(ခ)-သိန္နီမြို့နယ်၊ရွှေလီရေအားလျှပ်စစ်မဟာဓာတ် အားလိုင်းမှတစ်ဆင့်ကွမ်းလုံမြို့သို့လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတတိယနေ့ (၁၈.၁၁.၂၀၁၆)

ဦးယန်ကျင်းကန်(ကွမ်းလုံ မဲဆန္ဒနယ်)မေးမြန်းရသည့်ရည်ရွယ်ချက်မှာ မြို့နယ်တွင်းနေပြည်သူများ၏ ဆန္ဒသဘောထားအရနှင့် ကွမ်းလုံမြို့နယ်၏ ဖြစ်ထွန်းလာနိုင်သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေအရပ်ရပ်အပေါ် နိုင်ငံတော်အစိုးရမှ ဆန်းစစ်သုံးသပ်နိုင်စေရန်ဖြစ်ပါကြောင်း၊

ယခုအခါ ပြောင်းလဲလာသော နိုင်ငံတော်၏ အခြေအနေများအရ ကွမ်းလုံမြို့သည် နယ်စပ်ကုန်သွယ်မှုပမာဏ တတိယအများဆုံးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းရွှေဟော်နှင့် ၁၃ မိုင်ခန့်သာကွာဝေးပြီး နယ်စပ် ကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းပေါ်တွင် တည်ရှိနေသည့် မြို့လည်း ဖြစ်ပါကြောင်း၊ စီးပွားရေးအရ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့်နီးကပ်စွာတည်ရှိပြီး အစိုးရ၏ ဌာနဆိုင်ရာများ စုံလင်စွာ ဖွင့်လှစ်ထားသည့်အပြင် နိုင်ငံတော်လုံခြုံရေးအရ စစ်မြေပြင်အခြေချပြီးမှ တပ်စွဲထားသည့် မြို့လည်းဖြစ်ပါကြောင်း၊ ယခုလို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ အရေးပါသည့် မြို့အတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိ ရေးကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုသည် တစ်ဖက်နိုင်ငံမှ ဝယ်ယူဖြန့်ဖြူးပေးနေရသဖြင့်၊ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲခ ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်အပြင် ဌာနဆိုင်ရာများ၊ ဆေးရုံများ၊ ကျောင်းများတွင်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆင်မပြေမှုများစွာ ကြုံတွေ့နေရခြင်းများရှိပါကြောင်း၊ သို့ဖြစ်၍ မေးမြန်းလိုသည်မှာ ဒေသနေပြည်သူများ၏ လူမှုဘဝဝန်ထုပ်ဝန်ပိုး လျှော့ချစေနိုင်ရေး၊ မြို့နယ်အတွင်းလူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် အထောက်အကူဖြစ်စေရေးအတွက် သိန္နီမြို့သို့ သွယ်တန်းရောက်ရှိနေသည့် ရွှေလီရေအားလျှပ်စစ် မဟာဓာတ်အားလိုင်းမှတစ်ဆင့် ကွမ်းလုံမြို့သို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကွမ်းလုံမြို့သို့ လျှပ်စစ်ဓာတ်အားရရှိရေးသည် လက်ရှိဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသည့် ၁၁ ကေဗွီ သိန္နီ-နမ့်စလပ် ဓာတ်အားလိုင်းက ၂၃ မိုင်အရှည်ရှိနေပြီးဖြစ်၍ ၎င်းလိုင်းမှတစ်ဆင့် ၃၄ မိုင် ထပ်မံတည်ဆောက်ရန် လိုအပ်လာမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တည်ဆောက်ပါက စုစုပေါင်း ၁၁ ကေဗွီ ၅၇ မိုင် အရှည်ရှိလာမည်ဖြစ်ပြီး နည်းပညာအရ ဗို့အားအထူးကျဆင်းခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှု အလွန်များပြားခြင်းတို့ ဖြစ်ပေါ်ခြင်းကြောင့် ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည် မဟုတ်ပါကြောင်း၊ ၁၁ ကေဗွီဗို့အားစနစ်ဖြင့် နည်းစနစ်တကျ ဓာတ်အား ဖြန့်ဖြူးပေးရမည်ဆိုပါက လမ်းမိုင်အရှည် ၁၀ မိုင်ခန့်အထိသာ ဓာတ်အားပေးမှ နိုင်ငံတကာစံနှုန်းနှင့် ဓာတ်အားပျောက်ဆုံးမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်ပါကြောင်း၊

