မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာတွင် ဆောင်ရွက်နေသော သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ခြင်း သုတေသနလုပ်ငန်းစီမံကိန်းကို မည်သည့်ခုနှစ်မှ စတင်၍ မည်သည့်အခြေအနေထိ ဆောင်ရွက်ပါမည်၊ ဒေသခံပြည်သူများကို ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းမှုမရှိခဲ့ခြင်းမှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်၊ စီမံကိန်းအား လှူဒါန်းမှုများနှင့်ပတ်သက်၍ ပွင်လင်းမြင်သာစွာ ဖော်ပြပေးနိုင်မှု ရှိ/မရှိနှင့် နိုင်ငံတော်ဘဏ္ဍာမှ ကျခံသုံးစွဲမှုအခြေအနေ၊ ဒေသခံ ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ လျော်ကြေး၊ နစ်နာကြေးများကို မည်သည့်စည်းကမ်းချက်များနှင့် မည်မျှပေးလျော်မည်နှင့် စီမံကိန်းအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဒေသခံပုဂ္ဂိုလ်များ ရွေးချယ်ရာတွင် မည်သည့်နည်းလမ်းဖြင့် ရွေးချယ်တာဝန်ပေးအပ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်ကကျေးရွာတွင် ဆောင်ရွက်နေသော သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ခြင်း သုတေသနလုပ်ငန်းစီမံကိန်းကို မည်သည့်ခုနှစ်မှစတင်၍ မည်သည့်အခြေအနေ အထိ ဆောင်ရွက်ပါမည်နှင့်စပ်လျဉ်း၍ ပထမအကြိမ်အတွင်း သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော် သုတေသန ပြုလုပ်သည့် လုပ်ငန်းများကို ၁၉၇၅ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ဝင်းကကျေးရွာ၊ အရက်သည်မ ကျေးရွာတို့တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ်အတွင်း သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်မှု သုတေသနလုပ်ငန်းကို မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်သမိုင်းပညာရှင်များနှင့် ဒေသခံများ၏ တောင်းဆိုချက်အရ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် တူးဖော်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် လျာထားချက်အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၁၀ နှစ်စီမံကိန်းချမှတ်ဆောင်ရွက်ရန် လျာထားသတ်မှတ်ခဲ့ပါကြောင်း၊ ၁၀ နှစ်စီမံကိန်းပြီးစီးသည့်အခါ တွေ့ရှိချက်ရလဒ်များ ပေါ်မူတည်၍ နောက်ထပ် ၅ နှစ် ၂ ကြိမ် ထပ်မံသုတေသနပြရန် စီမံကိန်းကိုလည်း လျာထားပါကြောင်း။
ဒေသခံပြည်သူများကို ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့မှုမရှိခဲ့ခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်နှင့် စပ်လျဉ်း၍ သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်သုတေသနပြုလုပ်သည့် လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ဦးဆောင်ပြီး ဒေသခံများအပါအဝင် စိတ်ပါဝင်စားသူများအားလုံး သိရှိနိုင်ရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် သုဝဏ္ဏဘူမိသုတေသနစာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၅-၆-၂၀၁၃ ရက်နေ့မှ ၂၆-၆-၂၀၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ စာတမ်းဖက်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ထိုအချိန်က ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ မွန်သမိုင်းပညာရှင်များ၊ မြန်မာသမိုင်းပညာရှင်များ၊ မော်လမြိုင်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပြင်ပမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး စာတမ်း ၉ စောင် တင်သွင်းဖတ်ကြားခဲ့ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ၌ သက်ဆိုင်ရာ ပညာရှင်အသီးသီး၏ ဆွေးနွေးချက်ရလဒ်များအပေါ် မူတည်ပြီး ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် စတင်တူးဖော်သုတေသနပြုရန် လျာထားဆောင်ရွက်ခဲ့ကြပါကြောင်း။
အလုပ်ရုံဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်များအရ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဝင်ကကျေးရွာရှိ သက်ဆိုင်ရာ ခြံပိုင်ရှင်များ၏ သဘောတူညီချက်ဖြင့် တူးဖော်မှု ကုန်း (၄) ကုန်းကို စတင်တူးဖော် ခဲ့ပါကြောင်း၊ အဆိုပါ ကုန်း (၄) ကုန်းမှ ရရှိသော ပစ္စည်းများ ကို ဒေသခံပြည်သူလူထုများ လေ့လာကြည့်ရှု နိုင်ရန်၊ သုဝဏ္ဏဘူမိသုတေသနလုပ်ငန်းနှင့် ပတ်သက်၍ ဝင်းကကျေးရွာရှိ ရွာသူ၊ ရွာသားများ သိရှိနိုင်ရန် ရှင်းလင်းဟောပြောမှုကိုလည်း ၅-၄-၂၀၁၄ ရက်နေ့တွင် ဝင်းကကျေးရွာရှိ အထက်တန်းကျောင်းခွဲခန်းမ၌ ပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းရှင်းလင်းဟောပြောပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့မှဝန်ကြီး ၂ ဦး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တူးဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး သုဝဏ္ဏဘူမိတူးဖော်သုတေသနလုပ်ငန်းနှင့် ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းဟောပြောတင်ပြခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း။
ထို့အပြင် ဝင်းကကျေးရွာရှိ မြေလှူဒါန်းခဲ့သော ခြံပိုင်ရှင် ၃ ဦးကို ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ တူးဖော်သုတေသနလုပ်ငန်းနှင့် ပတ်သက်၍ အများပြည်သူများ ပိုမိုသိရှိလေ့လာနိုင်ရန်၊ ပူးပေါင်းပါဝင်လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် သုဝဏ္ဏဘူမိ သုတေသန အထူးပြပွဲကို ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) ၌ ၁၈-၆-၂၀၁၄ ရက်နေ့မှ ၂၄-၆-၂၀၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထုကိုလည်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၅-၂၀၅၆ ဘဏ္ဍာရေးနှစ်တွင် ဝင်ကကျေးရွာရှိ တူးဖော်မှုကုန်း (၅) ကုန်းကို တူးဖော်သုတေသနပြုခဲ့ပြီး တူးဖော်မည့် မြေနေရာနှင့်ပတ်သက်၍ ကြိုတင်လေ့လာ ကွင်းဆင်းဖော်ထုတ်ရှာဖွေရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ပသမိုင်းပညာရှင်များ၊ စိတ်ဝင်စားသူ ဒေသခံရွာသူ၊ ရွာသားများကိုယ်တိုင် ပါဝင်ကြပြီး ဝင်းကကျေးရွာနှင့် ကေလာသတောင်ခြေတစ်ဝိုက်တွင် ကွင်းဆင်းရှာဖွေဖော်ထုတ်ခဲ့ပါကြောင်း၊ ဝင်းကကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ခြံပိုင်ရှင်များကို သုတေသနလုပ်ငန်းအတွက် အသိပေးဆွေးနွေးခြင်းကို ဦးစွာဆောင်ရွက်ခဲ့ပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာအထောက်အကူပြုကော်မတီများ၊ ခြံပိုင်ရှင်များ၊ စိတ်ဝင်စားသော ဒေသခံရွာသားများ၊ ပြင်ပသမိုင်းပညာရှင်များပါဝင်သော ညှိနှိုင်းအစည်းအဝေးကို ဘီးလင်းမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ထမ်မံကျင်းပပြုလုပ်ခဲ့ပြီး ပွင့်လင်းမြင်သာစွာ ဆွေးနွေးဆုံးဖြတ်ပြီး အားလုံးသဘောတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
