အင်ကြင်းကျောက်သည်သစ်ပင်များမှ နှစ်သန်းပေါင်းများစွာကြာမြင့်သည့်အခါ ကျောက်အဖြစ် ပြောင်းလဲသွားသည့် ရှားပါးသော ရုပ်ကြွင်းကျောက်တစ်မျိုးဖြစ်ပါကြောင်း၊ ယင်းကျောက်များ၏ အတွင်းသားသည် လှပသည့်အရောင်အသွေးများရှိတတ်ပါကြောင်း၊ ယခုလို ကျောက်မျိုးများကို အလှဆင်ရန်အတွက် လည်းကောင်း၊ လက်ဝတ်တန်ဆာအဖြစ်လည်းကောင်း အသုံးပြုကြပြီး ၎င်း၏ တန်ဖိုးမှလည်းကြီးမားပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်တွင် ယခင်ကတည်းက အင်ကြင်းကျောက်များ စွာရှိသော်လည်း တန်ဖိုးကိုနားမလည်သည့်အတွက် တူးဖော်ရောင်းချခြင်း၊ အသုံးပြုခြင်းများမရှိခဲ့ ပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် တရုတ်ပြည်မှ ဝယ်ယူမှုများရှိလာသဖြင့် တူးဖော် ရောင်းချမှုများ စတင်လာခဲ့ပါကြောင်း၊ယခုလိုတူးဖော်ရောင်းချမှုများရှိလာသော်လည်း နိုင်ငံတော်မှ မူဝါဒ ချမှတ်ပေးခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ အင်ကြင်းကျောက်ကို တူးဖော်တင်ပို့ ရောင်းချခဲ့ခြင်းရာတွင် အကျင့်ပျက်ဝန်ထမ်းများနှင့်ပေါင်းပြီး လိုင်းကြေးများပေးပြီး တရားမဝင်ပြုလုပ်ခဲ့ခြင်းများဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အခွန်ငွေတစ်ပြားတစ်ချပ်မှမရပါဘဲ တန်ဖိုးကြီးသည့်နိုင်ငံ၏ သယံဇာတများသည် တစ်ဖက်နိုင်ငသို့ ဈေးပေါပေါဖြင့်ရောက်ရှိသွားခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်ခန့်ကစပြီး အင်ကြင်းကျောက် ကို အမှတ်(၃) သတ္တုတွင်းလုပ်ငန်း၊ အနောက်ပိုင်း အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ စီမံခန့်ခွဲမှု အောက်သို့ ထည့်သွင်းခဲ့ပြီး ဓာတ်သတ္တုကို သုံးရာခိုင်နှုန်း၊ ထုတ်လုပ်မှုပုံအချိုး ၈.၂၅ ရာခိုင်နှုန်းနှင့် တွင်းဝဝင် သုံးရာခိုင်နှုန်းကို ပေးဆောင်စေပြီး တင်ပို့ရောင်း ချခွင့်ကို တရားဝင်ခွင့်ပြု လာခဲ့ပါကြောင်း၊သို့သော် ၎င်းမူဝါဒသည် လက်တွေ့အခြေအနေနှင့် မကိုက်ညီမှုများမရှိသည်ကို တွေ့ရပါကြောင်း၊ ပထမတစ်ခုမှ ကျောက်အတန်း အစားခွဲခြားမှုဖြစ်ပါကြောင်း၊ အင်ကြင်းကျောက်ကို ကျောက်အတန်း အစား A, B, C နှင့် D ဆိုပြီး လေးမျိုးခွဲထားပြီး အခွန်ဆောင်ရန်ဈေးဖြတ်ပါကြောင်း၊ အကောင်းဆုံး A နှင့် အညံ့ဆုံး D မှ ခွဲခြားရန် လွယ်ကူသည့်အတွက် ပြဿနာမရှိသော်လည်း အလယ်အလတ်တန်းစား B နှင့် C မှာအဆင်မပြေပါကြောင်း၊ အင်ကြင်းကျောက်ဆိုသည့် ကျောက်တုံးတစ်တုံးထဲတွင် အရည် အသွေးမှ အပိုင်းလိုက်ကွဲပြားသည့်အပြင် B