(ဆ) - လင်းခေးမြို့ပေါ် ရှိဒေသစရိတ် ခံစားခွင့်ရုပ် သိမ်းခြင်း ခံရသောမြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၈) ဌာနမှ ဝန်ထမ်း၂၇၈ ဦးတို့ကို ပြန်လည်စိစစ်၍ခံစား ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၆) ရက်မြောက်နေ့ (၆.၁၀.၂၀၁၆)

ဦးစိုင်းဘသိန်း (လင်းခေး)လင်းခေးမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအချို့ ဒေသစရိတ်ခံစားခွင့်ရုပ်သိမ်းခံရခြင်းကိစ္စအား ပြန်လည်စိစစ် ခံစားခွင့်ပြုရန် မေးမြန်းလိုပါကြောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သော်လည်း စာဖြင့်ဖြေကြားခဲ့သည့် ပြည်ထဲရေးဝန်ကြီးကို အထူးကျေးဇူးတင်ပါကြောင်း၊ ဖြေဆိုချက်အပိုဒ်(၁)တွင် လင်းခေးမြို့နယ်ရှိ ဝန်ထမ်းများအားလုံး ဒေသစရိတ် ခံစားခွင့်ပြုခဲ့တာကို ကြိုဆိုထောက်ခံမိပါကြောင်း၊ ဖြေကြားချက်အပိုဒ်(၂)တွင် ဝေးလံခေါင် သီ၍ လူမှုရေးခက်ခဲသည့် ဒေသအဖြစ်သတ်မှတ်ရာ အခြေခံစိစစ်ချက်များမှာ ကုန်ဈေးနှုန်းကြီးမြင်‌့ခြင်း၊ စီးပွားရေးဖြစ်ထွန်းမှုနည်းပါးခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ လူမှု့ပတ်ဝန်းကျင်အခက်အခဲရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း စသည်တို့သည် လင်းခေးမြို့နယ်၏ ကျေးလက်မြို့ပေါ် မကွဲပြားဘဲ ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများဖြစ်ပါကြောင်း၊ ခက်ခဲသည့်အချက်များကြောင့် ဖြေလျော့မှုမရဘဲ ဖြေကြားချက် အပိုဒ်(၃)နှင့် အပိုဒ်(၄)တို့တွင် ပြန်လည်စိစစ်ပြီး မြို့ပေါ်ဝန်ထမ်းအချို့၏ ဒေသစရိတ်ကို ရုပ်သိမ်းခဲ့သည်ကို တွေ့ရှိနေပါကြောင်း၊ ယခုကဲ့သို့ ရုပ်သိမ်းခဲ့ခြင်းသည် ပကတိအခြေအနေနှင့် ညီညွတ်မှုမရှိသည်ကို တွေ့နေရပါကြောင်း၊ အခြေအနေအမှန်မှာ လင်းခေးမြို့၏ အနောက်ဘက် မြို့အဝင်လမ်း မြောက်ဘက်တွင် မြို့နယ်ရဲစခန်းရှိပြီး ရဲဝန်ထမ်းများသည် ဒေသစရိတ် ရုပ်သိမ်းခြင်းကို ခံနေရပါကြောင်း၊ ရဲစခန်းနှင့် မျက်နှာချင်းဆိုင်လမ်းတောင်ဘက်တွင် မြို့နယ်ပညာရေးမှူးရုံးရှိပြီး ပညာရေးမှူးရုံးရှိ ဝန်ထမ်းများသည် ဒေသစရိတ်ခံစားခွင့် ဆက်လက်ရရှိခံစားနေရပါကြောင်း၊ မြို့နယ်ပညာရေးမှူးရုံး၏ အရှေ့ဘက်တစ်လမ်းကျော်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာ အထက်တန်းကျောင်းစသည် ဌာနများရှိ ဝန်ထမ်းများသည် ဒေသဆိုင်ရာစရိတ်ရုပ်သိမ်းခြင်းကို ခံနေရပါကြောင်း။

ထို့အတူ မြို့၏တောင်ဘက်အထွက်လမ်းရှိ ကျေးလက်တိုင်နှင့် မြေစာရင်းဦးစီးဌာနရှိ ဝန်ထမ်းများသည်လည်း  ဒေသစရိတ်ရုပ်သိမ်းခြင်းကို ခံနေရပါကြောင်း၊ သို့ရာတွင် မြေစာရင်းရုံး၏ တောင်ဘက်တွင်ရှိသော ခရိုင်နှင့် မြို့နယ်အဆင့် ရုံးများရှိ ဝန်ထမ်းများသည် ဒေသစရိတ်ကို ဆက်လက်ရရှိခံစားနေရပါကြောင်း၊ ဒေသစရိတ် ဖြတ်တောက်ခြင်းခံရသော ဝန်ထမ်းမျာသသည် တစ်လလျှင် ကျပ် ၆၀၀၀၀ ခန့် လျော့နည်းခံစားနေရပြီး ရုပ်ပိုင်းနှင်‌့ စိတ်ပိုင်းဆိုင်ရာ  ထိခိုက်မှု ခံစားနေရမည်ဖြစ်ပါကြောင်း၊ စိတ်ဒဏ်ရာရရှိမှုဖြင့် တာဝန်ထမ်းဆောင်ရာတွင် စိတ်ပါဝင်စားမှုနှင့် ကြိုးစားအားထုတ်မှု