(ဃ)-ပေါင်မြို့နယ်၊ဥတ္တံတား ကျေးရွာရှိ long life Aggregate Mining Co.ltd သည်ဒေသခံပြည် သူများ၏ အသက်၊ အိုးအိမ် လုပ်ငန်းများ ထိခိုက် နေသောကြောင့် ဖျက်သိမ်းပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၉.၁၀.၂၀၁၇)

ဒေါ်မိကွန်ချမ်း (ပေါင်)မိမိတို့ပေါင်မြို့နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်သော ကျောက်မိုင်းပေါင်း ၂၈ မိုင်း ခွင့်ပြုထားသည့်အနက် နှစ်ရှည်စီမံကိန်းအနေဖြင့် အနှစ် ၃၀ ထုတ်လုပ်ခွင့်ပြုထားသည့် ကျောက်မိုင်းလေးမိုင်းရှိပြီး ကျန်ကျောက်မိုင်းကို တစ်နှစ်တစ်ခါ မိမိတို့လုပ်ပိုင်ခွင့်ပြုထားပါ ကြောင်း၊ အချို့သည် လူနေအိမ်များနှင့်ဝေးကွာနေသော်လည်း အချို့က ကျေးရွာအနီး အနားတွင် တည်ရှိပါကြောင်း၊ ဥတ္တံတား ကျေးရွာအနီးရှိ အပေါ်ဘက် ပေ ၃၀၀၀ အမြင့်တွင် အလွန်မတ်စောက်ပြီး ဘေးနှစ်ဖက်တွင် တောင်ကျချောင်းနှစ်ခု တည်ရှိနေပါကြောင်း၊ ယခင် အစိုးရလက်ထက်တွင် အများပြည်သူကန့်ကွက်သည့်ကြားက Long Life Aggregate Mining Co.,Ltd ကို ကျောက်မိုင်းထုတ်လုပ်ရန်အတွက် မြေဧက ၂၂၅ ဧက အကျယ်အဝန်းကို ပေးထားပါကြောင်း၊ အောက်ခြေတွင် လူနေအိမ်ခြေ ၁၃၀၀ နေထိုင်နေပါကြောင်း၊ ကျောက်မိုင်း ထုတ်လုပ်ခြင်းကြောင့် ကျေးရွာပတ်ဝန်းကျင်များဆိုးရွားစွာပျက်စီးလာပြီး ရေအရင်းအမြစ်များ လည်း ပျောက်ဆုံးသည့်အတွက် ကျေးရွာပြည်သူများမှာ သောက်သုံးရေအခက်အခဲများ ဖြစ်ခဲ့ ရပါကြောင်း၊ ဥယျာဉ်ခြံနှင့်လယ်ယာများတွင်လည်း သဲနုန်းများဖုံးလွှမ်းသည့်အတွက် စိုက်ပျိုး မရပါကြောင်း၊ လယ်ပျက်၊ ခြံပျက်ဘဝနှင့် ကြုံတွေ့နေရပါကြောင်း၊ နွေရာသီတွင် ရေအရင်း အမြစ်များ ပျောက်ဆုံးသည့်အတွက်ကြောင့် စမ်းချောင်းရေများခန်းခြောက်ပြီး ရေအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မိုးရာသီရောက်သည့်အခါ သဲနုန်းများ အနည်ထိုင်ကျရောက်သည့် အတွက် ချောင်းမြောင်းများကောပြီး ရေကြီးရေလျှံခြင်းနှင့် ကြုံတွေ့နေရပါကြောင်း၊ ကျောက်မိုင်း များမှရရှိသော အခွန်အခသည် ၂၀၁၆-၁၇ အတွက် မိုင်းများအားလုံး ၁၆ မိုင်းအတွက် သိန်း ၈၀၀ ကျော် မိမိတို့ရရှိပါကြောင်း၊ ၎င်း Long Life Aggregate Mining Co.,Ltd က ကြိုတင်ငွေ ၂၅ သိန်းသာ ပေးသွင်းထားပါကြောင်း၊ ဝင်ငွေခွန်မရှိသေးပါကြောင်း၊

