ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၆၄ ရွာရှိသည့်အနက် ရွာပေါင်း ၆၂ ရွာခန့်သည် ကျေးရွာကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီ များဖွဲ့ပြီး နိုင်ငံတော်မှ ခရမ်းမြို့သို့ ပို့လွှတ်ထားသော လျှပ်စစ်မီးကို သွယ်တန်းအသုံးပြုလျက်ရှိသည်မှာ ၂၀၁၂ ခုနှစ်ခန့်က ဖြစ်ပါကြောင်း၊ မီးသုံးစွဲလိုသူများက ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ဖွဲ့စည်းထားသူများ မဟုတ်ခြင်း၊ ကတိကဝတ်ပြုထားသော ယခင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ မီးလင်းရေးဆိုင်ရာ ကတိဝန်ခံချက်ကို ချိုးဖောက်ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း၊ အသုံးစရိတ်များမှာ ဧည့်ခံစရိတ်၊ အထွေထွေစရိတ်၊ ကန်တော့ငွေများ၊ လမ်းစရိတ်များ၊ အမျိုးအမည် မသေချာသော အသုံးစရိတ်များ အဆမတန် သုံးစွဲထားခြင်းနှင့် ထိုသို့ သုံးစွဲမှုများကြောင့် ကုန်ကျစရိတ်များပြားလာသည့်အခါ မီးသုံးစွဲသူများထံမှ ငွေကြေးများ ထပ်ခါထပ်ခါ ကောက်ခံခြင်း၊ မီးသွယ်မည့်သူများကို မူလကပြောကြားထားသော မီတာတစ်လုံး ကုန်ကျငွေထက် အဆမတန်ပိုမိုလာမှုကြောင့် ထပ်မံကောက်ခံငွေမထည့်နိုင်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ငွေထည့်ရန်နောက်ကျသူများကို ကော်မတီက တရားစွဲဆိုခြင်း၊ လျှပ်စစ်ဌာနတာဝန်ရှိသူ၊ လျှပ်စစ်မကျွမ်းကျငသူကို လျှပ်စစ်မီးဖြတ်တောက်စေခြင်း၊ ဇွဲပလန် ကျေးရွာ မီးလင်းရေးကော်မတီမှ ကုန်ကျငွေစရိတ်ရှင်းပြီး စုစုပေါင်းထည့်ဝင်ငွေမှ ကော်မတီထံမှာ လက်ကျန်ငွေရှိသေးသော်လည်း လိုငွေပြ၍ တစ်ဦးလျှင် ၂၅၀၀၀၀ ထပ်မံကောက်ခံခြင်းတို့ကို တွေ့ရပါကြောင်း၊ ဇွဲပလန်ကျေးရွာ မီးလင်းရေးကော်မတီ မှ ငွေစာရင်းကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါကြောင်း၊ စုစုပေါင်း ၁၅၃ သိန်းရပြီး ကုန်ကျငွေ ၁၄၈ သိန်းရပါကြောင်း၊ ကော်မတီလက်ကျန် ၄၅၀၀၀၀ ကျန်သော်လည်း မီးသွယ်သူတစ်ဦးလျှင် ၂၅၀၀၀၀ ထပ်မံကောက်ခံ ထားသည်ကို တွေ့ရပါကြောင်း၊
ခရမ်းမြို့နယ်၊ ပေါက်ပင်ကျေးရွာတွင် မီးလင်းရေးကော်မတီက သုံးစွဲထားသည်မှာ အမျိုးအမည် မသိဘဲ တန်ဖိုးဆိုပြီး ၂၇ သိန်း၊ ဧည့်ခံစရိတ်၊ အထွေထွေစရိတ်များ၊ ဆိုင်ကယ်ဆီဖိုးများ၊ EIS ကုန်ငွေများကို ပြထားပါကြောင်း၊ အမည်တစ်ခု ခေါင်းစဉ်ပြပြီး ၁၀၀၀၀၀၊ အရက်ဖိုး ၇၅၀၀၀၊ ဧည့်ခံစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်၊ လူမှုရေးစရိတ် များကို တွေ့ရပါကြောင်း၊မီးလင်းရေး ကော်မတီများ၏ ကုန်ကျငွေစာရင်းများတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများမှ ရငွေ/သုံးငွေများ ကိုက်ညီမှုရှိခြင်း/မရှိခြင်းကို ပြောဆိုလိုခြင်းထက် ကုန်ကျငွေများ၏ အကြောင်းအရာခေါင်းစဉ်များ မရေရာခြင်း၊ သဘာဝမကျခြင်း၊ ငွေထည့်ဝင်ထားသော မီးသုံးစွဲသူများကို မထီမဲ့မြင် ပြုသကဲ့သို့ဖြစ်ပြီး စားစရိတ်၊ ခရီးစရိတ်၊ ဧည့်ခံစရိတ် အဆမတန် များပြားနေခြင်းကို ဖော်ပြလိုခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာမီးလင်းရေးကိစ္စများကို နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အလုံးစုံ တာဝန်မယူနိုင်ခင်တွင် မီးလင်းရေး ကော်မတီများအနေဖြင့် ကျေးရွာနေပြည်သူလူထု၏ လျှပ်စစ်မီးလိုအပ်ချက်နှင့် ပတ်သက်ပြီး နည်းစနစ်မှန်ကန်စွာ တာဝန်ယူ၊ တာဝန်ခံတတ်စေရန် ရည်ရွယ်၍ ကျေးရွာကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးကော်မတီများကို ခိုင်မာတိကျသည့် ဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် စည်းမျဉ်း၊ စည်းကမ်းများ စနစ်တကျရေးဆွဲ ပြဋ္ဌာန်းပေးရန်အစီအစဉ်ရှိ/မရှိ၊ ၎င်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကော်မတီများအား စနစ်တကျ အသစ်ပြန်လည် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ၊ ၎င်းကော်မတီများအနေဖြင့် လျှပ်စစ်သုံးစွဲသူများ လိုက်နာရန် ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို သော်လည်းကောင်း၊ မီးလင်းရေးဆိုင်ရာ ကတိဝန်ခံချက်ကို သော်လည်းကောင်း ချိုးဖောက်ခြင်းနှင့် အသုံးစရိတ်များကို ပရမ်းပတာ သုံးစွဲခဲ့ခြင်းအပေါ် မည်ကဲ့သို့ အရေးတယူဆောင်ရွက်မည်ကို သိရှိလိုခြင်း၊ နိုင်ငံတော်ပိုင်လျှပ်စစ်မီးကို မိမိတို့သဘောနှင့် မိမိတို့ စီမံဖြန့်ဖြူးနေတဲ့ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီများအား မည်သည့် အဖွဲ့အစည်းက တာဝန်ယူမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကျေးရွာကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရာတွင် အဖွဲ့အစည်း ခိုင်မာမှုမရှိခြင်း၊ ငွေကြေးကိစ္စများ ဖြေရှင်းရခြင်း၊ တည်ဆောက်မှုစနစ် လိုအပ်ချက်များရှိနိုင်ခြင်းတို့ကို ကြိုတင်တွက်ဆကာ လျှပ်စစ် မီးလင်းရေးကိစ္စရပ်များ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက် ၂၄ ချက်ကို မူလက သတ်မှတ်ပေးခဲ့ပါကြောင်း၊ ထိုသို့ အချက် ၂၄ ချက်သတ်မှတ်ပေးခဲ့သည့်အတွက် ကျေးရွာမီးလင်းရေးလုပ်ငန်းများအနက် ကိုယ်စားလှယ်များ ထံမှ အဆိုပါ စည်းကမ်း ၂၄ ချက်မှာ များပြားလွန်းသည်ဟု တင်ပြကြသည့် အတွက် မဖြစ်မနေလိုအပ်သော အချက် ၁၂ ချက်ကို ဝန်ကြီးဌာနက လျှော့ချပြင်ဆင်သတ်မှတ်ပေးခဲ့ရပါကြောင်း၊ ကျေးရွာမီးလင်းရေး ကော်မတီကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသအာဏာပိုင်များက ကြီးမှူး၍ ကျေးရွာများတွင် ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းနိုင်ခွင့် ရှိပြီးဖြစ် ပါကြောင်း၊ လက်ရှိ အချိန်တွင် ကျေးလက်ဒေသ မီးလင်းရေးကော်မတီများအတွက် သီးခြားဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ တစ်နိုင်ငံလုံး တွင် ကျေးရွာပေါင်း မြောက်မြားစွာတည်ရှိနေပြီး တည်ရှိရာ ဒေသတို့၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အစဉ်အလာတို့ များစွာ ကွဲပြားခြားနားသည့် အတွက် ကျေးရွာမီးလင်းရေးကော်မတီ၏ ဖွဲ့စည်းပုံကို တိတိကျကျ ပြဋ္ဌာန်းလျှင် ကော်မတီ ဖွဲ့စည်းနိုင်ရန် များစွာပိုမိုခက်ခဲကာ အဆင်မပြေမှု များ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီများ အသစ်ပြန်လည်ဖွဲ့စည်း လိုပါက ကျေးရွာလူထု၏ အများဆန္ဒ သဘောတူညီချက်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ရယူကာ အချိန်မရွေး ဒီမိုကရေစီနည်းလမ်းတကျ အသစ်ရွေးချယ် ဖွဲ့စည်းနိုင်ခွင့်ရှိပြီးဖြစ်ပါကြောင်း။