အဆင့်နှင့် C အဆင့်မှလည်း ခွဲခြားရန် အလွန်ခက်ခဲ ပါကြောင်း၊ ထို့ကြောင့် အမျိုးအစားသတ်မှတ်ချက်ကို သုံးမျိုးဘဲသတ်မှတ်ပါက အဆင်ပြေပါကြောင်း၊ ထို့အပြင် ဈေးနှုန်း စိစစ်ရေးအတွက်လျှောက်ထားပါက တစ်လကြာအောင်စောင့်ရပြီး ဈေးနှုန်းစိစစ်ရေး ကော်မတီမှ ဈေးဖြတ်ပြီး Export လိုင်စင်လျှောက်ထားသည့်အခါတွင်လည်း တစ်လခွဲလောက်အထိ စောင့်ဆိုင်းနေရပါကြောင်း၊ အင်ကြင်းကျောက်သည် တူးဖော်ပြီး ကွင်းပြင်တွင်ဒီအတိုင်းထားသည့် အချိန်ကြာလာပါက အရောင်မှိန်လာပြီး တန်ဖိုးကျတတ်ပါကြောင်း၊ ၎င်းအချိန်ကာလ ကြန့်ကြာမှုများ သည် ချေးငှားပြီးလုပ်ရသည်ဒေသခံအချို့အတွက် များစွာအဆင်မပြေဖြစ်ရပါကြောင်း၊ ထို့ကြောင့် ဈေးနှုန်းစိစစ်ခြင်းနှင့် Export လိုင်စင်ထုတ်ပေးခြင်းများကို လျင်လျင်မြန်မြန် ပြီးစီးအောင်ဆောင်ရွက် သင့်ပါကြောင်း၊ နောက်တစ်ချက်မှ အင်ကြင်းကျောက်ကို တရားဝင် တင်ပို့ ရောင်းချခွင့်ပြုထား သော်လည်း ဥပဒေနှင့်အညီတူးဖော်ခွင့်ရအောင် မည်သို့လုပ်ရမည်ဆိုသည်ကို တိတိကျကျမသိရ သည့် အတွက် လွယ်ကူစွာလျှောက်ထားနိုင်ရန် မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကို သိရှိနိုင် အောင်ရွက် ပေးရန်လိုအပ် နေပါကြောင်း၊ အင်ကြင်းကျောက်သည့် အကန့်အသတ်နှင့်ရှိနေသည့် သဘာဝသယံဇာတများဖြစ်ပါကြောင်း၊ ထို့ကြောင့် အရိုင်းအတိုင်း အများအပြားရောင်းချတာမျိုးကို နည်းနိုင်သလောက်နည်းပြီး Value Added ဖြစ်သည့် အချောထည်အဖြစ် ရောင်းချခြင်းကို အဓိက ဖြစ်အောင်ဆောင်ရွက်သင့်ပါကြောင်း၊သို့မှသာ အချောထည်ပြုလုပ်မယ့်လုပ်ငန်းများတွင် ဒေသခံများ အလုပ်အကိုင်ရလာမှာဖြစ်ပြီး သဘာဝ သယံဇာတများကုန်ဆုံးမှုကိုလည်း လျှော့နည်းစေမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် Value Added ဖြစ်လေ အခွန်လျှော့ကောက်လေဆိုသည့် မူများကိုချပေးရန်၊ အချောထည်လက်မှုပစ္စည်းများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးသင့်ပါ ကြောင်း၊အင်ကြင်းကျောက်ကို တရုတ်ပြည်တွင် သွားရောင်းရသဖြင့် ဈေးနှိမ်ပါကြောင်း၊ လေးလံသည့်ကျောက်များကို ပြန်သယ်သွားရန်မလွယ်သဖြင့် ရရာဈေးဖြင့်ရောင်းရသည်များကို မကြာခဏကြုံတွေ့နေရ သဖြင့် အစိုးရအနေဖြင့် နည်းလမ်းရှာ၍ ဆောင်ရွက်ပေးသင့်သလို အင်ကြင်းကျောက်နှင့်ပြုလုပ်ထားသည့် ရုပ်ထု၊ လက်ဝတ်တန်ဆာများကို တရုတ်အပြင် ဗီယက်နန်၊ ဂျပန်၊ ထိုင်ဝမ် ကဲ့သို့နိုင်ငံများမှလည်း နှစ်ခြိုက်စွာ ဝယ်ယူသည့်အတွက် ၎င်းနိုင်ငံများသို့ ရောင်းချနိုင် ရန် ကူညီဆောင်ရွက်ပေးသင့်ပါကြောင်း၊ ကမ္ဘာလှည့်ဧည့်သည်များအနေဖြင့် အင်ကြင်းကျောက်ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများအတွက် Cash Memo ထုတ်မပေးနိုင် သည့်အတွက် လေယာဉ်ကွင်း များတွင်ထားခဲ့ရသည့်အတွက် နောက်ပိုင်းတွင် ဝယ်ယူခြင်းမရှိသဖြင့် ၎င်းကိစ္စကိုလည်းစီစဉ် ဆောင်ရွက်ပေးရန် လိုအပ်လိမ့်မည်ဟုထင်ပါကြောင်း၊ မူဝါဒတစ်ခုကိုချမှတ်သည့်အခါတွင် လက်တွေ့ ကျင့်သုံးရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် အများဆုံးအကျိုးပြုနိုင်ရန်ဆိုသည့် အချက်နှစ်ချက် အပေါ် မူတည်ပြီး စဉ်းစားရမည်ဖြစ်ပါကြောင်း၊ အင်ကြင်းကျောက်နှင့်ပတ်သက်ပြီး ၎င်းနှစ်ချက်နှင့် ကိုက်ညီသည့် မူဝါဒသစ်တစ်ရပ် ချမှတ် ရန်လိုပါကြောင်း၊သို့ဖြစ်ပါ၍ အင်ကြင်းကျောက်တူးဖော် တင်ပို့ရောင်းချနေခြင်းများကို နိုင်ငံတော်နှင့် ဒေသခံပြည်သူများ အကျိုးအမြတ်ဖြစ်ထွန်းစေရေး အတွက် မည်ကဲ့သို့သောမူဝါဒများ ချမှတ်၍ မည်ကဲ့ သို့ဈေးကွက်ဖော်ဆောင်ပေးခြင်းများ ပြုလုပ်ပေး မည် ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
၂-၂-၂၀၀၁ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့၏ (၈/၂၀၀၁)ကြိမ်မြောက် အစည်းအဝေး၏ သဘောတူညီချက်အရ ယခင် သတ္တုတွင်းဝန်ကြီးဌာနမှနေပြီး ၂၇-၂-၂၀၀၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၂၀/၂၀၀၁)ကို ထုတ်ပြန်ကြေညာပြီး အင်ကြင်းကျောက်ကို အလှဆင်ကျောက်ထုတ်လုပ် ရန် အဆင့်မီသည့် ကျောက်အဖြစ် ဖြည့်စွက်သတ်မှတ်ခဲ့ပါကြောင်း၊ ၅-၇-၂၀၀၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၅/၂၀၁၂) အစည်းအဝေးတွင် သဘောတူညီချက်အရ ယခင်သတ္တုတွင်းဝန်ကြီးဌာနမှ ၁၃-၇-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၁၂)ကို ထုတ်ပြန်ပြီး အင်ကြင်းကျောက် ကို မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ အများပိုင်ကုမ္ပဏီများကို စနစ်တကျ ဖွဲ့စည်းမှတ်ပုံတင်ပြီးရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ တူးဖော် ထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့် ပြုပြင်ခြင်းများနှင့် ပြည်တွင်း၊ ပြည်ပသို့တင်ပို့ရောင်းချမှုများကို သတ်မှတ် လုပ်ထုံးများနှင့်အညီ လုပ်ဆောင်ရန်အတွက် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနမှ စီမံခန့်ခွဲနိုင်ရန် အတွက် အလှဆင်ကျောက်ထုတ်လုပ်ရန် အဆင့်မီကျောက်အဖြစ် သတ်မှတ်ခဲ့သော်လည်း