နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ မိုဝိုင်းလွတ်-ဆမ္မရာလမ်းပိုင်းသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကတည်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန ဘတ်ဂျက်ဖြင့် ခွင့်ပြုငွေ ၁၂၅၈ သန်း ဂရိတ်ထိန်ညှိကာ်မတီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ လုပ်ငန်းပြီးစီးမှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ တစ်ပိုင်းတစ်စ ဆောင်ရွက်ထားသည့် လုပ်ငန်းပိုင်းမှာလည်း စနစ်တကျဆောင်ရွက်မှုမရှိသည့်အတွက် တစ်ချောင်း ထိုး မြေသားလမ်းဆိုသော်လည်း မော်တော်ဆိုင်ကယ်ပင် သွားလာ၍ မရပါကြောင်း၊
ထို့ကြောင့် ယင်းလမ်းပိုင်းကို အဓိကမှီခိုနေရသော လေရှီးမြို့နယ်၏ လူဦးရေ အထူထပ်ဆုံးဖြစ်သော အနောက်ဘက်ခြမ်း တစ်ခြမ်းလုံးသည် ကျေးရွာပြည်သူများအားလုံး သွားလာရေး ခက်ခဲနေပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်ပြီး ဌာန၏ စာရင်းဇယားအပေါ်၌ ပြီးစီးမှုရာနှုန်းပြည့် တော်တော်များများ ဖော်ပြထားသည်များကို တွေ့ရှိရပါကြောင်း၊ သို့သော် အမှန်တကယ်မြေပြင်တွင် လုပ်ငန်းများသည် ယခုကဲ့သို့ တစ်ပိုင်းတစ်စ ပစ်ထားသည်များ များစွာ ရှိနေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် သေချာစစ်ဆေးရန် လိုအပ်နေသကဲ့သို့ အမှန်တကယ် ဆောင်ရွက်မှုမရှိသော လုပ်ငန်းစဉ်များကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ အရေးယူမှုမရှိပါက လုပ်ငန်းရှင်များအနေဖြင့် ဆက်လက်၍ လုပ်ငန်းများအပေါ် အလေးထားမှု အားနည်းနေဦးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုပိုင်းလွတ်-ဆွမ္မရာလမ်း မြေသားလမ်း ၆၈ မိုင်၊ ကျောက်လမ်း ၂၀ မိုင်နှင့် ကတ္တရာလမ်း ၁၀ မိုင်တို့အား ၂၀၁၃-၂၀၁၄ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ရာ မည်သည့် အတွက်ကြောင့် ယနေ့အထိ လုပ်ငန်းပြီးစီးမှု မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိုပိုင်းလွတ်-ဆွမ္မရာလမ်းအား ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စု ရန်ပုံငွေတွင် ပါဝင်ခဲ့သော်လည်း ပြည်ထောင်စုရန်ပုံငွေပါ လုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် ခွဲဝေဆောင်ရွက်ပေးရန် လမ်းညွှန်းချက်အရ တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ဂရိတ်ထိန်ညှိကုမ္ပဏီမှ မြေလမ်း ၆၈ မိုင်၊ ကျောက်လမ်း ၂၀ မိုင်၊ ကတ္တရာလမ်း ၁၀ မိုင် ဖောက်လုပ်ခြင်း အတွက် ရန်ပုံငွေ ၁၂၅၈ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဂရိတ်ထိန်ညှိကုမ္ပဏီသည် လုပ်ငန်းများဆောင်ရွက်ရာတွင် ရာသီဥတုအခက်အခဲ၊ လုပ်ငန်းခွင် စက်ပစ္စည်းအကျပ်အတည်း၊ ဒေသမှ ကျောက်ရရှိမှုအခက်အခဲများနှင့် လုပ်သားအင်အားရရှိမှု အခက်အခဲနှင့် လမ်းပန်းဆက်သွယ်ရေး အခဲအခက်များကြောင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ ၎င်းအတွက် ၃၁-၁၂-၂၀၁၅ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ခွင့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါကာလအတွင်း ကျောက်လမ်း ၂၀ မိုင်အနက် ၁၅ မိုင်၊ ကတ္တရာလမ်း ၁၀ အနက် ၄ မိုင်သာပြီးစီးခဲ့ပြီး ကျောက်လမ်း ၅ မိုင်နှင့် ကတ္တရာလမ်း ၆ မိုင် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊
အဆိုပါ ကျန်ရှိလုပ်ငန်းများကို ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာဒေသ၏ တင်ပြချက်အရ ၁၈-၇-၂၀၁၆ ရက်နေ့အထိ ကျောက်လမ်း ၅ မိုင်နှင့် ကတ္တရာခင်းခြင်း ၅/၄ မိုင် ထပ်မံပြီးစီးခဲ့သဖြင့် စုစုပေါင်းဆောင်ရွက်ရန် ကတ္တရာလမ်း ဝ/၄ မိုင် ကျန်ရှိသည်ကို စိစစ်သိရှိရပါကြောင်း၊ မိုပိုင်းလွတ်-ဆွမ္မရာလမ်းသည် မိုးများသည့်အရပ်ဒေသဖြစ်ပြီး တောတောင်ထူထပ်၍ လမ်းကြောင်းပေါ်၌ ကျေးရွာနှစ်ရွာသာရှိပြီး သွားလာမှုနည်းပါးသောဒေသလည်း ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် လမ်းပိုင်းပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်မှစ၍ မိုပိုင်းလွတ်-ဆွမ္မရာလမ်း ပြင်/ထိန်းလုပ်ငန်းများနှင့် ကျန်လမ်းများ၊ လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
အဆိုပါလမ်း ရေရှည်တည်တံ့ပြီး ဒေသခံပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် လာမည့် ဘဏ္ဍာနှစ်များတွင် လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၄ ပေအကျယ် မြေသားလမ်းချဲ့ခြင်း ၁၅ မိုင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၂၄ ပေအကျယ် မြေသားလမ်းချဲ့ခြင်း ၁၀ မိုင်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂၄ ပေအကျယ် မြေသား လမ်းချဲ့ခြင်း ၁၂ မိုင်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၁၀ မိုင်အားလည်းကောင်း တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း ၁၅ မိုင်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၁၀ မိုင်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် Box Culvert ၂၀ စင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် Pipe Culvert ၅၀ စင်းအား လျာထားပြီးဖြစ်ပါကြောင်း၊
ကုမ္ပဏီများ လုပ်ဆောင်မှုတွင် အရေးယူမှုမရှိဆိုသည့်အပိုင်းနှင့် ပတ်သက်ပြီး တင်ဒါဖြစ်သည့် အချိန်မှစပြီး ကုမ္ပဏီများက အရည်အသွေးသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိေစေရန် အရည်အသွေး ကောင်းမွန်မှုရှိစေရန် မိမိတို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူလူထုကို အပ်ထားပြီးလည်း ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် ကွင်းဆင်းပြီး စစ်ဆေးနိုင်ပါကြောင်း၊စစ်ဆေးသည့်အပေါ် မူတည်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အရေးယူရမည်ဆိုပါက အရေးယူဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
