၎င်းမြေကွက်ကို ၁၉၅၇ ခုနှစ်၊ ခရိုင်ဝန်ရုံးမြေအမှုတွဲမှ ၂၁၅/၅(၅၆-၅၇)အရ ဥက္ကဋ္ဌ (မော်တော်ယာဉ်ရုံး) အမည်ဖြင့် မြေငှားလိုင်စင်ရရှိပြီးသား ဖြစ်ပါကြောင်း၊ ၎င်းအဆောက် အဦကို မော်တော်ယာဉ်အသင်းမှ အလုပ်အမှုဆောင်များဦးစီး၍ ကားသမားများ ဓာတ်ဆီပန့်တွင်ဆီထုတ်သည့်အခါ တစ်ဂါလန်လျှင် ၅ ပြားနှုန်းထုတ်ပြန်၍လည်းကောင်း၊ ယာဉ်ငယ် တစ်စီးလျှင် ၁၀ ပြားနှုန်း၊ ယာဉ်ကြီးတစ်စီးလျှင် ၁၅ ကျပ်နှုန်း လစဉ်ကောက်ခံ၍ မော်တော်ယာဉ် အဆောက်အဦကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ်အသင်း၏ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ဆောင် ရွက်ခဲ့ပါကြောင်း၊
၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရ တက်လာသည့်အခါ အသင်းအဖွဲ့များ ဖျက်သိမ်းစေခဲ့ရာ မော်တော်ယာဉ်အသင်းများ ဖျက်သိမ်းခံခဲ့ရပါကြောင်း၊ ၎င်းအဆောက်အဦကိုလည်း အာဏာပိုင်အဖွဲ့အစည်းများ ဖြစ်သည့် မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်ရေးမှူးကော်မတီ၊ နလကအသုံးပြုခဲ့ပါတယ်။ ထိုမှတစ်ဆင့် မြို့နယ်ပြည်သူ့ကောင်စီ လက်ထက်တွင် မြို့နယ်အလုပ်သမားအစည်းအရုံး၊ မြို့နယ်တောင်သူများအစည်းအရုံး အဖြစ်လည်းကောင်း ဖွင့်လှစ်၍ အဆင့်ဆင့်အသုံးပြုခဲ့ပါကြောင်း၊ မော်တော်ယာဉ်အသင်း မြေငှားလိုင်စင်ရရှိခဲ့သော်လည်း တောင်သူလယ်သမား၊ အလုပ် သမားကောင်စီနှင့် အမှုတွဲအမှတ်၊ ၂၀၇/၅(၇၅-၇၆) အရ နှစ်ရှည်ဂရန်ထုတ်ယူ ထားခဲ့ပါကြောင်း၊
၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရတက်လာပြီးသည့် ကာလတွင် မော်တော်ယာဉ်အဆောက်အဦအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ၅-၉-၁၉၈၉ နေ့စွဲပါစာအမှတ်၊ (၁)/မတထွေ ၂၃၁/၂၉၄၉ အရ ဗန်းမော်မြို့နယ် အလုပ်သမားအစည်းအရုံးမှတစ်ဆင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခဲ့ပါကြောင်း၊ ဗန်းမော်မြို့ မြို့နယ်ငြိမ်ဝပ်ပိပြား တည်ဆောက်ရေးအဖွဲ့၏ ၁၂-၉-၁၉၈၉ နေ့စွဲပါစာအမှတ်၊ ၂၂၈၁/၀၄(၁)၁/မဝတအရ မြို့နယ်အလုပ်သမားအစည်းအရုံး အဆောက်အဦကို ၁၅-၉-၁၉၉၈ ရက်နေ့တွင် ဗန်းမော်မြို့နယ် ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့မှ ဗန်းမော်မြို့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မြို့နယ်အင်ဂျင်နီယာရုံးသို့ လွှဲပြောင်းပေးခဲ့ပါကြောင်း၊
၂၁-၂-၁၉၉၆ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၂၈၄/မတယ/ဗမ-၉၆ အရ ရုံးစာဖြင့် မော်တော်ယာဉ် အသင်းပိုင် အဆောက်အဦအား ပြန်လည်ရရှိရေးကို ဗန်းမော်မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ထံသို့ တင်ပြလျှောက်ထားခဲ့ပါကြောင်း၊ မြို့မြေအမှုတွဲအမှတ်၊ ၁၃/၅ မ(၉၆-၉၇) အရ တောင်သူလယ်သမားနှင့် အလုပ်သမား ကောင်စီတွင် အမှတ်(၂၁) ထောက်လှမ်းရေးအမှီဖြင့် လွှဲပြောင်းရယူခဲ့သည်ကို သိရှိရ ပါကြောင်း၊ ထောက်လှမ်းရေးတပ်မှ ရွှေဝါလီကုမ္ပဏီလစာဖြင့် ငှားရမ်းအသုံးပြုခဲ့ပြီး ထောက်လှမ်းရေးတပ် ဖျက်သိမ်းပြီးသည့်နောက်ပိုင်းတွင် ယင်း အဆောက်အဦကို တပ်မတော်စစ်ဘက်ဆိုင်ရာ လုံခြုံရေး ဆအဖမှဆက်လက် ထိန်းသိမ်းထားပြီး ပုဂ္ဂလိက မျက်မှန်အရောင်းဆိုင် ဦးမောင်မောင်အား လစာဖြင့် ယနေ့ထိငှားရမ်းထားပါကြောင်း၊