၎င်းတောင်ထိပ်က ကျောက်မိုင်းထုတ်လုပ်နေသည့်အတွက် တောင်အောက်ခြေကျေးရွာ များတွင် ကျောက်မိုင်းဖောက်ခွဲသည့်အခါ မိုင်းများသည် နှစ်မိုင်ပတ်ဝန်းကျင်ရှိ ပြည်သူများသည် တုန်ခါသည့်အသံကြောင့် ထိတ်လန့်စွာနေထိုင်ရပါကြောင်း၊ မသမာသူအဖျက်သမားများလက်ထဲ သို့ ထိုသိုလှောင်ထားသော ခဲယမ်းပစ္စည်းများရောက်ရှိခဲ့ပါက မလိုလားအပ်သောဆိုးကျိုးများ ဥပမာ- တောင်ပြိုခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်မည်ကို ပြည်သူများအနေဖြင့် စိုးရိမ်နေရပါကြောင်း၊ ပစ်ရမည့် ယမ်းများအသုံးပြုဖောက်ခွဲသည့်အတွက် ဂေဟစနစ်များလည်းပျက်စီးပြီး သဘာဝ ပတ်ဝန်းကျင်များ ဆိုးရွားစွာထိခိုက်မှုများ ဖြစ်ပေါ်နေပါကြောင်း၊

နိုင်ငံတော်အတွက် အခွန်အခအနည်းငယ်သာရရှိပြီး ပေးဆပ်ရသော ပြည်သူလူထု၏ ထိခိုက်နစ်နာမှုကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများမကျေနပ်သည့် အတွက် သုံးကြိမ်တိုင်အောင် ဆန္ဒပြမှုအပေါ် အလေးထားမှုမရှိခဲ့ပါကြောင်း၊ ကန့်ကွက်ဆန္ဒပြသော ပြည်သူတစ်ယောက်ကို ထောင်သုံးနှစ်ချလိုက်သေးပါကြောင်း၊ ထို့ကြောင့် လုပ်ခွင့်လိုင်စင်ကို ဆက်လက်ခွင့်ပြုနေခြင်းသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ စိစစ်ပေးရန်နှင့် ပြည်သူများ မလိုလားအပ်သော ကျောက်မိုင်းထုတ်လုပ်နေမှုကို  ဖျက်သိမ်းပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ပြုလုပ်ပေးမည်၊ မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သူရဦးအောင်ကိုတည်နေရာအဖြစ် ကြိုးဝိုင်းထဲတွင် ပေါင်မြို့နယ်၊ ကုလားမတောင် ကြိုးဝိုင်း အကွက်အမှတ်(၄၇)တွင် ရှိပါကြောင်း၊ အမြင့်ဆုံးတောင် ကုလားမတောင်၏ အမြင့်ဆုံးက ပေ ၃၀၂၂ ပေရှိပါကြောင်း၊  ကျောက်ထုတ်နေသောကုမ္ပဏီက  တောင်ခြေမှ စတင်မထုတ်ဘဲ အမြင့်ပေ ၁၅၀၀ ခန့်  တောင်အလယ်ပိုင်းကစတင်ပြီး ထုတ်လုပ်လျက်ရှိပါကြောင်း၊ မူလက ကုမ္ပဏီ၏အမည်က  ပစိဖိတ်ညီအစ်ကို သတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် နာမည်ပြောင်းသွားခြင်းကြောင်း၊ အမည်ပြောင်းလဲပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၁-၁၁-၂၀၁၅ ခွင့်ပြုချက်အရ သစ်တောနယ်မြေအတွင်း နှစ်ပေါင်း ၃၀ ကို စည်းကမ်းချက် ၁၉ ချက်ဖြင့် သစ်တောဦးစီးဌာနတွင် စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ မွန်ပြည်နယ် သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့အကြား တစ်နှစ်ချင်း စာချုပ်ချုပ်ဆိုခဲ့ရာတွင် ၂၀၁၇-၁၈ ခုနှစ်ကစပြီး မွန်ပြည်နယ် အစိုးရထံ သဘောထားမှတ်ချက်တောင်းခံရပါကြောင်း၊ သဘောထားမှတ်ချက် ခွင့်ပြုချက်ရရှိမှသာ သက်တမ်းတိုးစဉ်းစားခြင်းဖြစ်ပါကြောင်း၊

