(က)-တန့်ယန်းမြို့နယ်အတွင်းရှိမိုင်းပတ်ကျေးရွာနှင့် မိုင်းကောင်ကျေးရွာတို့အားလျှပ်စစ်မီးဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉.၁၁.၂၀၁၆)

ဦးစိုင်းမောင်ပွင့် (တန့်ယန်း)တန့်ယန်းမြို့နယ်အတွင်းရှိ မိုင်းပတ်ကျေးရွာ အုပ်စုသည် ရွာပေါင်း ၁၃ ရွာ၊ အိမ်ခြေပေါင်း ၉၆၁ အိမ် နေထိုင်လျက်ရှိပါကြောင်း၊တန့်ယန်းဓာတ်အားခွဲရုံမှ စတင်စိုက်ထူခဲ့သော ဓာတ်တိုင်သည် မိုင်းပတ်ကျေးရွာထပ်ရှိ အမှတ် (၁၃၆) ခြေလျင်တပ်ရင်း သို့ ရောက် ရှိသွယ်တန်း ထားပြီးဖြစ်သော်လည်း ကျေးရွာအတွင်းသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးထားခြင်းမရှိပါကြောင်း၊ ကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ကော်မတီလည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊

ထို့ပြင် တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၆ ခုနှင့် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်ရှိပြီး အမှတ် (၃၃) ခြေလျင်တပ်ရင်းနှင့် တိုက်နယ်ဆေးရုံတစ်ခု၊ အစိုးရအထက်တန်းကျောင်း တစ်ကျောင်း ရှိပါကြောင်း၊ ၎င်းကျေးရွာတွင်လည်း လျှပ်စစ် မီးဖြန့်ဖြူး ပေးထားခြင်းမရှိသဖြင့် ဆောင်ရွက်ပေးပါရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျေးရွာလူထု တွေ့ဆုံပွဲတွင် ကျေးရွာလူထုမဲဆန္ဒရှင်များမှ တင်ပြကြပါကြောင်း၊လျှပ်စစ်မီးသုံးစွဲခွင့်ရမှသာလျှင် စီးပွားရေး၊လူမှုရေး တိုးတက်မြင့်မားပြီး ထင်း အသုံးပြုခြင်းကြောင့် သစ်တောပြုန်းတီး၍ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ် ပါကြောင်း၊သို့ဖြစ်ပါ၍ တန့်ယန်းမြို့နယ်အတွင်းရှိ မိုင်းပတ်ကျေးရွာနှင့် မိုင်းကောင်ကျေးရွာတို့အား လျှပ်စစ် မီးဖြန့်ဖြူးပေးနိုင်ရေး ဆောင် ရွက်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိသေးပါက မည်သည့် ခုနှစ်တွင် စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒေါက်တာထွန်းခိုင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ်ကျေးရွာအုပ်စု၊ မိုင်းပတ်ကျေးရွာထိပ်ရှိ အမှတ် (၁၃၆) ခြေလျင်တပ်ရင်းအား ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ တန့်ယန်းဓာတ်အားခွဲရုံမှ ၁၁ ကေဗွီဓာတ်အားလိုင်း ၂၄ မိုင်အရှည်ဖြင်‌့ ဓာတ်အား ဖြန့်ဖြူးပေးထားရခြင်းဖြစ်ပါကြောင်း၊ နယ်မြေဒေသ လုံခြုံရေးအတွက် အဆိုပါတပ်ရင်းအား မဖြစ်မနေဓာတ်အားပို့လွှတ်ပေးထားရခြင်းဖြစ်ပါကြောင်း၊ ၁၁ ကေဗွီဓာတ်အားလိုင်းတစ်လိုင်းကို ဓာတ်အားပို့လွှတ်ပေးမည်ဆိုပါက နည်းပညာအရ ၁၀ မိုင်ခန့် အရှည်ထိသာ တည်ဆောက်ပြီး ဓာတ်အားပေးမှသာလျှင် ဓာတ်အားပျောက်ဆုံးမှုသည် သတ်မှတ် ရာခိုင်နှုန်းအတွင်း ရှိမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် လက်ရှိတပ်ရင်းအား ဓာတ်အားပို့လွှတ်ထားရသည့် ဓာတ်အားလိုင်းသည်ပင်လျှင် လိုင်းမိုင် ၂၄ မိုင် ရှည်လျားနေပြီဖြစ်သည့်အတွက် သတ်မှတ်ဓာတ်အားလိုင်း မိုင်ထက် ကျော်လွန်နေသည်‌့အတွက် ၎င်းတပ်ရင်းမှ ဝန်အားပြည်‌့သုံးစွဲချိန်တွင်  ဗို့အားကျဆင်းမှုများ ဖြစ်ပေါ်ကာ အဆင်ပြေမှုများရှိသည်ကို တွေ့ရှိရပါကြောင်း၊