ယခု ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၏ မူလအခွင့်အရေးနှင့်တာဝန်များတွင် ပုဒ်မ ၃၅၆ အရ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဟု ပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်အဆက်ဆက်မှ အဆင့်ဆင့်သိမ်းယူထားသော၊ မူလပိုင်ရှင်များဖြစ်သော မော်တော်ယာဉ်အသင်းအဖွဲ့ပိုင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ မြေကွက်အမှတ်(၂၈)၊ ဦးပိုင်အမှတ်(၅၈)၊ ဧရိယာ ဝ.၀၉၄ ဧကရှိ မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော အသင်းပိုင်အဆောက်အဦအား မော်တော်ယာဉ်အသင်းအဖွဲ့ထံ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ၊ ပေးအပ်ပါက မည်သည့်အချိန်တွင်ပေးအပ်ပြီး၊ မပေးအပ်နိုင်ပါက မည်သည့်အတွက်ကြောင့်မပေးအပ် နိုင်သည်ကို သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။
မြေနေရာတွင် အုတ်ညှပ်နှစ်ထပ်အဆောက်အဦ တစ်လုံးဆောက်လုပ်ထားပြီး အမှတ်(၂) စစ်ဘက်လုံခြုံရေး တပ်စု (ဗန်းမော်)၏တပ်ပိုင်မြေဖြစ်ကြောင်း၊ တပ်ပိုင်မြေအထောက်အထားများအား စိစစ်ရာ မြေစာရင်းပုံစံ (၁၀၅/၁၀၆) အား အမှတ် (၂၁) ထောက်လှမ်း ရေးတပ်အမည်ဖြင့် ရယူထားသော မြေနေရာဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အိုးအိမ်ဦးစီးဌာနမှ မြေစာရင်းဦး စဦးပိုင်မှတ်ပုံတင် စာရင်း စာအုပ် (၁-က) တွင် အမှတ်(၂၁) ထောက်လှမ်းရေးတပ် အမည်ပေါက်အဖြစ် မှတ်သားထားရှိပြီးသော မြေနေရာဖြစ်ပါကြောင်း၊
အဆိုပါမြေနေရာနှင့် အဆောက်အဦအား ၁၉၅၇ ခုနှစ်တွင် ခရိုင်ဝန်ရုံး၏ မြေအမှုတွဲအမှတ်၊ ၂၁၅/ငါး(၅၆-၅၇) အရဥက္ကဋ္ဌ၊ မော်တော်ယာဉ်ရုံးအမည်ဖြင့် ၁၀-၆-၁၉၅၈ ရက်မှ ၃၀-၆-၁၉၆၁ ရက်နေ့အထိ သုံးနှစ် ခေတ္တမြေငှားလိုင်စင် ထုတ်ပေးခဲ့ကြောင်း၊ ဥက္ကဋ္ဌ၊ မော်တော်ယာဉ်ရုံးအမည်ဖြင့် ပေးအပ်ခဲ့သည့် သုံးနှစ်လိုင်စင်သည် အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၅၁ နည်းဥပဒေခွဲ (က) နည်းဥပဒေခွဲငယ် (၁) (၂) အရ နှစ်သုံးဆယ် ဂရန်မှအပ နှစ်တိုဂရန်၊ လိုင်စင်တို့ကို သက်တမ်းတိုးခွင့်မရှိကြောင်း ပြဋ္ဌာန်းထားချက်အရ သက်တမ်းကုန်ဆုံးပါက လိုင်စင် သို့မဟုတ် မြေငှားဂရန် အသစ်လျှောက်ထားရမည် ဖြစ်သော်လည်း လျှောက်ထားခဲ့ခြင်းမရှိသဖြင့် သုံးနှစ်လိုင်စင်မှာ အလိုအလျောက်ပျက်ပြယ်ပြီး အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေ အဖြစ်သို့ ရောက်ရှိ သွား ခဲ့ကြောင်း၊ တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်တွင် အသင်းအဖွဲ့များ ဖျက်သိမ်းခဲ့သဖြင့် အဆိုပါမြေနှင့် အဆောက်အဦအား ပြည်သူပိုင် သိမ်းယူခဲ့ပြီး ဗန်မော်မြို့နယ်၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး (နလက) အဖြစ် အသုံးပြုခဲ့ကြောင်း၊ ၎င်းနောက် မြို့နယ်ပြည်သူ့ကောင်စီ လက်ထက်တွင် အဆိုပါမြေအား (ဝ.