စီမံကိန်းအတွက် လှူဒါန်းမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ စွာဖော်ပြပေးနိုင်မှုရှိ/မရှိ နှင့်စပ်လျဉ်းပြီး သုဝဏ္ဏဘူမိတူးဖော်သုတေသန ပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ အလှူရှင်တစ်ဦးမှ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ပါကြောင်း၊ လှူဒါန်းရရှိငွေကို ပြည်နယ်အစိုးရမှ ကော်မတီဖွဲ့၍ ဘဏ်တွင် အပ်နှံထိန်းသိမ်းထားရှိခဲ့ပါကြောင်း၊ ထိုအလှူငွေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဝင်းကတူးဖော်မှုကုန်းအမှတ် (၇) နှင့် (၈) တို့ကို သံဖရိန်၊ သွပ်ပြားဖြင့် အမိုးမိုးခြင်း၊ သထုံမြို့ရိုးဟောင်း အလျားပေ ၆၀၀၊ အနံပေ ၅၀ တို့အား ကွန်ကရစ်၊ ချိန်းလိပ်တို့ဖြင့် ခြံစည်းရိုးခတ် ကာရံခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့ကသာ ကော်မတီဖွဲ့ပြီး သမိန်ဗရမ်းကုမ္ပဏီကို တာဝန်ပေးဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မော်လမြိုင်ဌာနခွဲမှ ယဉ်ကျေးမှုအမွေအနှစ်များ မဖြစ်ပေါ်စေရန် ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အလှူရှင်များ၏ လှူဒါန်းမှုများကို အများပြည်သူသိရှိနိုင်စေရန်အတွက် လှူဒါန်းထားသော အဆောက်အဦအနီး၌ ကမ္ပည်းကျောက်စာတိုင် စိုက်ထူမှတ်တမ်းတင် ဖော်ပြထားရှိပါကြောင်း၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ခွဲဝေရရှိသောရန်ပုံငွေကို မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ပြည်နယ်သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်မှုကြီးကြပ်ရေးအဖွဲ့ များဖွဲ့စည်းကာ တူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်မှုကာလ တစ်လျောက်လုံးတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မော်လမြိုင်ဌာနခွဲရှိ ဝန်ထမ်းများက ပညာရပ်ပိုင်းဆိုင်ရာ နည်းပညာ အကူအညီပေးခြင်းလုပ်ငန်းကိုသာ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့သို့ တူးဖော်မှုလုပ်ငန်း ဆောင်ရွက်မှုအသေးစိတ်ကို လုပ်ငန်းတစ်ခုချင်းအလိုက် အစီရင်ခံ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ခွဲဝေရရှိသော ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများကို မွန်ပြည်နယ် စာရင်းစစ်ရုံးမှ ကွင်းဆင်းစစ်ဆေးပြီး စာရင်းဇယား တိုက်ဆိုင်စစ်ဆေးခြင်းတို့ကိုလည်း နှစ်စဉ် လာရောက်ဆောင်ရွက်လျက်ရှိပြီး အစီရင်ခံစာများလည်း ထုတ်ပြန်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နေခြင်းမှာ ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် တို့မှလည်း အခါအားလျော်စွာ စစ်ဆေးကြပ်မတ်ခဲ့ကြောင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဌာနတွင်းလုပ်ငန်းစစ်အဖွဲ့မှလည်း ထပ်ဆင့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံတော်ဘဏ္ဍာမှ ကျခံသုံးစွဲမှုအခြေအနေ၊ ဒေသခံပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ လျော်ကြေး၊ နစ်နာကြေးများကို