲ့သော ကျောင်းများမှာ ၄၁၂ ကျောင်းရှိပါကြောင်း၊ သတ်မှတ်မူနှင့် ပြည့်မီသူမရှိသော်လည်း ဒေသလိုအပ်ချက်အရလည်းကောင်း၊ ပင်မကျောင်းနှင့် သတ်မှတ်ခရီးကွာဝေးမှု ရှိနေလျှင်သော် လည်းကောင်း၊ ကျောင်းသား/သူများ သင်ကြားမှု၊ သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရန်အတွက် လည်းကောင်း၊ ဖြေလျှော့တိုးမြှင့်ပေးခဲ့သည့် အခြေခံပညာကျောင်း ပေါင်းမှာ ၄၆၈၇ ကျောင်းဖြစ်သည့်အတွက် စုစုပေါင်း အခြေခံပညာကျောင်း ပေါင်း ၅၀၉၉ ကျောင်းကို သက်ဆိုင်ရာကျောင်းအဆင့် အသီးသီးသို့ အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ အဆိုပါ အဆင့်တိုးမြှင့်ပေးမှုတွင် မတူပီမြို့နယ်မှ အခြေခံပညာမူလတန်းလွန်ကျောင်း ၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၁ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၆ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၀ ကျောင်း အဆင့်တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အခြေခံပညာအလယ် တန်းကျောင်းခွဲမှ အခြေခံပညာ အလယ်တန်းကျောင်း (Session) အဖြစ် အဆင့်တိုးမြှင့်နိုင်ရန် လယ်။ဆင့်သင်ကျောင်းသား/သူ ၂၄၀ ဦး အထက်ရှိရန်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများ၊ သဘာဝဘေးအန္တရာယ် အတားအဆီးရှိသော ဒေသများဖြစ်ပါက ပင်မကျောင်းနှင့် (၂) မိုင်အထက် ကွာဝေးခြင်း၊ သွားလာရသော မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း၊ အဆင့်မြင့်ကျောင်းနှင့် (၃) မိုင်အထက် ကွာဝေးခြင်းများဖြစ်ရန် မူအားဖြင့် သတ်မှတ်ထားပါကြောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ် အရှေ့ခိုဘွေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စုစုပေါင်းအလယ်။ဆင့်သင် ကျောင်းသား/သူ ၁၅၁ ဦးသာ ရှိပါကြောင်း၊ ထို့အပြင် ပင်မကျောင်းဖြစ်သည့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း မတူပီနှင့်ကုန်းလမ်းခရီး (၄) ဖာလုံ အကွာအဝေးရှိသဖြင့် ဒေသတွင်း စစ်ဆေးရာ ဦးစားပေးအဖြစ် ပါရှိခဲ့ခြင်းမရှိပါကြောင်း၊ သို့သော်လက်ရှိ ယင်းကျောင်းသည် အထက်တန်း ပညာအဆင့်ထိ သင်ယူမှုအခွင့်အလမ်းရရှိနေသည့် အခြေအနေဖြစ်ပါကြောင်း၊
ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် မတူပီမြို့နယ်အတွက် ငွေကျပ်သိန်းပေါင်း ၂၀၅၀ ခွဲဝေ ချထားပြီး ဖြစ်ပါကြောင်း၊ အရှေ့ခိုဘွေကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းဆောင် အနေဖြင့် (၉၀×၃၀) ပေ သွပ်မိုးများတစ်ထပ်ဆောင်၊ (၃၀×၂၀) ပေ သွပ်မိုးသွပ်ကာ တစ်ထပ်ဆောင် စုစုပေါင်း ၂ ဆောင်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြခဲ့သည့် ကျောင်းဆောင်လိုအပ်မှု ဆောင်ရွက်ပေးရန် ၂၀၁၇-၁၈ ယခုဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ လျာထားသတ်မှတ်ထားခြင်း မရှိပါကြောင်း၊ သို့သော် လိုအပ်သည့် အဆောက်အဦအတွက် ကျောင်း