ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကာလိမြို့သည် ယခင်က ကျေးရွာအဆင့်ဖြစ်ပြီး စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် မြို့နယ်ခွဲအဆင့်သို့ ၂၀၁၀ ခုနှစ်တွင် တိုးမြင့်လာခဲ့ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအားအသုံးပြုမှု လိုအပ်ချက်များကို ဒေသခံပြည်သူများ၏ လိုလားတောင့်တချက်အရ ပုဂ္ဂလိက ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ၂၀၀၈ ခုနှစ်တွင် ထရန်စဖော်မာ ၈ လုံး စံနှုန်းမီ ၄၀၀ ဗို့ဓာတ်အားလိုင်းများဖြင့် စနစ်တကျတပ်ဆင်ပြီး ဖြန့်ဖြူးသုံးစွဲလျက် ရှိနေပါကြောင်း၊ ကာလိမြို့ပေါ်တွင် ၆ ရပ်ကွက်ရှိပြီး အိမ်ထောင်စု ၁၄၈၅ ရှိရာ လျှပ်စစ်မီတာ တပ်ဆင်အသုံးပြုခွင့်ရရှိသူမှာ ၅၄၁ အိမ်သာဖြစ်ပါကြောင်း၊ တိုးတက်လာသည့် လူဦးရေနှင့်အတူ ဓာတ်အားသုံးစွဲရန် လိုအပ်ချက်များလည်း မြင့်တက်လာပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်လည်း မြင့်တက်လာပါကြောင်း၊ ယခု သုံးစွဲလျက်ရှိသည့် ပုဂ္ဂလိကရေအား လျှပ်စစ်စက်ရုံသည် စိုက်ပျိုးရာသီ လယ်ရေသွင်းချိန်၌ ရေအားမလုံလောက်ခြင်းကြောင့် ဇွန်လမှ သြဂုတ်လအထိ စက်လည်ပတ်မှုအား လုံးဝ ရပ်ဆိုင်းထားရပါကြောင်း၊ ထို့အပြင် မီးသုံးစွဲလိုအား အလျင်အမြန် မြင့်တက်လာနေသည့်အတွက် ဒေသခံပြည်သူများအတွက် အခက်အခဲ ပိုမိုကြီးမားနေပါကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိခြင်းနှင့် ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကာလတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နှင့် တာကော်မြို့တို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဆက်သွယ်ပေးနိုင်ရန်အတွက် ၃၃ ကေဗွီ ဓာတ်အားခွဲစက်ရုံတည်ဆောက်ခြင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် လျာထားထည့်သွင်းခဲ့ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ကာလတွင် လုပ်ငန်းပြီးစီးနိုင်မှုမရှိသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ စီမံကိန်းကို ပယ်ဖျက်ခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်များတွင် ထပ်မံထည့်သွင်းလျာထားမည်ဖြစ်ကြောင်း ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ လွှတ်တော်အတွင်း ဖြေဆိုထားမှုသည် ကတိကဝတ်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းတွင် ထည့်သွင်းလျာထားပေးသည်ကို မတွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ကာလိမြို့နယ်ခွဲနှင့် ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား အလုံအလောက် ဖြန့်ဖြူးပေးနိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်ပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကာလိမြို့သည် ယခင်ကျေးရွာအဆင့်မှ မြို့နယ်ခွဲအဆင့်သို့ ၂၀၁၀ ခုနှစ်တွင် တိုးမြှင့်ခဲ့ပါကြောင်း၊ အဆိုပါ မြို့နယ်ခွဲသို့ ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိသေးသည့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်မှ နောင်ခမ်းကျေးရွာမှာ အသေးစားရေအားလျှပ်စစ်စက်ရုံ ၇၀၀ ကီလိုဝပ်ထွက်သော စက်နှစ်လုံးတပ်ဆင်ကာ ထိုစက်ရုံမှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို ၂၀၀၈ ခုနှစ်တွင် ထရန်စဖော်မာ ၈ လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ တည်ဆောက်ကာ မီတာ ၁၀၂၆ လုံး တပ်ဆင်ကာ မီးသုံးစွဲခအဖြစ် တစ်ယူနစ်လျှပ် ၁၅၀ ကျပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကာလိမြို့နယ်ခွဲနှင့် ရပ်ကွက်၊ ကျေးရွာများအပါအဝင် တာကော်မြို့ကို ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ကွန်ဟိန်းဓာတ်အားခွဲရုံမှ ၆၆/၃၃ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာတစ်လုံး တပ်ဆင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကွန်ဟိန်းမြို့နယ်(ကာလိမြို့နယ်ခွဲ)တွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံနှင့် ခွဲရုံတစ်ရုံတည်ဆောက်ရန်၊ ၃၃ ကေဗွီ ကွန်ဟိန်း-ကာလိ ဓာတ်အားလိုင်း ၁၂ မိုင် တည်ဆောက်ရန်၊ ကာလိမြို့နယ်ခွဲ(တာကော်)တွင် ၃၃ ကေဗွီ ကာလိ-တာကော်ဓာတ်အားလိုင်း ၂၂ မိုင်နှင့် ၃၃/ဝ.၄ ကေဗွီ ခွဲရုံနှစ်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် စုစုပေါင်း ဘတ်ဂျက်ရန်ပုံငွေက ကျပ်သန်းပေါင်း ၄၆၂၇.၃၄၉ ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက် ထားရှိပါကြောင်း၊ ယခင် လျှပ်စစ်စွမ်အားဝန်ကြီးဌာနအနေဖြင့် ကွန်ဟိန်းမြို့နယ် အတွင်းရှိ ကာလိမြို့နယ်ခွဲနှင့် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၅ ခုရှိ ကျေးရွာစုစုပေါင်း ၇၄ ရွာအပါအဝင် တာကော်မြို့နေပြည်သူများ လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိသုံးစွဲနိုင်ရန် အဆိုပါလုပ်ငန်းများအတွက် လိုအပ်သည့် ဘတ်ဂျက်ရန်ပုံငွေကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားခဲ့သော်လည်း ဘဏ္ဍာငွေရရှိမှုအရ ၂၀၁၅-၁၆ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသောကြောင့် လွှတ်တော်ကတိကဝတ်စာရင်းမှ အဆိုပါ စီမံကိန်းကိုတင်ပြကာ ပယ်ဖျက်ခဲ့ရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် အဆိုပါစီမံကိန်းကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ထပ်မံထည့်သွင်းလျာထားတင်ပြခဲ့သော်လည်း ဘတ်ဂျက်ငွေ ကန့်သတ်မှု အခြေအနေအရ ပါဝင်ခဲ့ခြင်းမရှိခဲ့သည်ကို တွေ့ရပါကြောင်း။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကာလိမြို့နယ်ခွဲနှင့် ရပ်ကွက်၊ ကျေးရွာများ အပါအဝင် တာကော်မြို့ကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးနိုင်ရေး နှစ်စဉ် ဘတ်ဂျက်လျာထားတောင်းခံခဲ့ပါသော်လည်း မရရှိခဲ့သည့်အတွက်ကြောင့် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်များတွင် ခွဲဝေလျာထားထည့်သွင်း တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ကာ ကာလိမြို့နယ်ခွဲ မီးလင်းနိုင်ရေးအတွက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
