(စ)-ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဝါးပိုးရေ၊ ညောင်ခြေထောက်၊သက်ကယ်လွင်၊ ယစကျီ၊ဂနိုင်ယား၊လင်းလေအင်း၊မဲနယ်တောင်ကျေး ရွာများအားလျှပ်စစ်မီးရရှိရေးအတွက်ကူညီဆောင် ရွက်ပေးပါ ရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၇.၃.၂၀၁၇)

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဝါးပိုးရေ၊ ညောင်ခြေထောက်၊ သက်ကယ်လွင်၊ ယစကျီ၊ ဂနိုင်ယား၊ လင်းလေအင်း၊ဦးအောင်စိုးမင်း (ရွာငံ) မဲနယ်တောင်စသည့် ကျေးရွာခုနစ်ရွာတွင် အိမ်ခြေအိမ်ထောင်စုပေါင်း ၁၀၃၉ အိမ်၊ လူဦးရေစုစုပေါင်း ၅၂၉၀ ဦး ခန့်နေထိုင်လျက်ရှိပြီး ဓနု၊ ပအိုဝ်း၊ ပလောင်တိုင်းရင်းသား များ နေထိုင်သော ကျေးရွာများဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများသည် လက်ဖက်၊ ဂျူးစသည့် သီးနှံများကို အဓိကလုပ်ကိုင်၍ အသက်မွေးဝမ်း ကျောင်းပြုသူများဖြစ်ပြီး တောင်ပေါ်ဒေသနေ ကျေးရွာများဖြစ်၍  လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်များစွာ လိုအပ်လျက်ရှိပါကြောင်း၊  ကျေးရွာဖွံ့ဖြိုးရေး အတွက် လျှပ်စစ်မီးရရှိရန် လိုအပ်လျက်ရှိပြီး လျှပ်စစ်မီးရရှိပါက အဓိကသုံးစွဲနေသော ထင်းလောင်စာ ခုတ်ယူသုံးစွဲမှုများ လျော့ကျနိုင် မည်ဖြစ်သဖြင့် သဘာဝရေထွက်များ၊ သစ်တောများကို ကာကွယ်ထိန်းသိမ်းရာတွင် များစွာအထောက်အကူဖြစ် လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူတို့၏ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်း၊ အသေးစားစက်မှုလုပ်ငန်း များ ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့်  အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာခြင်း၊ ဆင်းရဲမှုလျော့ချရေး အထောက်အကူ ပြုစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ ကျေးရွာခုနစ်ရွာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည်‌့ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနှင့် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာခုနစ်ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရမည့် တည်ဆောက်ရေး လုပ်ငန်းများ အတွက် လိုအပ်သော ဘတ်ဂျက်ရန်ပုံငွေအား ဂျာမနီနိုင်ငံ KFW ဘဏ်၏ ချေးငွေအစီအစဉ်ဖြင့် ရယူဆောင်ရွက်သွားရန် စီစဉ်ထားသော စီမံချက်တွင် လျာထားပြီးဖြစ်ကာ ယနေ့ (၁၇-၃-၂၀၁၇) ရက်နေ့ ဆောင်ရွက်သည့် ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဝါးပိုးရေကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာ၊ သက်ကယ်လွင်ကျေးရွာ၊ ယစကျီကျေးရွာ၊ ဂနိုင်ယားကျေးရွာ စုစုပေါင်းကျေးရွာ ငါးရွာ ဓာတ်အားရရှိရေးအတွက် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘတ်ဂျက်ရန်ပုံငွေကျပ်သန်းပေါင်း ၇၀၈ သန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေထည့်သွင်း လျာထားပေးနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ကာ အကောင် အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။