(ဂ)-မင်းတပ်မြို့နယ်အတွက်၆၆KVဓာတ်အားလိုင်း စီမံကိန်းမှလျှပ်စစ်မီးရရှိရေးနှင့်မင်းတပ်မြို့ပေါ်တွင် သာမကဘဲ ကျေးရွာများကိုပါ လျှပ်စစ်မီးရရှိစေရန် ဓာတ်အားလိုင်း ဖြန့်ဖြူးသွားရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၇.၆.၂၀၁၆)

ဦးနေလင်းအောင်(မင်းတပ်)မင်းတပ်မြို့နယ်အတွက် ၆၆ KV ဓာတ်အားလိုင်းစီမံကိန်းမှ လျှပ်စစ်မီးရရှိရန်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြီးကြပ်မှုမှ တစ်ဆင့် ခင်မောင်ညွန့်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ မိမိတို့ မင်းတပ်မြို့ တွင် လျှပ်စစ် ရရှိခြင်း မရှိပါကြောင်း၊ ထို့ကြောင့် မင်းတပ်မြို့နယ်အတွက် ၆၆ KV ဓာတ်အားလိုင်းစီမံကိန်းမှ လျှပ်စစ်မီးရရှိရန် မည်သည့်အချိန်တွင် ပြီးစီးအောင်ဆောင်ရွက်နိုင် ပါမည်ကိုလည်းကောင်း၊ တင်ဒါခေါ် ယူစဉ်က ဆောင်ရွက်ခဲ့သည့်ကုမ္ပဏီအနေဖြင့် သတ်မှတ်ချိန်အတွင်း ၎င်းစီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်မှုရှိ/မရှိဆိုသည်နှင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက မည်သည့် အတွက်ကြောင့်ဆိုသည်ကို လည်းကောင်း၊ ၎င်းစီမံကိန်းမှရရှိလာသော လျှပ်စစ်မီးကို မင်းတပ်မြို့ပေါ်တွင် သာမက မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကိုပါ လျှပ်စစ်မီးရရှိစေရန် ဓာတ်အားလိုင်းဖြန့်ဖြူးသွားဖို့ အစီအစဉ်ရှိ/မရှိကိုလည်းကောင်းသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဦးဖေဇင်ထွန်းချင်းပြည်နယ်၊ မင်းတပ်မြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ပေါက်-မင်းတပ် ၆၆ KV ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် Turnkey တင်ဒါနှင့် ခေါ်ဆိုခဲ့ရာ ပေါက်-မင်းတပ် ဓာတ်အားလိုင်းစီမံကိန်းအား ခင်မောင်ညွန့်ကုမ္ပဏီမှလည်းကောင်း၊ မင်းတပ်ဓာတ်အားခွဲရုံစီမံကိန်းအား တိုင်းရင်းသားပိုင် National Energy Group Construction (NEGC) ကုမ္ပဏီမှလည်းကောင်း တင်ဒါအောင်မြင်ပြီး စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပေါက်-မင်းတပ်သို့ ဆက်သွယ်ထားသည့်ကားလမ်းအကျယ်အား တိုးချဲ့ တည်ဆောက်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်းသောဓာတ်အားလိုင်း လမ်းအူကြောင်းအား ပြန်လည် တိုင်းတာပြင်ဆင်ရခြင်း၊ ယခင်တိုင်းတာထားသည့်လိုင်းအူကြောင်းအရ တည်ဆောက်ထားခြင်း မရှိသေး သည့် အိမ်များမှ ဓာတ်အားလိုင်းတည်ဆောက်ချိန်တွင် တည်ရှိလာ၍ လိုင်းအူကြောင်းပြောင်းလဲရခြင်း၊  မြေယာနှင့် သီးနှံလျော်ကြေးကိစ္စရပ်များအား ဒေသခံများ၏ကန့်ကွက်မှုများ ကြောင့် ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းများအား ရပ်နားထားရခြင်းတို့ကြောင့် အချိန်ကြန့်ကြာခဲ့ ရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ၆၆ KV ပေါက်-မင်းတပ်ဓာတ်အားလိုင်းမှ ၈၀ ရာခိုင်နှုန်းနှင့် မင်းတပ် ဓာတ်အားခွဲရုံမှ ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်းနှင့် မင်းတပ်မြို့သို့ လျှပ်စစ်ဓာတ်အားဆောလျင်စွာ ဖြန့်ဖြူးပေးနိုင်ရန် ယခု ရက် ၁၀၀ စီမံကိန်းပြီးနောက် ထပ်မံပြုလုပ်မည့် ရက် ၁၀၀ စီမံကိန်းအတွင်း အပြီးထည့်သွင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

မင်းတပ်မြို့ပေါ်ရှိရပ်ကွက် အားလုံးကို ဓာတ်အားဖြန့်ဖြူးရန်အတွက် ၁၁ KV ဓာတ်အားလိုင်း ၅ မိုင်၊ 11/0.4 KV ထရန်စဖော်မာ နှစ်လုံးတည်ဆောက်ခြင်းလုပ်ငန်းအတွက် စုစုပေါင်းကုန်ကျစရိတ် ၁၇၆.၇၄ သန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ၁၁ KV ဓာတ်အားလိုင်း ၁.၁၃ မိုင်၊ ၁၁/ဝ.၄ KV ထရန်စဖော်မာ သုံးလုံး၊ ၄၀၀ ဗို့လိုင်း ၁.၂၇ မိုင် တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ကုန်ကျစရိတ် ၂၆၉.၃၆၇ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ ပြီးဖြစ်သည့်နည်းတူ ၁၁ KV လိုင်း ၁.၄ မိုင်၊ 11/0.4 KV ထရန်စဖော်မာ နှစ်လုံးနှင့် ၄၀၀ ဗို့လိုင်း ၂ မိုင်အား ဆောင်ရွက်နိုင်ရန် စုစုပေါင်းကုန်ကျစရိတ် ၁၅၂.၆၃၂ သန်းကို ပြည်နယ်အစိုးရ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊

မင်းတပ်မြို့နယ်အတွင်းရှိ ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ဓာတ်အားရရှိနိုင်သော ကျော့တော် ကျေးရွာ၊ ဘော-၃ ကျေးရွာ၊ ပြည်ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် ကမ္ဘာ့ဘဏ်ချေးငွေ ဖြင့် ဆောင်ရွက် လျက်ရှိသော အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း၏ ပထမဦးစားပေးအဆင့်တွင် ထည့်သွင်းလျာထား ပေးပြီးဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာများအတွက် ၄၀၀ ဗို့လိုင်းဆောင်ရွက်ခြင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊   ထို့အတူ မင်းတပ်မြို့နယ်အတွင်းရှိ ဘောင်ထဲကျေးရွာ၊ လှေးကောင်းကျေးရွာ၊ ပန်းအောကျေးရွာ၊ မကြန်းအိမ်ကျေးရွာများကိုလည်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)၏ ဒုတိယ ဦးစားပေး အဆင့်တွင် ထည့်သွင်းလျာထားပေးပြီး ကျန်ကျေးရွာအနည်းငယ်အား လျှပ်စစ်ဓာတ်အား ဆက်လက်ဖြန့်ဖြူးနိုင်ရန်အတွက် ပြည်နယ်အစိုးရ ဘတ်ဂျက်နှင့် ဆောင်ရွက်ပေးသွားနိုင်ရန် သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရကို ညှိနှိုင်းဆောင်ရွက်ပေး သွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။