အင်ကြင်းကျောက်၏ သဘာဝအရ သတ္တု၏စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်းများ ကို လုပ်ကွက် တစ်ကွက် အတွင်း အကြောလိုက် Deposit လိုက် တည်ရှိနေခြင်းမဟုတ်ဘဲ နေရာအနှံအပြားတွင် Started ဖြစ်နေသည့် အတွက်ကြောင့် လုပ်ကွက်နေရာသတ်မှတ်တူးဖော်ခြင်းသည် အခက်အခဲ ရှိပါကြောင်း၊ သို့ပါသော် တရားဝင်ဖြစ်ရန် တူးဖော်ထုတ်လုပ်သူများရရှိသည့် အင်ကြင်းကျောက် အပေါ်တွင် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းမှ သတ်မှတ်ထားသည့် ဒေသပေါက်ဈေးငွေဖြင့် ဓာတ်သတ္တုခွန် ကို သတ္တုတွင်းဦးစီးဌာနသို့ ပေးဆောင်စေပြီး ပြည်တွင်းပြည်ပ သယ်ယူရောင်းချမှု များကိုလည်း လုပ်ငန်းကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခင်သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၃)မှ အမှတ်(၁)သ့ို ပြောင်းလဲပြီးဆောင်ရွက်ခဲ့ပါကြောင်း၊ တရားမဝင်တူးဖော်ရောင်းချနေသည့် အင်ကြင်းကျောက်လုပ်ငန်းများကို တရားဝင်လုပ်ငန်းဖြစ်လာ စေရန် အတွက် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့်အခွန်အခများကို ဆုံးရှုံးလျော့ပါးမှုမဖြစ် စေ ရေး နှင့် တရားမဝင် သယ်ယူရောင်းချမှုမရှိစေရေးတို့အတွက် အင်ကြင်းကျောက်လုပ်ငန်းရှင်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ တရားဝင်ကုမ္ပဏီများဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်ပြီး ၇-၇-၂၀၁၃ ရက်နေ့တွင် လုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပြီး အင်ကြင်းကျောက်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသည် အင်ကြင်း ကျောက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းပြီး အင်ကြင်းကျောက်ပြည်တွင်းသယ်ယူပို့ဆောင်ရေးနှင့် ပြည်ပသယ်ယူပို့ဆောင်ရေးများကိုလည်းအပေါ်တွင် စိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊အင်ကြင်းကျောက်ကို ပြည်တွင်း သယ်ယူခြင်း၊ ပြည်ပသို့ သယ်ယူခြင်းများပြုလုပ်ရန် အင်ကြင်း ကျောက်လုပ်ငန်းရှင်များအသင်းနှင့် အရင်ဆက်သွယ်ရပါကြောင်း၊ အသင်း၏စိစစ်ထောက်ခံ ချက်နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ တင်ပြလျှောက်ထားရပါကြောင်း၊ တင်ပြလျှောက်ထားမှု အပေါ်တွင် ဝန်ကြီးဌာနမှ အင်ကြင်းကျောက်၏ အရည်အသွေး၊ အတန်းအစား၊ တန်ချိန်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် စစ်ဆေးဆောင်ရွက်ပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ အပေါ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဈေးနှုန်းစိစစ်ရေး ကော်မတီ မှ ထပ်မံစိစစ်ပြီး ဈေးနှုန်းကို ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး EC မှ အတည်ပြုပါကြောင်း၊