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကျောက်ထုတ်လုပ်မှုလိုင်စင်နှင့်ပတ်သက်ပြီး သက်တမ်း တိုးခွင့်ကို MIC က ပြည်နယ်အစိုးရသဘောထားထားရှိမှု၊  တတိယအဖွဲ့အစည်းများ၏ (EIA, SIA) ဆန်းစစ်ချက်ခံယူမှု၊ ဆန်းစစ်ချက်များအရ(EMP) ရေးဆွဲပြီး အကောင်အထည်ဖော်နေမှု၊ မိုင်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာမှုတို့အရ ၁၀ နှစ်သက်တမ်း ပြင်ဆင်ထုတ်ပေးပါရန် လျှောက်ထားသော အဆိုပါကုမ္ပဏီကို မွန်ပြည်နယ်အစိုးရ၏ စိစစ်ချက်ဖြင့် မြေနှင့်အခွန်တော်နည်းဥပဒေ ၁၀၇(ဃဃ)အရ သက်တမ်းတစ်နှစ်လိုင်စင်အစား ၁၀ နှစ်လိုင်စင် ပြင်ဆင်ထုတ်ပေးပါရန် မွန်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၃-၃-၂၀၁၇ ရက်စွဲပါစာဖြင့် အကြောင်းကြားချက်အရ တစ်နှစ်လျှင် လမ်းခင်းကျောက်ကျင်းပေါင်း ၃၂၀၀၀ ကို တစ်ကျင်းလျှင် ဓာတ်သတ္တုခွန်(Royalty) ၂၅၀၀ နှုန်းဖြင့် နှစ်စဉ်ပေးသွင်းပြီး ၁-၇-၂၀၁၆ ရက်နေ့မှ  ၃၀-၆-၂၀၂၆ ရက်နေ့အထိ လမ်းခင်းကျောက်ထုတ်လုပ်ခွင့် ၁၀ နှစ် လိုင်စင်ကို ပြင်ဆင်ထုတ်ပေး ပါကြောင်း သထုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၀-၄-၂၀၁၇ စာအရ ထုတ်ပေး ပါကြောင်း၊

ကျင်းပေါင်း ၃၂၀၀၀ အတွက် အခွန်တော်ငွေ သိန်း ၈၀၀ တိတိကို ထည့်သွင်းပေးရန် စီစဉ်နေပါကြောင်း၊ လမ်းခင်းကျောက်ထုတ်လုပ်မှုအပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ကြော်ငြာစာအရ ဓာတ်သတ္တုခွန်အဖြစ် တစ်ကျင်းလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိသည့်အပြင် သစ်တောနယ်မြေအတွင်း ကျရောက်ပါက သစ်တောမြေငှားရမ်းခစာချုပ်ပါ စည်းကမ်းအရ ဒေသပေါက်ဈေး၏ ၂၅ ရာခိုင်နှုန်းကို သစ်တောဦးစီးဌာနသို့ အခွန်တော်အဖြစ် ထပ်မံပေးသွင်းရမည် ဖြစ်ပါကြောင်း၊