အကျိုးတော်ဆောင်၊ ကျောင်းအုပ်ကြီးနှင့်မြို့နယ်ပညာရေးမှူးတို့ ပေါင်းစပ်ညှိနှိုင်းပြီး (၃၀×၃၀) ပေ သွပ်မိုးသွပ်ကာ စာသင်ခန်းတစ်ခန်း ဆောက်လုပ်ပြီး သင်ကြားရေးဆောင်ရွက်ပေးရန် စီစဉ်ထားပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေများလျာထားချက် ဆောင်ရွက်သည့်အချိန်တွင် အဆိုပါကျောင်းတွင် ကျောင်းဆောင်သစ် ၁ ဆောင် ဆောက်လုပ်နိုင်ရေးအတွက် ဘဏ္ဍာငွေလျာထားရန် စီစဉ်ပြီးဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးပါထန်း (မတူပီမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
တစ်ဆက်တစ်စပ်တည်း မိမိမေးလိုသည်မှာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးခဲ့သည်ဟု ဆိုသော်လည်း ဘတ်ဂျက်လျာထားသည့်အချိန်တွင် များသောအားဖြင့်က ပြည်မ၏ဘတ်ဂျက်ဖြင့် ဝေးလံခေါင်ဖျားသည့် တောင်တန်းဒေသ၏ဘတ်ဂျက်နှင့် အတူတူလျာထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဝေးလံခေါင်ဖျားသည့်ဒေသ၏ စရိတ်ကစ၊ သယ်ယူစရိတ်၊ ကုန်ပစ္စည်းမြင့်မားမှုများကြောင့် အဆောက်အဦများသည် Quality မပြည့်မီဘဲဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်များ တည်ဆောက်သည့်အခါ ဝေးလံခေါင်ဖျားသည့်ဒေသတွင် ပိုမိုပြီး ဘတ်ဂျက် လျာထားပေးရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဘတ်ဂျက်လျာထားရာတွင် ဘတ်ဂျက်တွက်ချက်မှုအတွက် စံ (PAE-Plant Area Estimation) ရှိပါကြောင်း၊ မိမိတို့ဘတ်ဂျက်လျာထားရာတွင် စံသတ်မှတ်ချက် (PAE) ဘောင်အတွင်းက လျာထား၍ ရပါကြောင်း၊ ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ ဒေသအလိုက် လုပ်အားခကွာခြားမှု၊ ဆောက်လုပ်ရေးပစ္စည်း ကွာခြားမှု၊ ဒေသအခြေအနေနှင့်ပလိုက်လျောညီထွေအောင် Plant Level မြှင့်တင်ရခြင်းတို့၊ လိုအပ်ချက်တွဲပြီး ဆောက်လုပ်ရခြင်း စသဖြင့် လိုအပ်ချက်များ ရှိနေရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ မူဝါဒက မူလဘတ်ဂျက်လျာထားချက် (BE) လျာထားရာတွင် သတ်မှတ်ထားသည့် စံနှုန်း (Plant Level Area Estimation) အရသာ လျာထားပါကြောင်း၊ ဘတ်ဂျက်ကျလျှင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦများ ဦစီးဌာနကို လုပ်ငန်းအပ်နှံပါကြောင်း၊ အဆောက်အဦများဦးစီးဌာနကနေ သက်ဆိုင်ရာဒေသတွင်း ပေါက်ဈေးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ဈေးနှုန်းသတ်မှတ်အတည်ပြုချက်များ၊ ဒေသလိုအပ်ချက်အရ ပြုပြင်ဖြည့်စွက်ရသည့်လုပ်ငန်းများကို ပြန်လည်စိစစ်ပြီး ဖြည့်စွက်တွင် ပြန်လည်တောင်းခံပါကြောင်း၊ မူလလျာထားရာတွင် သတ်မှတ်ထားသည့် ဘောင်အတွင်း ဘတ်ဂျက်စတင် လျာထားရပါကြောင်းနှင့် လက်တွေ့ဆောင်ရွက်သည့်အခါတွင် လိုအပ်သည့်လုပ်ငန်း ပမာဏအလိုက် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာပညာရေးမှူး၊ သက်ဆိုင်ရာဆောက်လုပ်ရေး ဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