လုပ်ငန်းရှင်များအနေနှင့် ပြည်တွင်းသယ်ယူရန်အတွက် မြန်မာကျပ်ငွေဖြင့်ပေးရမည့် ဓာတ်သတ္တုတွင်းခွန်မှ ၂ ရာခိုင်နှုန်းဖြစ်ပြီး ခွဲဝေမှုအချိုးမှ ၈.၂၅ ရာခိုင်နှုန်းကို ဝန်ကြီးဌာနသို့ပေးသွင်း ပြီး မျှောစာထုတ်ပေးခြင်းဖြင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်သွားပါကြောင်း၊ ပြည်ပပို့ဆောင်မှု များအတွက် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာနှင့် ပေးရမည့့် ဓာတ်သတ္တုခွန် ၂ ရာခိုင်နှုန်းနှင့် ခွဲဝေမှုအချိုး ၈.၂၅ ရာခိုင်နှုန်းအပြင် မြန်မာကျပ်ငွေ ဒေသပေါက်ဈေး ၃ ရာခိုင်နှုန်းကို ပေးဆောင်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ဈေးနှုန်းထောက်ခံချက်များထုတ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်းအနေဖြင့် အချောထည်ပြုလုပ်ရန် အတွက် နည်းပညာများ လိုအပ်ချက်ရှိခြင်း၊ ငွေကြေးနှင့် စက်ကိရိယာရင်းနှီးမြှုပ်နှံမှု ပမာဏမြင့်မား ခြင်း၊ ပြည်တွင်းအသုံးပြုမှု နည်းပါးခြင်း ပြည်ပဝယ်လက်၏ လိုအပ်ချက်ပေါ်မူတည်ပြီး ဈေးကွက် ဖြစ်ခြင်း တို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ချောကြမ်း(simi-finish)အဆင့်ပြုပြင်ပြီး အင်ကြင်း ကျောက်များကို တင်ပို့ရောင်းချခြင်းအား ဖြေလျော့၍ ခွင့်ပြုပေးသည့် အခြေအနေတွင် ရှိပါကြောင်း၊ အင်ကြင်းကျောက်ကို Promotion အနေဖြင့် ကျောက်မျက်ရတနာပြပွဲများတွင် ပြသရောင်းခွင့်များ ကိုခွင့်ပြုထားလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးနိုင်ထူးအောင်(နွားထိုးကြီး)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
လက်ရှိရှိနေသည့်မူဝါဒသည် တကယ့်လက်တွေ့လုပ်ဆောင်သည့်အခါတွင် အခက်အခဲများ တကယ် ဖြစ်နေသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းမေးနိုင်ရန်အတွက် အင်ကြင်းကျောက် လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ်တွေ့ပြီး အင်ကြင်းကျောက် တူးဖော်မှုလုပ်သည့် နေရာများတွင်လည်း မိမိကိုယ်တိုင် သွားကြည့်ပြီး၎င်းတို့နှင့်လည်း တွေ့ဆုံခဲ့ရာတွင် နံပါတ်(၁) အတန်းအစားလေး မျိုး ခွဲခြားခြင်းသည် တကယ်ကို အဆင်မပြေပါကြောင်း၊ မိမိကိုယ်တိုင် ကျောက်များကို