အခွန်တော်ပေးသွင်းပြီး ထုတ်လုပ်ထားသောကျောက်များကို ရောင်းချရန်အတွက် အကြီးဆုံး (၆x၉) ခြောက်လက်မ၊ ကိုးလက်မကျောက်အပေါ်   သစ်တောဦးစီးဌာနက အခွန်တော် ၂၅ ရာခိုင်နှုန်းကောက်ခံလျက် ရှိပါကြောင်း၊ ကုန်ကြမ်းထုတ်လုပ်မှုအပေါ်တွင် ဈေးကွက်အပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုများအတွက် ပြည်တွင်းအခွန်တော်ဦးစီးဌာနက ကုမ္ပဏီ၏စီးပွား ဖြစ်မှုအပေါ် မူတည်ပြီး အမြတ်တော်ခွန်ကို ထပ်မံကောက်သွားမည် ဖြစ်သည့်အတွက် ကုမ္ပဏီမှ ဥပဒေ၊ နည်းဥပဒေများနှင့်မညီဘဲ ဆောင်ရွက်နေခြင်း၊ နိုင်ငံတော်မှအခွန်အခ နစ်နာခြင်းမရှိပါ ကြောင်း၊

သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှုနှင့် ဒေသခံများ၏ စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးမှု အတွက် တိုင်ကြားစာအခြေအနေနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနအနေဖြင့် ကွင်းဆင်း သည့်အခါ ရေစီးဆင်းမှု၊ သဲနုန်းပို့ချမှု၊ သောက်ရေရရှိမှုနှင့် EIA အစီရင်ခံစာစသည်တို့ကို မည်ကဲ့သို့ဆောင်ရွက်မည်နှင့်ပတ်သက်ပြီး အချက်ငါးချက်ရှိပါကြောင်း၊         

EIA အစီရင်ခံစာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတစ်ဆင့် ကုမ္ပဏီကို တင်ပြရန် အချက် ၁၂ ချက်နှင့် ထပ်မံပြီး ညွှန်ကြားပေးထားပါကြောင်း၊ မြေပေါ်နှင့် မြေနှင့်ပတ်သက်သော ကိစ္စ၊ ကျလာသောလမ်းခင်းသည့်ကိစ္စ၊ Jetty ဆောင်ရွက်နေခြင်း၊ Dredging လုပ်နေခြင်း ဆောင်ရွက်ရခြင်းကိစ္စများ၊ အများပြည်သူနှင့်ဆွေးနွေးရမည့်နေရာ Money လုပ်ငန်းအတွက် မိုင်းခွဲပါက ရှောင်ရမည့်နေရာများ၊ ယဉ်ကျေးမှုအမွေအနှစ်အပေါ် ကျရောက်ပါက ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေးနှင့်ဆိုင်သော အားလုံး ၁၂ ချက်ကို ဆောင်ရွက်ရန်အတွက် ပထမအကြံပြုတင်ပြထားသည့်အပြင် EIA ထွက်လာပါက EMP ဟုခေါ်သော Environmental Management Plan ကိုလည်း ရေးဆွဲပြီး ကုမ္ပဏီက အကောင် အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ ၎င်းကိုရေးဆွဲပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ပျိုးပင်တစ်ခုကိုတည်ထောင်ပြီး အပင်များကို ဥတ္တံတားကျောက်မိုင်းက ၂၂ မိုင်ဝေးသော သထုံမြို့နယ်၊ ဓနုကြိုးဝိုင်းအကွက်အမှတ်ထဲတွင် အပင်ပေါင်း ၇၇၀၀ စိုက်ပျိုးထားပါကြောင်း၊