မည်သည့်စည်းကမ်းချက်များနှင့် မည်မျှပေးလျော်ပါသည်ဆိုသည်နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဘဏ္ဍာကျခံသုံးစွဲမှုအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၂၀၀၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၈၀၀ ခွင့်ပြုခဲ့ပြီး တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက်သာ ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ခြံပိုင်ရှင်များအတွက် နစ်နာကြေးပေးရန်ခေါင်းစဉ်ဖြင့် ခွင့်ပြုငွေချမှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဝင်းကကျေးရွာ၌ တူးဖော်ခဲ့သည့် ရှေးဟောင်းကုန်း (၄) ကုန်းအနက် ပိုင်ရှင်ရှိသော ကုန်း (၃) ကုန်း၌ ခြံပိုင်ရှင်ရွာသားများ ကိုယ်တိုင်တူးဖော်ရေးအဖွဲ့အား သဘောတူစွာ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ပါသဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့က ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြည်နယ်သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေးကြီးကြပ်မှုအဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်/ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်နှင့် ကျေးရွာအထောက်အကူပြုကော်မတီများ၊ ဒေသခံခြံပိုင်ရှင်ရွာသားများ နစ်နာမှုအတွက် တစ်ကုန်းလျှင်နစ်နာကြေး ကျပ် (၅) သိန်းပေးရန် ပြည်နယ်အစိုးရက သဘောတူစာချုပ် စာတမ်းများဖြင့် ချုပ်ဆိုပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ဝင်းကဒေသတူးဖော်မှု ကုန်းများကို သံဇကာခြံစည်းရိုးခတ် ကာရံထားရှိပြီး တူးဖော်မှုကုန်းသုံးကုန်းကို သွပ်မိုးဖြင့် အမိုးမိုး၍ ထိန်းသိမ်းထားရှိပြီးဖြစ်ပါကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် တူးဖော်မှု ကုန်း (၄) ကုန်းအား သွပ်မိုးဖြင့် ဆက်လက်ပြီးမှ မိုးနိုင်ရန် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
စီမံကိန်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဒေသခံများ ရွေးချယ်ရာ၌ မည်သည့်နည်းလမ်းဖြင့် ရွေးချယ်တာဝန်ပေးအပ်ထားသည်တို့ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ တူးဖော်မှုကုန်းများအား ထိန်းသိမ်းစောင့်ရှောက်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ဝန်ထမ်း သီးခြားခန့်အပ်ထားနိုင်ခြင်း မရှိသေးပါကြောင်း၊ ဝင်းကကျေးရွာမှ ရှေးဟောင်းသုတေသနလုပ်ငန်းများကို စိတ်ဝင်စားသော ဒေသခံရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ အစောင့်ဝန်ထမ်းများ တရားဝင်ခန့်အပ်နိုင်ပါက ဝင်းကကျေးရွာမှ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းကို စိတ်ဝင်စားသော ပညာအခြေခံအသင့်အတင့်ရှိသည့် ရွာသားများကို ပွင့်လင်းမြင်သာစွာဖြင့် ရွေးချယ်တာဝန်ပေးအပ်သွားရန် ရှိပါကြောင်း။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မွန်ပြည်နယ်အတွင်း၌ရှိသော ဒေသခံပြည်သူများ၊ မွန်သမိုင်းပညာရှင်များ၊ ပြင်ပရှေးဟောင်းသုတေသနပညာရှင်များ၊ ပြည်တွင်းပြည်ပမှ သမိုင်းပညာ ရှင်များ၊ သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်သုတေသနပြုလုပ်ပေးပါရန် တင်ပြလာမှုအရ ဝန်ကြီးဌာနနှင့် ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်းသာ ဖြစ်ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ခွဲဝေရရှိသော နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေအလိုက် သုဝဏ္ဏဘူမိသုတေသနလုပ်ငန်းကို နှစ်စဉ်တိုးချဲ့ဆောင်ရွက်ပေး လျက်လည်း ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံများ ထိခိုက်နစ်နာမှုမရှိစေရန် အထူးအလေး ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တူးဖော်ရေး အဖွဲ့အနေဖြင့် ဒေသခံများခွင့်ပြုသော ရှေးဟောင်းကုန်းများကိုသာ တူးဖော်သုတေသနပြုခဲ့ပြီး ဒေသခံများ ခွင့်မပြုသော၊ ပေးအပ်လှူဒါန်းခြင်းမရှိသော မည်သည့်ရှေးဟောင်းကုန်းကိုမှ အတင်းအကြပ် တူးဖော်ဆောင်ရွက်ခြင်း မရှိခဲ့ပါကြောင်း။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စစ်ဆေးတွေ့ရှိချက်အရ အချို့သောရှေးဟောင်းကုန်းများသည် ရွာသားများပိုင်ဆိုင်သောခြံများ၊ အိမ်ဝန်းများထဲတွင် တည်ရှိနေကြောင်း တွေ့ရှိရသဖြင့် သုတေသနပြုရန် ကမ်းလှမ်းခဲ့သော်လည်း ခွင့်မပြုမှုများ ရှိပါကြောင်း၊ ခွင့်မပြုပါကလည်း မူလအတိုင်းထားရှိရန်နှင့် မည်သည့်အကြောင်းနှင့်မျှ မဖျက်စီးရန် ခြံပိုင်ရှင်များကိုလည်း တွေ့ဆုံပညာပေးမှုများ ပြုလုပ်ထားရှိပါကြောင်း၊ သို့သော်လည်း တချို့သောခြံပိုင်ရှင်များသည် ဌာန၏ ကြီးကြပ်နိုင်မှုနှင့် ဝေးကွာမှုကို အခွင့်ကောင်းယူပြီး စက်ယန္တရားကို အသုံးပြု၍ တမင်တကာဖျက်စီးခဲ့ခြင်းများရှိကြောင်းကိုလည်း စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နှစ်ပေါင်း ၂၀၀၀ ကျော် ရှည်လျားတည်ရှိခဲ့သော ဂုယ်ယူဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ဌာနမှ သိရှိသည့်အခါ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တားမြစ်ခြင်းကိုသာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေအရ အရေးယူရန်ဖြစ်သော်လည်း ဒေသခံ ရွာသားများအပေါ် သက်ညှာထောက်ထား၍ နောင်တွင် အလားတူဖျက်ဆီးမှုများ မပြုလုပ်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတစ်ဆင့် သတိပေးတားမြစ်ခြင်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနအနေဖြင့် လုပ်ငန်းစီမံချက်များဆောင်ရွက်ရာတွင် ပြည်သူလူထုဘဝအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက်ကိုသာ ဦးစားပေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်ကုန်းဒေသ၊ ကျိုက်ကနန်းကျေးရွာ အမွေအနှစ်များနှင့်ပတ်သက်ပြီး မိမိတို့ဌာနအနေဖြင့် ပညာရှင်အဖွဲ့ စေလွှတ်ပြီး အသေးစိတ်ထပ်မံလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးတင်ကိုကိုဦး (ဘီးလင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည့်ပြည့်စုံစုံဖြေကြားပေးသည့်အတွက် သာသနာရေးဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်က တူးဖော်ခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့နေသည့် အဆောက်အဦတချို့သည် ထိန်းသိမ်းမှုမရှိသည့် အတွက် အချိန်ကြာလျှင် ပျက်စီးသွားမည်ဖြစ်ပါကြောင်း၊ ထိုကြောင့် ယင်းအဆောက်အဦများကိုလည်း ဆက်လက်ထိန်းသိမ်းစေချင်သည့် ဆန္ဒရှိပါကြောင်း၊ ပုဒ်မ ၂၄ တွင် ဦးစီးဌာနက ရှေးဟောင်းအဆောက်အဦ တစ်ခုခုနှင့် စပ်လျဉ်းပြီး