အဆိုပါ တပ်ရင်းမှတစ်ဆင့် နောက်ထပ် ၁၁ ကေဗွီဓာတ်အားလိုင်း  ကိုးမိုင်ထပ်မံသွယ်တန်းမှသာ  မိုင်းပတ်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ ရွာ၏ အိမ်ခြေ ၈၇၇ အိမ်အတွက် ဓာတ်အားပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ပေးပါက  စုစုပေါင်း ၃၃ မိုင်အရှည် ထိ ရောက်ရှိ သွားမည်ဖြစ်ပြီး ကျေးရွာအုပ်စုများ ကပါ ဝန်အားပြည့်သုံးစွဲလာပါက ဗို့အားအလွန်အမင်းကျဆင်းမှုများ၊ ဝန်အား မနိုင်နင်းမှုများနှင့် ဓာတ်အားပျောက်ဆုံးမှုများ ဆိုးရွားစွာဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် နည်းပညာအရ အဆိုပါ နည်းလမ်းဖြင့် ဆောင်ရွက်ရန်  မသင့်တော် ပါကြောင်း၊

ထို့ကြောင်‌့ မိုင်းပတ်ကျေးရွာအုပ်စုအပြင် ပတ်ဝန်းကျင်ကျေးရွာအုပ်စုများဖြစ်သော နားငွေးကျေးရွာအုပ်စု၊ ကုန်းမုံကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာအုပ်စုနှင့် မန်ကတ်ရွာမအုပ်စု စုစုပေါင်း ကျေးရွာအုပ်စုငါးအုပ်စုရှိ ကျေးရွာ ၁၈ ရွာရှိအိမ်ခြေ ၁၁၉၈ အိမ်အား လျှပ်စစ် ဓာတ်အားပြည့် မီအောင် ဖြန့်ဖြူးပေးနိုင်ရန်အတွက်  လက်ရှိ တန့်ယန်းဓာတ်အားခွဲရုံတွင် နောက်ထပ် ၆၆/၃၃ ကေဗွီ၊ ၅ အမ်ဗွီအေ ထရန်စဖော်မာတစ်လုံး ထပ်မံတိုးချဲ့၍ တပ်ဆင်ရန် လိုအပ်ပါကြောင်း၊

မိုင်းပတ်ကျေးရွာအုပ်စု၊ မိုင်းပတ်ကျေးရွာတွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ၊ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်မှသာ  ဖော်ပြပါကျေးရွာအုပ်စု ငါးအုပ်စုရှိ ကျေးရွာ ၁၈ ရွာအပြင် အမှတ် (၁၃၆) ခြေလျင်တပ်ရင်းသည်လည်း  ဝန်အားပြည်‌့ဗို့အားပြည်‌့မှီ စွာဖြင်‌့ လျှပ်စစ်ဓာတ်အားသုံးစွဲရရှိနိုင်မည်ဖြစ်ပါကြောင်း၊

ထို့အတူ မိုင်းကောင်ကျေးရွာအုပ်စုအပြင် ပတ်ဝန်းကျင်ကျေးရွာအုပ်စုများဖြစ်သော ပါစန်ရွာမ ကျေးရွာအုပ်စု၊ ဆယ်ဟီကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာအုပ်စုနှင့် နားကုန်ကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စုငါးအုပ်စုရှိ ကျေးရွာ ၃၅ ရွာရှိအိမ်ခြေ ၂၃၀၄ အိမ် လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် တန့်ယန်း ၆၆ ကေဗွီ ဓာတ်အားခွဲရုံမှ တန့်ယန်း-မိုင်းကောင် ၃၃ ကေဗွီလိုင်း ၂၄ မိုင်၊ မိုင်းကောင် ကျေးရွာအုပ်စု၊ မိုင်းကောင်ရွာမကျေးရွာတွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခွဲရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ရမည် ဖြစ်ပါကြောင်း။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားမရရှိသေးသော မြို့၊ ကျေးရွာထိသုံးစွဲနိုင်ရန် နှစ်အလိုက် စီမံကိန်းများရေးဆွဲပြီး နှစ်စဉ်ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်ကာ ပြည်ထောင်စု ဘတ်ဂျက်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင်‌့ ပြည်နယ် ဘတ်ဂျက်ဖြင့် လည်းကောင်း၊ နိုင်ငံတကာ နှစ်ရှည်ချေးငွေများဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင်‌့ မိုင်းပတ်ကျေးရွာအုပ်စုနှင့် မိုင်းကောင်ကျေးရွာ အုပ်စုတို့ အပါအဝင်ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ အိမ်ခြေ ၃၅၀၂ အိမ် လျှပ်စစ်ဓာတ်အားရရှိရန် အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအားလုံး၏ စုစုပေါင်း ကုန်ကျစရိတ် ကျပ်သန်း ၅၁၃၇ အား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုဘတ်ဂျက်တွေမှာ ခွဲဝေထည့်သွင်း လျာထားပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျေးရွာများ ဓာတ်အားရရှိရန်အတွက် လိုအပ်မည်‌့ ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ ၁၁/ဝ.၄ ထရန်စဖော်မာများနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများကို ရှမ်းပြည်နယ်အစိုး၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့သို့လည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။