ထိုနည်းတူ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ၂၀၁၅ ခုနှစ်မှစပြီး စမ်းချောင်းများမှ သဲများကို တူးဖော်ပေးခြင်း၊ ရေကြီးရေလျှံမဖြစ်ရန် တိမ်ကောနေသော မီးရထားလမ်းတံတားအပေါက် သုံးပေါက်ကို သဲနုန်းများတူးခြင်း၊ သဲနုန်းစစ်ကန် ၁၅ ခု ပြုလုပ်ပေးခြင်း၊ မြေသားနံရံများတွင် Vetiver မြက်အပင် ၁၂၀၀၀၀ ကိုစိုက်ပျိုးပေးခြင်း၊ ယခင်တိမ်ကောနေသော တကူဝိနှင့် တကူဝေ ချောင်းများကို တူးဖော်ပေးခြင်း၊ ဥတ္တံတားကျေးရွာအတွက် နှစ်လက်မအဝီစိတွင်း လေးတွင်းနှင့် ရေဂါလံ ၄၇၀၀ ဆန့်သော အများသုံးရေကန်များကို ဆောက်လုပ်ပေးခြင်း၊ အ.ထ.က(ခွဲ) ကျောင်း အတွက် သိန်း ၇၀၀ တန်ဖြင့် RC နှစ်ထပ်ကျောင်းများ ဆောက်လုပ်ပေးခြင်း အစရှိသော လုပ်ငန်းများ အားလုံးပေါင်းကို သိန်းပေါင်း ၁၈၂၅၀၀၀၀၀ ကို သုံးစွဲပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များကို  ဆောင်ရွက်ပေးနေပါကြောင်း၊

ထို့အပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်  အခြားလိုအပ်သော ကျေးရွာများသို့ လမ်းခင်း ကျောက်များ လှူဒါန်းခြင်း၊ ဥတ္တံတားကျေးရွာများကို လယ်ယာထုတ်ရန်အတွက် ပေ ၅၀ လမ်းခင်း ပေးခြင်းအတွက်  သိန်း ၃၀၀ ခန့်ကို လှူဒါန်းပေးသည့်အခါ မွန်ပြည်နယ်အစိုးရမှ သဘောတူ သော်လည်း ဥတ္တံတားကျေးရွာ ယခင်အုပ်ချုပ်ရေးမှူးက လက်ခံခြင်းမရှိသည့်အတွက် လှူဒါန်း နိုင်မှု မရှိခဲ့ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ကျောက်ထုတ်လုပ်သည့်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု တတ်နိုင်သမျှ လျှော့ချရေးအတွက် ဆောင်ရွက်လျက်ရှိခြင်း၊ ဒေသခံပြည်သူများ၏ အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများတိုးတက်ရန် အခြေခံကျသောအချက်များမှာ ပြည်နယ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းတို့ကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော လုပ်ငန်းတစ်ခုဖြစ်ကြောင်းကိုလည်း မွန်ပြည်နယ်အစိုးရက အသိအမှတ်ပြုပါကြောင်း၊

ဒေသခံများကို ပွင့်လင်းမြင်သာမှုရှိသော စီမံကိန်းဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာနှင့်ပတ်သက်ပြီးတော့ E-guard ဟုခေါ်သော Environmental Services အဖွဲ့အစည်းသည် ၂၂-၂-၂၀၁၅ ရက်နေ့နှင့် ၃-၄-၂၀၁၆ ရက်နေ့တို့တွင် လူအင်အား ၅၀၀ ကို တွေ့ဆုံပြီး  နှစ်ကြိမ်ဟောပြောမှုပြုသော်လည်း ဒေသခံပြည်သူများမှ ကန့်ကွက်ခြင်းကြောင့် တိုင်ပင်မှုလုပ်ငန်းများကို မလုပ်ခဲ့နိုင်သော်လည်း  ၃-၉-၂၀၁၇ ရက်နေ့တွင် စုပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးပြီး ဆန္ဒပြခဲ့သော အိမ်ခြေများကို စာရင်းကောက်ရာတွင် အိမ်ခြေ ၁၄၁၂ အိမ်တွင် လူဦးရေ ၅၀၀၀ ကျော်ရှိပြီး  ၎င်းကုမ္ပဏီကို ကန့်ကွက်သူသည် ၃၀၀ ခန့်သာရှိသည့် အတွက် ကျေးရွာလူဦးရေ၏ ၆ ရာခိုင်နှုန်းမျှသာ ကန့်ကွက်မှုရှိပါကြောင်း၊ ဒေသခံပြည်သူများ၏ ပွင့်လင်းမြင်သာမှုရရှိရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ခြင်းအစီရင်ခံစာ အပြီးသတ် (မူကြမ်း)ကို အများပြည်သူလေ့လာနိုင်ရန်အတွက် Website များ၊ ပေါင်မြို့နယ်၊ တံတားဦးကျေးရွာ၏ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး အကြံဉာဏ် ပြုလိုပါက အကြံဉာဏ်ပြုနိုင်ရန်အတွက် ၁၈-၉-၂၀၁၇ သတင်းစာတွင် ထည့်သွင်းကြေညာ ခဲ့ပါကြောင်း၊ ၉-၁၀-၂၀၁၇ ရက်နေ့နှင့် ၁၁-၁၀-၂၀၁၇ ရက်နေ့အထိ ဥတ္တံတား ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပေးပို့အကြံပြုချက်များ အပေါ် လက်ခံရာတွင် မည်သူတစ်ယောက်မျှ အကြံပြုချက်များပေးပို့ခြင်းမရှိပါကြောင်း၊ ထို့အပြင် ၎င်းကုမ္ပဏီအနေဖြင့် ဆက်စပ်ဌာနများနှင့် အစည်းအဝေးများကို ပုံမှန်တွေ့ဆုံပြီး ပွင့်လင်းမြင်သာ မှုရှိရန် လူထုတွေ့ဆုံပွဲများကျင်းပနိုင်ရန် စီစဉ်နေကြောင်း  ပြည်နယ်အစိုးရထံမှ သိရှိရပါကြောင်း၊

ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ အဆိုပါကုမ္ပဏီသည် ဒေသခံများ၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်နေသောကြောင့် ဖျက်သိမ်းပေးနိုင်ခြင်းရှိ/မရှိနှင့်ပတ်သက်ပြီး ၎င်းကုမ္ပဏီကို MIC က နှစ်ပေါင်း ၃၀ အထိ ခွင့်ပြုထားပါကြောင်း၊ သက်တမ်းတိုးရန်အတွက် မိမိတို့ ပြည်နယ်အစိုးရက သဘောထားခွင့်ပြုချက် ရယူထားပါကြောင်း၊ တတိယအဖွဲ့အစည်းက (EIA, SIA) ဆန်းစစ်မှုများအရ (EMP) ရေးဆွဲရန် ဆောင်ရွက်နေပါကြောင်း၊ မိုင်းသုံးစွဲမှုနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျောက်မိုင်းကို ကျွမ်းကျင်သော အင်ဂျင်နီယာဝန်ထမ်းများနှင့် ဝန်ထမ်းများလုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရန်၊ တုန်ခါမှုဆူညံမှု များကို စနစ်တကျထိန်းချုပ်ရန် စီမံထားပါကြောင်း၊ သစ်ပင်များကိုလည်း အစားထိုးစိုက်ပျိုးထား ပါကြောင်း၊ မြေဆီလွှာတိုက်စားမှု၊ မြေပြိုခြင်းမှကာကွယ်ရန်အတွက် ဗာတီဘာမြက်၊ ကန်စွန်းနွယ်၊ နတ်မြှားစသောအပင်များကိုလည်း မြေထိန်းသည့်နေရာတွင် စိုက်ပျိုးထားပါကြောင်း၊ နုန်းအနည် အနှစ် ဖမ်းယူရန်အတွက် နုန်းထိန်းတမံများကို တည်ဆောက်ထားသည့်နည်းတူ EIA များတွင် ပါဝင်သည့်အတိုင်း ဖြည့်စွက်ဆောင်ရွက်ထားပါကြောင်း၊

