ရပ်စောက်မြို့နယ်၊ ကျောက်ကူကျေးရွာအုပ်စု၊ ကျောက်ကူရွာသည် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဆက်သွယ်သွားလာသော ရပ်စောက်-အင်တော-ကျောက်ကူ-နောင်ချို လမ်းပိုင်းပေါ်တွင် တည်ရှိကာ ရပ်ကွက်ငါးရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ရဲစခန်း၊ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ဈေးစသည့် အင်္ဂါရပ်များပြည့်စုံစွာရှိသည့် လူနေစည်ကားသော ကျေးရွာကြီးဖြစ်ပြီး ကျေးရွာပေါင်း ၂၆ ရွာပါရှိသော ကျေးရွာအုပ်စုကြီး လည်း ဖြစ်ပါကြောင်း၊ ကျောက်ကူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ မှ ဒေသခံတိုင်းရင်းသားပြည်သူများ ပညာရေး၊ ကျန်းမာရေးစသည့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး မဖြစ်မနေ လိုအပ်နေပြီဖြစ်ပါကြောင်း၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးအပြည့်အဝ လင်းသည့် အင်တောမြို့နှင့် ၁၄ မိုင်သာ ကွာဝေးသည့်အတွက် ကျောက်ကူကျေးရွာအုပ်စုတွင် ရှိသော တိုင်းရင်းသားပြည်သူများမှ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာန များနှင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆိုမှုများ ရှိနေကြပါကြောင်း၊ ကျောက်ကူကျေးရွာအုပ်စု၊ ကျောက်ကူရွာတွင် ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ 5 MVA ဓာတ်ခွဲရုံတစ်ရုံ၊ ၎င်းလုပ်ငန်းများနှင့် လိုအပ်သော ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောက်ကူကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာ ၃၀ ရှိ တိုင်းရင်းသားပြည်သူ ၂၀၀၀၀ ကျော် အတွက် မီးလင်းရေးကဏ္ဍ အကျိုးရှိစွာ ခံစားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ကူကျေးရွာအုပ်စုရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမီးလင်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
အင်တောမြို့နယ်ခွဲ၊ ကျောက်ကူ ကျေးရွာအုပ်စု၊ လျှပ်စစ်ဓာတ်အားရရှိရန် ၆၆ ကေဗွီဓာတ်အားလိုင်း ၂၂ မိုင်၊ ၆၆/၁၁ ကေဗွီ ဓာတ်အား ခွဲရုံတစ်ရုံ တည်ဆောက်ပေးရန်အတွက် လိုအပ်သော ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်းပေါင်း ၃၇၂၆ လိုအပ်ပြီး ၂၀၁၇-၂၀၁၈ မှ ၂၀၂၁-၂၀၂၂ အတွင်း ဆောင်ရွက်သွားမည့် ငါးနှစ်စီမံချက်တွင် ထည့်သွင်း ရေးဆွဲထားရှိပါကြောင်းနှင့် ဘတ်ဂျက်ရန်ပုံငွေရရှိသောနှစ်တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
