၁၉၈၀ ကျော်နှစ်များနှင့် ၁၉၉၀ ပတ်ဝန်းကျင်နှစ်များက ရွှေတောင်မြို့သူမြို့သားများသာမက ပြည်ခရိုင် အတွင်းရှိမြို့နယ်များ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမှ မြို့နယ်အချို့ကပါ ပြည်သူအများ လာရောက်ပြီး ရွှေတောင်ချည်မျှင်နှင့် အထည်စက်ရုံတွင် လာရောက်အလုပ်လုပ်ကိုင်ကြပါကြောင်း၊ ထု့ိပြင် စက်ရုံစတင်တည်ဆောက်စဉ်ကတည်းက သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်အထိ စီမံကိန်းအကောင်အထည် မဖော်ဘဲ ကျန်ရှိနေတဲ့မြေ ၁၇၄.၆၄ ဧကကို တောင်သူများက ပြန်လည်တင်ပြတောင်းခံရာတွင်လည်း သက်ဆိုင်ရာဌာနမှ စီမံကိန်းအကောင်အထည်ဖော်ရန်ရှိသည်ဟု ပြန်လည်ဖြေကြားထားပါကြောင်း၊ ထို့ကြောင့် မည်သည့်စီမံကိန်းများကို အကောင်အထည်ဖော်မည်၊ မည်သည့်အချိန်ကာလတွင် စီမံကိန်းစတင်မည်နှင့် စီမံကိန်းစတင်သည့်အချိန်နှင့် ပြီးစီးသည့်အချိန်များတွင် ဒေသခံပြည်သူများအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုပါ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒ(၁၂)ရပ်တွင် ချမှတ်ထားသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင် စေရန်ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ နိုင်ခြေရှိသောလုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ်ပြောင်းလဲ လုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင် ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပံ့ပိုးကူညီပေးရန်ဟူသည့် မူဝါဒနှင့်အညီ စက်မှုဝန်ကြီးဌာန သည် နိုင်ငံပိုင်စက်ရုံများကို အောင်မြင်မှုရရှိစေရန် စီမံဆောင်ရွက်လျက်ရှိရာ အမှတ်(၁)အထည် စက်ရုံ (ရွှေတောင်)ကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်းကာ နည်းပညာအသစ်များ အသုံးပြု၍ အရည်အသွေး မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အဆင့်နှစ်ဆင့်ဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ပထမအဆင့်အနေဖြင့် အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)ကို ပြောင်းလဲလာသည့် ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ နည်းပညာနှင့် စက်ပစ္စည်းများအဆင့်မြှင့်တင်၍ အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်ရုံရှိအချောကိုင်ဌာနအား ဂျပန်နိုင်ငံ Tsuyatomo Co.,Ltd နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိနေပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒုတိယ ခြောက်လပတ်အတွင်း စီမံကိန်းများကို စတင်ဆောင်ရွက် နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊
ဒုတိယအဆင့်အနေဖြင့် စက်ရုံဧရိယာ မြေလွတ် ၁၂၇ ဧကအား ချည်မျှင်နှင့်အထည်အထူးစက်မှုဇုန် Specialized Textile and Garment Zone အဖြစ် ဆက်လက်တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစက်မှုဇုန်တွင် ချည်မျှင်နှင့် အထည်လုပ်ငန်း၏ Supply Chain လုပ်ငန်းများအတွက် ဒေသခံလုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)ကို အမှီပြု၍ ရွှေတောင်ဒေသတွင် အထည်အလိပ်လုပ်ငန်းဆိုင်ရာ စက်မှုဇုန်တစ်ခုဖြစ်ပေါ်လာပြီး ဒေသဖွံ့ဖြိုး တိုးတက်ရုံ သာမက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေမည် ဖြစ်သည့်အပြင် ချည်မျှင်နှင့်အထည်ထုတ်လုပ်မှု လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သား များကို မွေးထုတ်ပေးနိုင်ရေးအတွက် Textile Vocational Training Center တစ်ခုကို ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများနှင့် အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနိုင်ရန်အတွက် ခန့်မှန်းကာလ စုစုပေါင်းနှစ်နှစ်ခန့် ကြာမြင့်နိုင်မှာဖြစ်ပါကြောင်း၊
အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)နှင့်အတူ ပေါ်ထွန်းလာမည့် အထည်အလိပ်လုပ်ငန်းဆိုင်ရာ စက်မှုဇုန်ရှိ ပြည်တွင်းပြည်ပနှင့်ဒေသခံ လုပ်ငန်းများအကြား ကုန်ထုတ်လုပ်မှုကွင်းဆက်များ ချိတ်ဆက်မိပြီး မြန်မာနိုင်ငံ၏ အထည်အလိပ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာမှာ ဖြစ်ပါကြောင်း၊ အထက်ပါလုပ်ငန်းစီမံကိန်းများအတွက် ဂျပန်နိုင်ငံ Tsuyatomo Co.,Ltd အပါအဝင် ပြည်တွင်းပြည်ပပညာရှင်များနှင့်ပူးပေါင်း၍ Feasibility Study ပြုလုပ် လျက်ရှိပြီး စီမံကိန်း အကောင်အထည်ဖော်မှုအစီအစဉ် Time Frame အား ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည် ပြုချက်ရယူ၍ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ယခုအချိန်တွင် ဒေသဖွံ့ဖြိုးရေးအတွက် စက်ရုံ အနီးရှိ လျှပ်စစ်ဓာတ်အားမရရှိသေးသော အိမ်ခြေ ၁၃၂ လုံးနှင့် လူဦးရေ ၄၆၄ ဦးနေထိုင်လျက် ရှိကြသည့် ကြက်ဖြူတောင်ရွာအား မိမိစက်ရုံအစီအစဉ်ဖြင့် 100 KVA Transformer တစ်လုံး တပ်ဆင်၍ ကျေးရွာမီးလင်းရေးရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်ပါသဖြင့် ဒေသခံပြည်သူများ အနေဖြင့် ထိုက်သင့်သော အကျိုးကျေးဇူးများကို စတင်ခံစားနေကြရပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