၀၉၄) ဧကမှ (ဝ.၁၄၄) ဧကအထိ မူလဧရိယာထက် ဝ.၀၅ ဧက တိုးချဲ့ခဲ့ပြီး မြို့မြေအမှုတွဲ အမှတ်၊ ၂၀၉/ ငါး (၇၅-၇၆) ဖြင့် မြို့နယ်တောင်သူလယ်သမားများနှင့် အလုပ်သမား ကောင်စီသို့ ၃၀-၁၀-၁၉၇၅ ရက်မှ ၃၁-၁၀-၁၉၈၅ ရက်အထိ နှစ်ရှည်မြေငှားဂရန် ထုတ်ပေးခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း၊ ၅-၉-၁၉၈၉ ရက်တွင် ဗန်းမော်မြို့နယ် အလုပ်သမား အစည်းအရုံးမှတစ်ဆင့် မြို့နယ်ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ အပ်နှံခဲ့ကြောင်း၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ မြို့နယ်အင်ဂျင်နီယာရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် မြို့မြေအမှုတွဲအမှတ်၊ ၁၃/ငါးမ (၉၆/၉၇) ဖြင့် တောင်သူလယ်သမားနှင့် အလုပ်သမားကောင်စီအမည်မှ အမှတ် (၂၁) ထောက်လှန်းရေးတပ် အမည်သို့ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် အမှတ် (၂၁) ထောက်လှန်းရေးတပ် ဖျက်သိမ်းချိန်တွင် အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံ ရေးတပ်စု (ဗန်းမော်) မှ ဆက်လက်ထိန်းသိမ်းထားရှိခဲ့ပါကြောင်း၊
အဆိုပါမြေနေရာနှင့် အဆောက်အဦအား ၁၉၇၅ ခုနှစ်နောက်ပိုင်းမှစ၍ သက်ဆိုင်ရာဒေသ အာဏာပိုင် အဖွဲ့အစည်းများမှ အစိုးရဌာနအဖွဲ့အစည်းများသို့ ခေတ္တအသုံးပြုရန် လွှဲပြောင်းပေးခဲ့မှုကြောင့် အစိုးရမှစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေနေရာဖြစ်ကြောင်း၊ ဗန်းမော်မြို့နယ် မော်တော်ယာဉ်အသင်းအား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဗန်းမော်မြို့၊ အနောက်သာစည်ရပ်ကွက်၊ ဘီအိုစီလမ်းတွင် အလျား ၂၀ ပေ၊ အနံ ၆၀ ပေရှိ မြေနေရာသစ်အား အစားထိုးပြန်လည် ပေးအပ်ခဲ့ကြောင်းနှင့် လက်ရှိတွင် အဆောက်အဦဆောက်လုပ်၍ မော်တော်ယာဉ်လိုင်း ကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ အမှတ်(၂၁) ထောက်လှမ်းရေးတပ်ဖျက်သိမ်းချိန် ၂၀၀၅ ခုနှစ်စတင်ပြီး အမှတ် (၂) စစ်ဘက်ရေးရာ လုံခြုံရေးတပ်စု (ဗန်းမော်) မှ ဥပဒေနှင့်အညီ လွှဲပြောင်းရယူခဲ့ပြီး စစ်ဘက်ရေးရာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ယနေ့အထိ အသုံးပြုလျက်ရှိသည့် နေရာဖြစ်ပါကြောင်း၊ ယခုတိုင်ကြားသူများမှာ ယခင် မူလပိုင်ဆိုင်ခဲ့သည့် ပိုင်ရှင်များမဟုတ်ဘဲ အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ခရိုင်မော်တော်ယာဉ်အဖွဲ့ဝင် များသာဖြစ်ခြင်း၊ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းမှ ယာဉ်အသင်းနေရာအား အသစ်ဆောင်ရွက်ပေးပြီး ဖြစ်သဖြင့် ခရိုင်မော်တော်ယာဉ်အသင်းမှာ မြေနေရာနှင့် အဆောက်အဦရှိပြီး ဖြစ်ခြင်းတို့ကြောင့် အမှတ်(၂) စစ်ဘက်ရေးရာ လုံခြုံရေးတပ်စု (ဗန်းမော်) မှ တပ်ပိုင်မြေအဖြစ် ဆက်လက်ရယူသွားမည် ဖြစ်ပါသဖြင့် ပြန်လည်ပေးအပ်နိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