ကွမ်းလုံမြို့သို့ ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ကနဦးအဆင့်ဖြစ်သော ၆၆ ကေဗွီ သိန္နီ-တာမိုးညဲ-လောက်ကိုင် ဓာတ်အားလိုင်း ၇၈ မိုင်နှင့် ဓာတ်အားခွဲရုံ စီမံကိန်းများအား တည်ဆောက်နိုင်ရန် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လိုအပ်သော ပစ္စည်းများအား ဝယ်ယူထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ပထမအဆင့်အနေဖြင့် ၆၆ ကေဗွီ သိန္နီ-ကွပ်ခိုင်-တာမိုးညဲ ဓာတ်အားလိုင်း ၂၃ မိုင်နှင့် ၆၆ ကေဗွီ ကွပ်ခိုင်နှင့် တာမိုးညဲဓာတ်အားခွဲရုံတို့အား ၂၀၁၂ ခုနှစ် သြဂုတ်လတွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထပ်မံ၍ တာမိုးညဲခွဲရုံမှ လောက်ကိုင်ခွဲရုံသို့ ၆၆ ကေဗွီလိုင်း ၅၅ မိုင် ဆက်လက်တည်ဆောက်ရမည်ဖြစ်ပြီး လောက်ကိုင်ခွဲရုံမှတစ်ဆင့် ၃၃ ကေဗွီ လောက်ကိုင်-ချင်းရွှေဟော် ဓာတ်အားလိုင်း ၂၁ မိုင်နှင့် ချင်းရွှေဟော်တွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်၍ ထိုမှတစ်ဆင့် ၁၁ ကေဗွီ ချင်းရွှေဟော်- ကွမ်းလုံဓာတ်အားလိုင်း ၁၂ မိုင်တို့ကို တည်ဆောက်ရန် လျာထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် ထိုစဉ်ကာလက ဘတ်ဂျက်ဖြင့်ပစ္စည်းများ ဝယ်ယူခဲ့သော်လည်း  နယ်မြေလုံခြုံရေးအခြေအနေ မမျှော်လင့်သည့်အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ၆၆ ကေဗွီ တာမိုးညဲ-လောက်ကိုင် ဓာတ်အားလိုင်းအား တည်ဆောက်သွယ်တန်းရန် သင့်တော်သည့် အချိန်မဖြစ်သည့်အတွက်ကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ 

ယခုအခါ ၆၆ ကေဗွီ သိန္နီ-ကွမ်းလုံ ဓာတ်အားလိုင်း ၅၃ မိုင် သွယ်တန်း၍ ဓာတ်အားဖြန့်ဖြူးရန် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ ၁၁ ကေဗွီ သိန္နီ-နမ့်စလပ် ဓာတ်အားလိုင်းမှတစ်ဆင့် ဓာတ်အားဖြန့်ဖြူးမည့်အစား သိန္နီမှတစ်ဆင့် ကွမ်းလုံကိုတည်ဆောက်မည့် ဓာတ်အားလိုင်း ၅၃ မိုင်ကို ပြောင်းလဲတည်ဆောက်၍ ကွမ်းလုံတွင် ၆၆/၃၃ ကေဗွီ၊ ၃၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၈၈၉၀ သန်း လိုအပ်သည့်အနက် ကျပ် ၁၁၈၉.၉၅၁ သန်းအား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်တွင် ထည့်သွင်းလျာထား တောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ကြိုးစား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။