ယခင် အမှတ်(၁) စက်မှုဝန်ကြီးဌာန၏ ၁-၇-၁၉၈၅ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်-၆၃/၈၅ ဖြင့် ထုတ်ပြန်ထားသည့် လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ လျှပ်စစ်ဥပဒေ(၂၀၁၄)နှင့် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ ဒေသအာဏာပိုင်တို့၏ အုပ်ချုပ်ရေး နည်းလမ်းများအရလည်းကောင်း ကြီးကြပ် ဆောင်ရွက်ပေးနေပါကြောင်း၊ နိုင်ငံတစ်ဝှမ်းမှာ ကျေးရွာမီးလင်းရေးကိစ္စများကို မီးလင်းရေး ကော်မတီဖွဲ့စည်း ၍ ဆောင် ရွက်သော ရွာပေါင်း ၂၀၁၅ ခုနှစ်အထိ ၆၄၆၅ ရွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆင်ပြေချောမော စွာ ဆောင်ရွက်နိုင်သောရွာပေါင်း များစွာရှိသော်လည်း အချို့သောရွာများတွင် မီးလင်းရေးကော်မတီအဖွဲ့က ရန်ပုံငွေကောက်ခံစဉ် ကာယကံရှင်တို့၏ ဆန္ဒအလျောက် ရန်ပုံငွေ ထည့်ဝင်ရန် ဆောင်ရွက်ခဲ့ခြင်းမရှိသူများက ရန်ပုံငွေထည့်ဝင်ခဲ့သော အခြား အိမ်များ မီးလင်းလာကာမှ ၎င်းတို့မီးမရ၍ တိုင်ကြားခြင်း၊ အများသူငါကဲ့သို့ ထည့်ဝင်ကြေး တန်းတူရည်တူ မထည့်ဝင်လိုဘဲ ရန်ပုံငွေအနည်းငယ်သာ ထည့်ဝင်ခွင့်ရရန် တိုင်ကြားခြင်းများ ရှိသကဲ့သို့ မီးလင်းရေးကော်မတီများ၏ မမှန်မကန်ဆောင်ရွက်မှုအချို့ကြောင့် တိုင်ကြားမှုများလည်း ရှိတတ်ပါကြောင်း၊ တစ်ရွာတည်းနေသော်လည်း ပုဂ္ဂိုလ်ရေးကိစ္စများကို အကြောင်းပြု၍ မီးလင်းရေးကိစ္စအားလည်း ဦးတည်တိုင်တန်းမှုများလည်း ရှိပါကြောင်း၊
ကျေးရွာမီးလင်းရေးကိစ္စသည် ကျေးရွာပြည်သူများ၏ စုပေါင်းရန်ပုံငွေဖြင့် လျှပ်စစ်မီးရရှိရေးကိစ္စများ၊ ဓာတ်အားဖြန့်ဖြူးရေး ကိစ္စရပ်များ၊ ငွေကြေးဆိုင်ရာကိစ္စများကို မီးလင်းရေးကော်မတီက စီမံခန့်ခွဲပြီး ကော်မတီသုံးငွေ စာရင်းနှင့်ပတ်သက်၍ မပြေလည်မှုများ ပေါ်ပေါက်လာပါကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက တရားဥပဒေအရ ဖြေရှင်းဆောင်ရွက်ခွင့်ရှိပါကြောင်း၊
မိမိတို့၏ ဝန်ကြီးဌာနမှ ဝန်ထမ်းများက ငွေကြေးပါဝင်ပတ်သက်မှုရှိပါက ဌာနဆိုင်ရာစုံစမ်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းစစ်ဆေးကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျ အရေးယူ ဆောင်ရွက်ကာ ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ပိုင်လျှပ်စစ်မီးကို မည်သည့် အဖွဲ့အစည်းကိုမှ မိမိသဘောနှင့် စီမံဖြန့်ဖြူးခွင့်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုထားခြင်းမရှိပါကြောင်း၊ ကျေးရွာမီးလင်းရေးကိစ္စများကို ဆောင်ရွက်ရန် ကော်မတီများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသအာဏာပိုင်များမှ ကြီးမှူးဖွဲ့စည်းပေးထားခြင်း ဖြစ်ပါကြောင်းနှင့် မည်သည့်အဖွဲ့အစည်းကိုမှ တာဝန်ယူ စီမံခန့်ခွဲခွင့် ပေးထားခြင်း မရှိပါကြောင်း၊ ကျေးရွာ မီးလင်းရေးကော်မတီကို ကျေးရွာနေပြည်သူများက အများဆန္ဒအရသာ ရွေးချယ်ဖွဲ့စည်းဆောင်ရွက်ရသည့်ကိစ္စ ဖြစ်ပါကြောင်းနှင့် အများဆန္ဒဟု ဆိုသည့်တိုင်အောင်လည်း သဘောထားကွဲလွဲမှုများ ရှိနေနိုင်ပါကြောင်း၊ မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်းရှိ ပြည်သူများ မီးလင်းရေးရန်ပုံငွေများကို စနစ်တကျကောက်ခံ သုံးစွဲရေး၊ စာရင်း မှန်မှန်ကန်ကန် ရှင်းလင်းရေးနှင့် ကျေးရွာပြည်သူများကလည်း စည်းစည်းလုံးလုံး ဆောင်ရွက်ရေးတို့ကို ရွေးကောက်ခံကိုယ်စားလှယ်ကြီးများအနေဖြင့် စည်း ရုံးဟောပြောပေး ပါက ကျေးရွာမီးလင်းရေးလုပ်ငန်းများသည် ယခုထက်ပို၍ အောင်မြင်လာမည်ဖြစ်ပါကြောင်း၊ ယုံကြည်မိပါကြောင်းနှင့် ကူညီဆောင်ရွက်ပေး ပါစေ လိုကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာအေးမင်း (ခရမ်း) က ဆက်စပ်မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကျယ်တဝင့် ဖြေကြားပေးသွားသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ မိမိမေးမြန်းသည့် မေးခွန်းတွင် အဓိက က ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး သံသယဖြစ်စရာကောင်းသော မမှန်မကန်ကိစ္စများ ခေါင်းစဉ်တပ်ပြီး သုံးစွဲထားသည်ကို တွေ့ရပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မိမိတို့က မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များကို ဖွင့်ပြောပြီး အစည်းအဝေးများတွင် ချပြကာ မည်သို့ ဆောင်ရွက်ပေးမည်ကို မေးမြန်းပြောဆိုရာ လျှပ်စစ်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရင်းစစ်ဆေးသည့် ဌာနများအနေဖြင့် မည်သို့မျှ လုပ်မပေးနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငွေကြေးနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ကိစ္စများကို လျှပ်စစ်မီးလင်းရေးကော်မတီနှင့် ကျေးရွာများတွင် ဖြစ်ပေါ်နေသော ငွေကြေးဆိုင်ရာ ပြဿနာများကို မည်သည့်ဌာနများက ဆက်၍တိုင်ကြားရမည်ကို သိရှိ လိုကြောင်း ဆက်စပ်မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
မီးလင်းရေးကော်မတီများက မိမိတို့၏ ကျေးရွာအလိုက် မီးလင်းရေးရန်ပုံငွေကောက်ခံရရှိသော စာရင်းအင်းများကို စနစ်တကျ မိမိကျေးရွာနေပြည်သူများကို ပြန်လည်ပြီး ရှင်းလင်းတင်ပြရန် တာဝန်ရှိပါကြောင်း၊ ထိုအတွက်လည်း မူလချမှတ်ထားခဲ့သော ကတိခံဝန်ချက်များတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ ငွေရေးကြေးရေးစီမံခန့်ခွဲမှု ကိစ္စရပ်များအပေါ် မိမိတို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းများ၊ သက်ဆိုင်ရာ မီးလင်းရေးကျေးရွာနှင့် ဆက်စပ်နေသည့် မြို့နယ်များရှိ ဝန်ထမ်းများအနေဖြင့် ပါဝင်ပတ်သက်ခြင်းနှင့် စီမံခန့်ခွဲခွင့် မရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ မြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်းများသည် အဆိုပါ ကိစ္စရပ်များအပေါ် စာရင်းရှင်းလင်းနိုင်ခွင့်လည်း မရှိပါကြောင်း၊ အကယ်၍ သက်ဆိုင်ရာ ကျေးရွာမီးလင်းရေး ကော်မတီများ၏ ငွေရေးကြေးရေးဆောင်ရွက်ထားမှုများနှင့် စာရင်း ရှင်းလင်းဖော်ပြထားချက်များ အပေါ်တွင် သက်ဆိုင်ရာဒေသခံပြည်သူများက ကျေနပ်မှုမရှိပါက တရားဥပဒေနည်းလမ်းများအရ ဖြေရှင်းဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