ရှေးဟောင်းအဆောက်အဦ စစ်မှန်ခြင်းရှိ/မရှိ စစ်ဆေးရန် လိုအပ်ပါက နည်းဥပဒေ ၁၇ အရ ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့ကို တာဝန်ပေး စစ်ဆေးစေပြီး စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးရမည်ဟု ပါရှိပါကြောင်း၊ မုသင်ကျေးရွာအတွင်း ကျောင်းတစ်ကျောင်းထဲ၌ စေတီပုထိုးအဟောင်းတစ်ခုရှိပြီး ယင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် သာသနာရေးဝန်ကြီးကို တင်ပြခဲ့သည်ဟု သိရပါကြောင်း၊ ထိုကိစ္စနှင့်စပ်လျဉ်း၍ ရှေးဟောင်းအဆောက်အဦအဖြစ် အသိအမှတ်ပြုခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊ ထိုစာသင်ကျောင်းသည် ယခုအချိန်တွင် ကျောင်းနယ်နိမိတ် မရှိတော့ပါကြောင်း၊ ထိုစေတီကိုထားရမည်ဆိုပါကလည်း ထားပြီး မထားရပါကလည်း စေတီအဟောင်းကို ပယ်ဖျက်ပြီး ကျောင်းဆောက်ချင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းအကျိုးတော်ဆောင်နှင့် ဆရာမကြီးက စာတင်ထားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဒေသသည် ရှေးဟောင်းအဆောက်အဦနှင့် ပတ်သက်ပြီး များသည့်အတွက်ကြောင့် အသိအမှတ်ပြုပေးနိုင်ပါ အသိအမှတ်ပြုပေးစေလိုပါကြောင်းနှင့် ထိထိရောက်ရောက် လုပ်ဆောင်ပေးစေလိုကြောင်း တင်ပြမေးမြန်းပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
ဘီးလင်းမြို့နယ်၊ ဝင်းက၊ ယက်ကန်းသည်မ စသည့် ကျေးရွာနယ်ပယ်များတွင် သုဝဏ္ဏဘူမိ ရှေးဟောင်းမြို့ဟောင်းကြီး တည်ရှိခဲ့သည်ဟု မွန်သမိုင်းပညာရှင်များ၊ မြန်မာသမိုင်းပညာရှင်များ အခိုင်အမာ ယုံကြည်နေကြပါကြောင်း၊ ထိုယုံကြည်မှုအရ မိမိတို့ စတင်တူးဖော်မှုများကို ဘဏ္ဍာငွေ အခြေအနေပေးသည့်အပေါ် မူတည်ပြီး မိမိ တင်ပြခဲ့သကဲ့သို့ ဆက်လက် အကောင်အထည်ဖော် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများ ပြည့်နှက်နေသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတစ်နှံတစ်လျားတွင် နောက်ထပ်တူးဖော်ရန် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ Side များစွာ ရှိနေပါသေးပါကြောင်း၊ ဘီးလင်းမြို့နယ်နှင့်ပတ်သက်၍ စာသင်ကျောင်း အောက်တွင် စေတီဟု ယူဆသည့် ရှေးဟောင်းသာသနိက အဆောက်အဦကိုလည်း ထပ်ပြီး ကွင်းဆင်းလေ့လာ တိုင်းတာစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ကို လွှတ်ပေးမည်ဖြစ်ပါကြောင်း၊ တူးဖော်ပြီးသော ရှေးဟောင်းအုတ်ရိုးများ အပါအဝင် သာသနိကအဆောက်အဦ၏ Foundation များကို ပညာရှင်များနှင့် ထပ်မံစစ်ဆေးပေးမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက ကမ္ဘာ့ကုလသမဂ္ဂ UNESCO က ပညာရှင်များပါ ခေါ်သွားပြီး စစ်ဆေးပေးမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း အလွန်များပြားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ယဉ်ကျေးမှုအဆောက်အဦများကို မိမိတို့ ဝန်ကြီးဌာနက ဝန်ထမ်းများ ခန့်အပ် တာဝန်ပေးရန်မှာ ဘဏ္ဍာငွေကန့်သတ်ချက်ရှိပါသဖြင့် ဘဏ္ဍာငွေ ခွင့်ပြုချက်ပေါ် မူတည်ပြီး နိုင်ငံတစ်နှံတစ်လျားရှိ ဘီးလင်းဒေသအပါအဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများကို ထိန်းသိမ်းနိုင်ရန် စီမံချက်ချမှတ်ပြီးမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
