(င)-ဒက္ခိဏသီရိမြို့နယ်ရှိ မန်ကျီးကုန်း၊ ပိတောက် ကုန်း၊ ဂွေးတောက်ရိုး၊ဆည်စု၊သာယာစု၊ရွှေခဲအင်း၊ ကျွဲတဲနှင့် ကျောက်ခဲအင်း ကျေးရွာများ လျှပ်စစ်မီး လင်းရေးမည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၇.၃.၂၀၁၇)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ရပ်ကွက်နှစ်ခုနှင့် ကျေးရွာ ၂၈ ရွာရှိပြီး ရပ်ကွက်နှစ်ခုနှင့် ကျေးရွာ ၂၀ တွင် လျှပ်စစ်မီးလင်းနေပြီး ဦးသန့်ဇင်ထွန်း (ဒက္ခိဏသီရိ)မီးလင်းရန်ကျေးရွာ ရှစ်ရွာကျန်ရှိနေပါကြောင်း၊  အဆိုပါ မီးလင်းပြီး ရပ်ကွက်နှင့် ကျေးရွာများအနက် ကျေးရွာကိုးရွာတွင် ကိုယ့်အားကိုယ်ကိုးအစီအစဉ်ဖြင့် လည်းကောင်း၊ ကျေးရွာ ၁၀ ရွာတွင် နေပြည်တော်ကောင်စီဘတ်ဂျက်နှင့် ကျေးရွာမှ ထည့်ဝင်သည့် ရန်ပုံငွေများ ပေါင်းစပ်သည့် အစီအစဉ်ဖြင့်လည်းကောင်း၊ ကျေးရွာတစ်ရွာတွင် ကိုရီးယားနိုင်ငံ၏ အကူအညီ SNU ကျေးရွာသစ် စီမံကိန်းမှ ထောက်ပံ့ငွေ၊ နေပြည်တော်ကောင်စီဘတ်ဂျက်နှင့် ကျေးရွာမှ ထည့်ဝင်ငွေများ ပေါင်းစပ်သည့် အစီအစဉ်ဖြင့်လည်းကောင်း မီးလင်းနေခြင်းဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်က ဗဟိုအဖွဲ့အစည်း၏ လုပ်ကိုင်ခွင့်ပြုခြင်းဖြင့်လည်းကောင်း၊ ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ကြိုတင်ခွင့်ပြုခြင်းဖြင့် လည်းကောင်း၊ ကိုင်းပလွေး သစ်တောကြိုးဝိုင်းကွင်း အမှတ်(၁)၊ (၂)၊ (၃)၊ (၈)၊ (၉)နှင့် (၁၉)တို့ကို ဖျက်သိမ်းပြီး စိန်တလုံးသရက်ဇုန် စီမံကိန်းအဖြစ် ပုဂ္ဂလိကနှင့် ကုမ္ပဏီအဖွဲ့အစည်း ၆၉ ခုတို့ကို လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ လုပ်ကိုင်ခွင့်ပြုခဲ့သည့် ပုဂ္ဂလိကနှင့် ကုမ္ပဏီအဖွဲ့အစည်း ၆၉ ခုအနက် ၁၀ ခုမှာ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မီးများရရှိနေပြီး မြေသိမ်း ဆည်းခံ ဒေသခံပြည်သူတို့ နေထိုင်ရာ ကျေးရွာများမှာ ယခုအထိ လျှပ်စစ်မီးမရရှိသေးပါကြောင်း၊ လုပ်ကိုင်ခွင့်ရ လုပ်ငန်းရှင်များသည် ပတ်ဝန်းကျင်ဒေသခံပြည်သူများအပေါ်  လူမှုဘဝဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ဝတ္တရားများ ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ၏ ၂၀၁၇-၁၈ ငွေလုံးငွေရင်း အသုံးစရိတ် ကျေးရွာ မီးလင်းရေးလုပ်ငန်းများတွင်လည်း ဒက္ခိဏသီရိမြို့နယ်မှ ကျေးရွာများ ပါဝင်ခဲ့ခြင်းမရှိပါကြောင်း၊ မီးလင်းရန်ကျန်ရှိနေသော ကျေးရွာရှစ်ရွာမှ ပြည်သူတို့မှာ လုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင်များ၏ ဒေသခံပြည်သူများ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် တာဝန်ဝတ္တရားများ အရလည်းကောင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက် သည့် အစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတော်ဘတ်ဂျက်နှင့် ကျေးရွာများမှ ထည့်ဝင်သည့်ရန်ပုံငွေများ ပေါင်းစပ်ဆောင်ရွက် သည့် အစီအစဉ်ဖြင့်လည်းကောင်း လျှပ်စစ်မီးလင်းလိုနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်အတွင်း လျှပ်စစ်မီးလင်းရန် ကျန်ရှိနေသော ကျေးရွာရှစ်ရွာဖြစ်သည့် မန်ကျီးကုန်း၊ ပိတောက်ကုန်း၊ ဂွေးတောက်ရိုး၊ ဆည်စု၊ သာယာစု၊ ရွှေခဲအင်း၊ ကျွဲတဲနှင့် ကျောက်ခဲအင်းကျေးရွာများမှ ကျေးရွာများ လျှပ်စစ်မီးလင်းရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနက မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒေါက်တာထွန်းနိုင်လျှပ်စစ်မီးလင်းရန် ကျန်ရှိနေသော မေးခွန်းပါ ကျေးရွာရှစ်ရွာအနက် မန်ကျီးကုန်းရွာ၊ ဂွေးတောက်ရိုး ကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာများသည် လက်ရှိ ၁၁ ကေဗွီဓာတ်အားလိုင်းမှ နှစ်မိုင်အတွင်း ကွာဝေးသော ကျေးရွာများဖြစ် သည့်အတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ၏ ပထမအဆင့်တွင် ထည့်သွင်းလျာထားပြီးဖြစ် ပါကြောင်း၊ ဆည်စုကျေးရွာ၊ သာယာစုကျေးရွာ၊ ရွှေခဲအင်း၊ ကျွဲတဲကျေးရွာနှင့် ကျောက်ခဲအင်းကျေးရွာများ လျှပ်စစ် ဓာတ်အား ရရှိနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နေပြည်တော်‌ကောင်စီ ၏ ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နေပြည်တော်ကောင်စီသို့ ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည် ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။