ကြည့်ပါကြောင်း၊ မည်သို့မှ ခွဲခြားရန်မလွယ်ပါကြောင်း၊ သို့သော် ဈေးနှုန်းဖြတ်သည့်အခါ B တစ်တန်ကို ဒေါ်လာ ၇၅၀၀ ဖြတ်ပြီး၊ C ကို ဒေါ်လာ ၅၃၀၀ ဖြစ်နေပါကြောင်း၊ ထို့အခါ စောအောသည့်ဂွင်ပမာဏသည် ကွာနေပါကြောင်း၊ ထို့အခါတွင် တကယ် B ကို C လို့ထားမည်၊ ဒါဆိုရင် ညှိ/နှိုင်းမည် ဆိုတာမျိုး ဖြစ်လာနိုင်ပါကြောင်း၊ မူဝါဒကို ရှင်းရှင်းလင်းလင်း ချမှတ်မည်ဆိုပါက Corruption လည်း ရှင်းသွား နိုင်သလို အငြင်းပွားစရာကိစ္စတွေလည်း ရှင်းသွားနိုင်ပါကြောင်း၊ ထို့ကြောင့် သုံးမျိုးဘဲ ထားခြင်းက ပိုပြီးသင့်တော်ပါကြောင်း၊ ဒါကိုလက်တွေ့ကွင်းဆင်းလေ့လာပြီး လုပ်ငန်းရှင်များနှင့် မိမိတို့ဆွေးနွေး လို့ရပါကြောင်း၊ ထို့ကဲ့သိ့ုလုပ်မည်ဆိုပါက ပိုပြီး အဆင်ပြေမည်ထင်ပါကြောင်း၊ တကယ် တူးဖော်ခွင့် မှလည်း အခြားကျောက်များနှင့် မတူပါကြောင်း၊ အကြောလိုက်ရှိခြင်းမဟုတ်သည့်အတွက် တစ်ခါ တရံ ရေတွင်းတူးရင်းလည်း တွေ့ရပါကြောင်း၊ တစ်ခါတလေတွင် အိမ်သာတွင်းတူးရင်းလည်း တွေ့သည်မျိုး ရှိပါကြောင်း၊ ၎င်းကို တရားမဝင်တူးသည်ဟု သတ်မှတ်လိုက်မည်ဆိုပါက တရားမျှတ မှုရှိမည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကျောက်သည် တခြားကျောက်များနှင့် သဘောသဘာဝ မတူသည့် အတွက်ကြောင့် တူးဖော်ခွင့်များကို သေသေချာချာပြန်ပြီး စဉ်းစားပေးနိုင်မည်ဆိုပါက စဉ်းစားပေးနိုင်ခြင်းရှိမရှိကို သိလိုပါကြောင်းနှင့် အချောလုပ်သည့်အခါတွင် နည်းပညာလိုအပ်ချက်နှင့် ပတ်သက်၍ မိမိလေ့လာကြည့်ရာတွင် အင်ကြင်းကျောက် အချောလုပ်သည့်လုပ်ငန်းများကို တရုတ်ပြည်ဘက် နှင့် မြန်မာပြည်နယ်စပ်တွင် ဗမာလုပ်သားများမှလုပ်ပါကြောင်း၊ နောက်ပိုင်းတွင် မိမိတို့နယ်ဘက်တွင်လည်း တချို့သော လုပ်ငန်းရှင်များ လုပ်ပါကြောင်း၊ ၎င်းအရည်အသွေးနှင့် ဟိုဘက်မှာလုပ်သည့်အရည်အသွေးများသည် အတူတူဖြစ်ပါကြောင်း၊ နည်းပညာလည်း ရှိနေပြီဖြစ်ပါကြောင်း၊ နောက်တစ်ခုမှ အချောလုပ်ငန်းများလုပ်ကိုင်သည့်အခါ မိမိတို့မြို့နယ်တွင် အလုပ်အကိုင်များ အများကြီးရလာမည်ဖြစ်ပါကြောင်း၊ နောက် ၎င်းမူဝါဒများကို ပြင်လိုက်နိုင်မည် ဆိုပါက မိမိတို့မြို့နယ်များတွင် စက်ရုံ၊ အလုပ်ရုံများ မဆောက်ဘဲ အလုပ်များ ကို ဖန်တီးပေးနိုင်မည် ဖြစ်သည့်အတွက် ပြန်လည်ပြီး သုံးသပ်ပေးနိုင်ခြင်းရှိ /မရှိကိုသိလိုပါကြောင်း၊ နောက်တစ်ခုအနေဖြင့် Cash Memo ကိစ္စကို စီပွားကူးသန်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဆိုပါက မိမိအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါကြောင်း၊ မိမိတို့မြို့နယ်သည် ပုဂံနှင့်နီးသည့်အတွက် သွားရင်း လာရင်း နှင့် ဝင်ကြည့်သည်များရှိပါကြောင်း၊ သို့သော်လေယာဉ်ကွင်းသို့ရောက်ရင် ထားခဲ့ရသဖြင့် နောက်ပိုင်းတွင် မည်သူမှမဝယ်တော့ပါကြောင်း၊ ထို့ကြောင့် ၎င်းနှင့်ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ပြီး ပြန်လည်ဖြေကြားပေးစေလိုပါကြောင်း နှင့် ယခုဖြေကြားနိုင်ခြင်းမရှိပါက မိမိကို စာဖြစ်စေ ပြန်လည်ဖြေကြားပေးစေလိုပါကြောင်းဖြင့် ဆက်စပ်မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း
အတန်းအစားခွဲခြားသည့်နေရာတွင် A, B, C, D လေးမျိုးရှိသည်မှ မှန်ပါကြောင်း၊ ယခု ကိုယ်စား လှယ်ကြီးရှင်းပြသလို တချို့နေရာများတွင် ရောနိုင်ပါကြောင်း၊ ဒါကတော့ ကျွမ်းကျင်သူများ၏ အပေါ်တွင် အများကြီးမူတည်နေပါကြောင်း၊ ကျွမ်းကျင်သူများ၏ သတ်မှတ်ချက်အပေါ်ကြည့်ပါ ကြောင်း၊ သို့သော် မိမိတို့အခုနဖြင့် ရောနိုင်သည်များကို အသေးစိတ်ပြန်ပြီး စစ်ဆေးပေးမည် ဖြစ်ပါကြောင်း၊ လေးမျိုးမှ ကွဲပြားခြားနားတာဖြင့် အများကြီးနှင့် သုံးမျိုးဘဲ ဖြစ်နိုင်သည်ဆိုသည့်ကို စိစစ်ပြီး အကြောင်းပြန်ကြားမည်ဖြစ်ပါကြောင်း၊ တူးဖော်ခွင့်မှ လူတိုင်းကို ခွင့်ပြုပါကြောင်း၊ အကယ်၍ တူးဖော်ခွင့်ကို သက်သက် သီးခြားပေးလိုက်ပါက သတ္တု၏စည်းကမ်းအရ ၎င်းနယ်မြေကို ရတနာ နယ်မြေအဖြစ်သတ်မှတ်လိုက်မည်ဆိုပါက ၎င်းရတနာနယ်မြေအပေါ်တွင်ရှိနေသည့် လယ်ယာများ၊ အိုးအိမ် များတွင် နေထိုင်ခွင့်မရှိတော့ပါကြောင်း၊ဖယ်ပေးရပါမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တူးဖော်ခွင့်ကို ကုမ္ပဏီနှင့်ပေါင်းပြီး တူးဖော်၍လည်းကောင်း၊ သီးခြားတစ်ယောက် တည်းတူးဖော် ၍လည်း ရပါကြောင်း၊ သီးခြားတူးဖော်ခွင့်ကိုမပေးပါကြောင်း၊ မိမိတို့ အနေဖြင့် တူးဖော်ခွင့်ပေး လိုက်မည်ဆိုပါက ဒေသခံများအတွက် အလွန်အခက်အခဲဖြစ်မည်စိုးသည့်အတွက် တူးဖော်ခွင့်ကို မည်သူမဆိုတူးဖော်လို့ရပါကြောင်း၊ မိမိတို့ဆီတွင်လည်း တော်တော်များများ ကျွမ်းကျင်ကြပါကြောင်း၊ ကျွမ်းကျင်သူများ ရှိသော်လည်း ကုမ္ပဏီမှ ပေးနိုင်သည့် အခကြေးငွေနှင့် တစ်ဖက်နိုင်ငံမှ ပေးသည့် အခကြေငွေများ ကွာသည့်အတွက်ကြောင့် တစ်ဖက်တွင်သွားရောက်လုပ်ကိုင်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပတ်သက်ပြီး မိမိ အနေဖြင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