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော စီးပွားရေးရာကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၇) ၏ ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သတိပြုရန်လိုအပ်သည့်အချက်များ အကြောင်းကြားထားရှိခြင်း၊ ဥပဒေနှင့်အညီဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်း စေခြင်းသည် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်သိမ်းယူခြင်း သဘောသက်ရောက်ပါသဖြင့် မလိုလား အပ်သည့် အငြင်းပွားမှုများ ပေါ်ပေါက်နိုင်ခြင်းတို့ကြောင့် ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအား ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များ၏ အစီအစဉ်ဖြင့် ရပ်ဆိုင်းခြင်းမပြုကြရန် အသိပေးအကြောင်းကြားခြင်းတို့ကြောင့် ဖော်ပြပါ Long Life Aggregate Mining Co,.Ltd. ၏ ပေါင်မြို့နယ်၊ ကုလားမတောင်ကြိုးဝိုင်းအတွင်း လမ်းခင်းကျောက်ထုတ်လုပ်သည့်စီမံကိန်းအား ရပ်ဆိုင်းဖျက်သိမ်းရန် အစီအစဉ်မရှိပါကြောင်းနှင့် လုပ်ထုံးလုပ်နည်း၊ စည်မျဉ်း၊ စည်းကမ်းများကို ချိုးဖောက်ပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်မိကွန်ချမ်း(ပေါင်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဖျက်သိမ်းခွင်‌့မပေးပါက အဆိုပါကျောက်မိုင်းကုမ္ပဏီသည် စည်းမျဉ်း၊စည်းကမ်းနှင့်အညီ လုပ်ကိုင်ခွင်‌့ပြုထားပြီး ဥပဒေနှင့်အညီ လိုက်နာမှုရှိ/မရှိ၊ တတိယကြားနေအဖွဲ့အစည်းတစ်ခု အနေဖြင့် စစ်ဆေးရန်အတွက် ခွင့်ပြုရန်ရှိပါသနည်း၊ ပွင့်လင်းမြင်သာမှုရှိစေရန် ဥပဒေနှင်‌့အညီ အကယ်၍ လုပ်ဆောင်ထားခြင်းမရှိခဲ့ပါက အရေးယူရုံပဲဖြစ်ပါကြောင်း၊ မိမိတို့ကို ရေစစ်၊ သဲစစ် ကန်လေးလုပ်ပေးလိုက်သည့် ပုံစံမျိုးနှင့်သာ ဆက်လက်မလုပ်ဆောင်ဘဲ လုပ်ပိုင်ခွင်‌့ကို ပိတ်သိမ်း သည်အထိ အရေးယူဆောင်ရွက်မှု ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆက်စပ်မေးခွန်း ဖြေကြားပါသည်။

ယခု တတိယအဖွဲ့အစည်းဖြစ်သော E-guard Environmental Service က ဆောင်ရွက် နေပါသော်လည်း Third Party ကို သီးခြားဖွဲ့စည်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အခွန်တော်နှင့်ပတ်သက်၍ အနည်းငယ်အယူအဆမှားမည် စိုးရိမ်သည့်အတွက် သစ်တောဦးစီး ဌာနက ရရှိနေသော ၂၅ ရာခိုင်နှုန်းသည် ခြောက်လက်မ၊ ကိုးလက်မကျောက်အတွက် ဖြစ်ပါကြောင်း၊ သို့သော် Cheapen ဟုခေါ်သော တစ်လက်မ၊ နှစ်လက်မအရွယ်ကျောက်သည် အမြတ်တော်ခွန်ပိုင်းနှင့် သက်ဆိုင်ပါကြောင်း၊ အခွန်ဦးစီးဌာနက ၎င်းအပေါ်လိုက်ရမည်ဖြစ်ပါ ကြောင်း၊ လတ်တလောတွင် သစ်တောဦးစီးဌာနအနေဖြင့် ထွေ/အုပ်က သတ်မှတ်ထားသော ဈေး၏ ၂၅ ရာခိုင်နှုန်းသာ ရရှိပါကြောင်း၊ Cheapen အဖြစ်ကို ပြောင်းသွားသည်နှင့်ပတ်သက်၍ သီးခြားအမြတ်တော်ခွန် သီးခြားထပ်မံကောက်ခံရန် ဖြစ်ပါကြောင်း၊ အကယ်၍ EIA, SIA များကို ဆွဲပြီး လုပ်ကိုင်ဆောင်ရွက်မှုမရှိပါက ဥပဒေအရ အရေးယူမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။