လျော့နည်းလာမည်ဖြစ်ပြီး အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်မိပါကြောင်း၊ ဖြေကြားချက်အပိုဒ် ၅ ပါ လူနေမှုခက်ခဲသောဒေသတွေကို နှစ်နှစ်လျှင် တစ်ကြိမ်ပြန်လည် စိစစ်ရန်နှင့် ပတ်သက်၍လည်း ချက်ချင်း ဖြေရှင်းစေလိုစေပါကြောင်း၊ ထို့ကြောင့် ဒေသစရိတ်ရုတ်သိမ်းခြင်းခံနေရသော လင်းခေးမြို့ပါ ဝန်ထမ်းများ  ၇၈ ဦး၏ ဒေသစရိတ်ကို စတင်ရုပ်သိမ်းသည့်နေ့မှာစ၍ ပြန်လည်စိစစ်ခံစားခွင့်ပြုနိုင် ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး၁၉၉၃ ခုနှစ် ဒေသစရိတ်ခံစားခွင့်များသတ်မှတ်စဉ်က ဖြစ်ပေါ်နေခဲ့သည့် မြို့နယ် အသီးသီး၏ လူမှုရေး အခက်အခဲအခြေအနေများသည် အချိန်ကာလကြာမြင့်နေပြီဖြစ်သည့် အတွက် ပြောင်းလဲမှုများရှိနေပြီး မြို့နယ် အသီးသီး၏ လက်ရှိလူမှုရေးအခက်အခဲအခြေအနေများနှင်‌့ ဒေသစရိတ်နှုန်းထားများ သတ်မှတ်ခြင်းကို ပြန်လည်လေ့လာစိစစ်ကာ ဘဏ္ဍာရေးနှင်‌့ အခွန်ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် ၁၀၁၀/၂၀၁၂နှင့် ဒေသစရိတ်ခံစားခွင်‌့ရှိသော မြို့နယ်များနှင့်ဒေသ အလိုက် နှုန်းထားများ ကို ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့ ပြင်ဆင်သတ်မှတ်ရာတွင် လင်းခေးမြို့ နယ်ပါဝင်ခဲ့ပြီး လင်းခေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးသည် ဒေသစရိတ် ခံစားခဲ့ရသည်ကို တွေ့ရှိရပါကြောင်း၊

ထို့နောက် ဘဏ္ဍာရေးနှင်‌့အခွန် ဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အမိန့်ကြော်ငြာစာ အမှတ် ၂၈၆/၂၀၁၃ နှင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် အမိန့်ကြော်ငြာစာအမှတ် ၁၅၁၃/၂၀၁၃ တို့နှင့် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသည့်ဒေသများကိုလေ့လာစိစစ်ပြီး ဒေသစရိတ်ခံစားခွင်‌့ရှိသည့် မြို့နယ်၊ မြို့နယ်ခွဲများအဖြစ် ထပ်မံဖြည့်စွက်ပြင် ဆင်ပြီး ဒေသစရိတ်များခံစားခွင့်‌ပြုခဲ့ပါကြောင်းနှင့် ထိုသို့ ထပ်မံပြင်ဆင်ဖြည့်စွက်ခဲ့ရာတွင်လည်း လင်းခေးမြို့နယ်တစ်မြို့နယ်လုံး ဒေသစရိတ်ရရှိခံစားခဲ့သည်ကို  စစ်ဆေးတွေ့ရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းများကို လစာနှုန်းထား အသစ်များ တိုးမြှင့်ပေးခဲ့ခြင်းကြောင့် ဒေသစရိတ်ခံစားမှုနှင့်ပတ်သက်ပြီး ယခင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၁၀၅၈/၂၀၁၅ နှင့် ဒေသစရိတ် နှုန်းထားများကိုလည်း ယာယီအစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ရာမှ ဝန်ထမ်းများအတွက် ဒေသစရိတ်ခံစားခွင်‌့ကို လက်ရှိအခြေအနေနှင့်ကိုက်ညီစေရန် ပြင်ဆင် သတ်မှတ်နိုင်ရေး အတွက် စိစစ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ယင်းကော်မတီ က စိစစ်သုံးသပ်အတည်ပြုသတ်မှတ်ပေးပါက နှုန်းထားအသစ်များကို ဆက်လက်ထုတ်ပြန်မည် ဖြစ်ကြောင်း၊ အဆိုပါအမိန့်ကြော်ငြာစာတွင် ထည့်သွင်းဖော်ပြထားသည့် ဒေသစရိတ်ခံစားခွင့်ပြုရာတွင် ယခင်သတ်မှတ်ခဲ့သော မြို့နယ်တစ်ခုလုံးမှာရှိ ရပ်ကွက်ကျေးရွာအားလုံးကို တပြေးညီခံစားခွင့်ပြုခြင်း မှာ မသင့်တော်ခြင်းကြောင့် ပြန်လည်စိစစ်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၁၅ ခုနှစ်၊ မေလ ၇ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၁၅ နဲ့ ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသများ အဖြစ် ပြန်လည်သတ်မှတ်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီကို ပြည်ထဲရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လုံးခြုံးရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများအပါအဝင် အဖွဲ့ဝင် ၂၇ ဦးနှင့် ဖွဲ့စည်းခဲ့ပြီး စိစစ်ဆောင်ရွက်ရန် လုပ်ငန်း တာဝန်ငါးရပ်ကို သတ်မှတ်ဆောင်ရွက် ခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီမှ ၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၅ ဖြင့် ဝေးလံခေါင်သီပြီးလူမှုရေးခက်ခဲဒေသများအဖြစ် သတ်မှတ် နိုင်ရေးအတွက်ကို နေပြည်တော်ကောင် စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် စိစစ်ရေးကော်မတီများကို ဖွဲ့စည်းပြီးအဆိုပါကော်မတီများ၏ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်စိစစ်ဆောင်ရွက်စေခဲ့ ပါကြောင်း။

သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စိစစ်ရေး ကော်မတီ များက ပြည်ထောင်စုမှ သတ်မှတ်ထားသည့် အချက် ၁၀ ချက် အပေါ်အခြေခံပြီး ဝေးလံခေါင်သီပြီး လူမှုရေးအသင့်အတင့်ခက်ခဲသောဒေသများအဖြစ် (က)အဆင့်၊ ဝေးလံခေါင်သီပြီးလူမှုရေး ခက်ခဲသော ဒေသများအဖြစ် (ခ)အဆင်‌့၊ ဝေးလံခေါင်သီပြီးလူမှုရေးအခက် အခဲဆုံးဒေသများအဖြစ်(ဂ)အဆင့် သတ်မှတ်ပြီး ရမှတ်များကို သတ်မှတ်ပေးခဲ့ပါကြောင်း၊ရမှတ် ၄၀ အောက်ရရှိဒေသများသည် ဒေသစရိတ် ခံစားခွင့်မပြုသင့်သော ဒေသများအဖြစ် သတ်မှတ်ပြီး ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီမှ တစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြခဲ့ပါကြောင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အမိန့်ကြော်ငြာစာ အမှတ် ၂၆/၂၀၁၆ နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုလိုက် ဒေသစရိတ် ခံစားခွင်‌့ရှိတဲ့ ဒေသတွေကို စိစစ်ရေး ကော်မတီအဆင့်ဆင့်၏ စိစစ်တင်ပြချက်အတိုင်း ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့ သတ်မှတ်ရာတွင် လင်းခေးမြို့နယ်တွင် မြို့နှစ်မြို့၊ ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄ စုအဖြစ် ဖွဲ့စည်းထား ရှိပြီး ဝေးလံခေါင်သီပြီးလူမှုရေးခက်ခဲဒေသများအဖြစ် သတ်မှတ်ရေးစိစစ်ဆောင်ရွက်နိုင်ရန် ဖွဲစည်းထားသော ရှမ်းပြည်နယ်စိစစ်ရေးကော်မတီမှ အခြေခံ အချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပြည်ထောင်စုအဆင်‌့ စစ်ဆေးရေးကော်မတီသို့တင်ပြခဲ့ပါကြောင်း၊ ထိုသို့ တင်ပြရာတွင် မြို့နယ်နှစ်မြို့နယ်နှင့် လင်းခေးမြို့နယ်၏ ရမှတ်သည် အခြေခံပေးမှတ် ၄၀ မှတ်အောက်သာရရှိခြင်းကြောင့် ဒေသစရိတ်ခံစားခွင်‌့ အကျုံး ဝင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် လင်‌းခေးမြို့ရှိ ရပ်ကွက်များတွင် ရုံးစိုက်ထားသော မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးစာရင်းဦးစီး ဌာနအပါအဝင်၊ ခရိုင်ရုံးနှစ်ရုံးနှင့် မြို့နယ်ရုံး ၁၇ ရုံးမှ ဝန်ထမ်း ၂၇၈ ဦးသည်လည်း ဒေသစရိတ် ခံစားခွင့် မရရှိခဲ့ပါကြောင်း၊ သို့သော်လည်း လင်းခေးမြို့နယ်ပညာရေးမှူးရုံးသည် ဒေသစရိတ် ခံစား ခွင့်မရှိတော့သည်ကို သိရှိခြင်း မရှိဘဲ ၂၀၁၆ ခုနှစ်၊ မတ်လမှ ဇူလိုင်လအထိ ဆက်လက်ထုတ်ယူခံစားခဲ့ခြင်းအပေါ် စာရင်းစစ်ဆေးကန့်ကွက်ချက်အရ ယခုအချိန်မှာ ဆက်လက်ထုတ်ယူခြင်း မပြုတော့သည်ကို သိရှိရပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လအတွက် ထုတ်ယူခဲ့သော ဒေသစရိတ်ငွေ ၈၆၇၉၀၀ ကျပ်ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင်  ထုတ်ငွေ စာရင်းသို့ ပြန်လည်ပေးသွင်းခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လ အထိ ထုတ်ယူခဲ့သော ဒေသစရိတ်တွေကိုလည်း ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာစ၍ ဝန်ထမ်းများ၏ လစာမှ လည်း ခုနှိပ်လျက် ရှိသည်ကို သိရှိရပါကြောင်း၊  

လင်းခေးမြို့နယ်အတွင်း အခြေခံသတ်မှတ် ၆၁ မှတ်မှ ၈၀ အတွင်းရရှိသော ကျေးရွာအုပ်စု အားလုံးဖြစ်သော ပုန်းထော်ကျေးရွာအုပ်စုအပါအဝင်ကျေးရွာအုပ်စု ၁၄ စုနှင့် ဟိုမန်းမြို့ပေါ်ရှိ ရပ်ကွက် သုံးရပ်ကွက်တို့အားလူမှုရေးအခက်အခဲများ(က)အဆင့်သတ်မှတ်ထားသည့်အတွက် ဒေသစရိတ်ခံစားခွင့် ရရှိပါကြောင်း၊ ဒေသစရိတ်သတ်မှတ်ခြင်းကို နှစ်နှစ်လျှင်တစ်ကြိမ် ပြန်လည်စိစစ် သတ်မှတ်ရမည်ဟု ပြဋ္ဌာန်းခဲ့သော် လည်းပဲ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိဝန်ထမ်းများကို လစာ တိုးမြှင်‌့ခဲ့ခြင်းကြောင့် ဒေသစရိတ်နှုန်းထားများကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ယာယီအစီအစဉ်ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ၂၀၁၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီဖွဲစည်းပြီး အဆင့်ဆင်‌့စိစစ်စေခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေသပြင်ဆင်သတ်မှတ်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၁၆နှင့် ယခင် ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီကို ဖျက်သိမ်းခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အမိန့် ကြော်ငြာစာအမှတ် ၅၀/၂၀၁၆ဖြင့် ပြည်ထောင်စုအဆင်‌့ အဖွဲ့ အစည်းကော်မတီ အသစ်ကို ပြန်လည်ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်စိစစ် ရေးကော်မတီအနေဖြင့် လူမှုရေးခက်ခဲသောဒေသများကို နှစ်နှစ်လျှင် တစ်ကြိမ်ပြန်လည် စိစစ်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းပါရှိပါ၊ သတ်မှတ်ကာလ ရောက်ရှိပါက နေပြည်တောင်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်စိစစ်ရေး ကော်မတီများကို သတ်မှတ်အမှတ်ပေးစနစ်နှင့်အညီ လက်တွေ့တွင် အမှန်တကယ်လိုအပ်သည့် အခြေ အနေကို စိစစ်တင်ပြစေပြီး သက်ဆိုင်ရာနေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စိစစ်ရေးကော်မတီများ၏ တင်ပြချက်အပေါ်မူတည်၍ ဒေသစရိတ်ခံစားခွင့်ပြုသည့်ဒေသများကို လိုအပ်သလိုပြင်ဆင် သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ဦးစိုင်းဘသိန်း(လင်းခေး) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လင်းခေးမြို့နယ်သည် ရွာလေးတစ်ရွာသာဖြစ်ပြီ တော်လှန်ရေးကောင်စီလက်ထက်တွင် မြို့အဆင့်၊ နဝတ၊ နရဖ လက်ထက်တွင် ခရိုင်အဆင့်သို့ရောက်ရှိလာသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ခရိုင်မြို့ဟု မြို့နယ်မှာ မြို့အဆင့်ကို မီဖို့ရာ ဆောင်ရွက်ရန် အများကြီးရှိကျန်ရှိသည့်အတွက် ခရိုင်အဆင့်ကို မီရန် ဝေးလံလှသည့်အပြင် ဝန်ထမ်းများအနေဖြင့်လည်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ မမျှမတဖြစ်နေပါကြောင်း၊ လင်းခေးမြို့နယ် မြို့ပေါ်နှင့် ပုန်းထွန်ကျေးရွာသည် ကွာခြားခြင်း မရှိပါကြောင်း၊ ယခု သတ်မှတ်ရာတွင် ရုံးတည်နေရာကို မူတည်ပြီး ခက်ခဲသောဒေသကို သတ်မှတ်သည်ဟု ဆိုသော်လည်း မြို့ပေါ်သို့ လာရောက် တာဝန်ထမ်းဆောင်သော ရွာက ဝန်ထမ်းများ ရှိသည့်အတွက် ရုံးကိုမူတည်ပြီး သတ်မှတ်ရန် မဆီလျော်သည်ဟု ထင်မြင်မိပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်သတ်မှတ်ပေးမည် ဆိုပါက မည်သည့် အချိန်တွင် ပြင်ဆင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး

၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏  ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်မှုသည် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်းဖြစ်သည့်အတွက် မိမိအနေဖြင့် တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီသည်  လုပ်ငန်းတာဝန်များနှင့်ပတ်သက်ပြီး သတ်မှတ်ပေးရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ဝေးလံခေါင်သီ ၍ လူမှုရေးခက်ခဲသောဒေသအဖြစ် သတ်မှတ်ပေးနိုင်ရန်  တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်စိစစ်ရေး ကော်မတီ၏ ထောက်ခံချက်နှင့်အတူ တင်ပြလာပါက ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသ အဖြစ် စိစစ်ပြီး ဘဏ္ဍာရေးနှစ်၏ နှစ်စတွင် ခွင့်ပြုမိန့် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်ပေးခြင်းဟူသည့်  အချက်တစ်ချက် ပါရှိပါကြောင်း၊ ထို့အပြင် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော ဒေသအဖြစ်သတ်မှတ်ပေးထားသော မြို့နှင့် ကျေးရွာအုပ်စုများ အား နှစ်နှစ်တစ်ကြိမ် ဒေသဖွံ့ဖြိုး တိုးတက်မှုအခြေအနေကိုစိစစ်၍ ဒေသစရိတ် ခံစားခွင့်ရှိသည့် ဒေသအဖြစ်မှပယ်ဖျက်ခြင်း၊ အဆင့် လျှော့ချခြင်း လုပ်ငန်းများဆောင်ရွက်ရန်ဟု သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာစတင်ပြီး ခံစားခွင့်ပြုခဲ့ပါကြောင်း၊ ထိုသို့ ခံစားခွင့်ပြုခဲ့သည့်အတွက် စတင်စိစစ်ဆောင်ရွက်မှုများကို၂၀၁၇ ခုနှစ်မှာ စတင် ဆောင်ရွက်ပြီး ၂၀၁၈ ကုန်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဧပြီလ ၁ ရက်နေ့က‌နေ စတင် ခံစားနိုင်ရန် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။