(ဂ)-တောင်ဥက္ကလာပမြို့နယ်၊(၉)ရပ်ကွက်ရှိအားက စား ပန်းခြံအားပြန်လည်ခွင့်ပြုပေးနိုင်ပါရန်နှင့်မည် သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၅.၈.၂၀၁၆)

၁၉၅၈ ခုနှစ် တောင်ဥက္ကလာပမြို့နယ်ကို စတင်တည်ထောင်စဉ်က ရပ်ကွက်တိုင်းရှိ ထောင့်နေရာ မြေကွက်များကို ချန်ထားပြီး ဒေါက်တာဦးစောနိုင် (တောင်ဥက္ကလာပ)အပန်းဖြေပန်းခြံ၊ အားကစားကွင်း၊ မီးတားမြေ များအဖြစ်  ပြုလုပ်ခဲ့ပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်ရှိ ထောင့်မြေကွက်ကို ၁၉၉၀ ခုနှစ်တွင် အသင်းတစ်ခုမှရယူပြီး ဆိုင်ခန်းများ ငှားရမ်းခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပါတီတစ်ခုမှ ကွန်ဒိုဆောက်လုပ်ရန် စီစဉ်ခဲ့ပါ ကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် တောင်ဥက္ကလာမြို့သူမြို့သားများ စုပေါင်းလက်မှတ်ရေးထိုးပြီး ၎င်းပန်းခြံနေရာ ပြန်လည်ရရှိရန် တင်ပြတောင်းဆိုခဲ့ကြပါကြောင်း၊ ၁၄-၈-၂၀၁၃ ခုနှစ်တွင်  တောင်ဥက္ကလာပမြို့နယ်နေ ၊ ပြည်သူများသည် အားကစား၊ ပန်းခြံ ပြန်လည်ရရှိရန်အတွက် ဆန္ဒဖော်ထုတ်ခဲ့ ကြပါကြောင်း၊ ၎င်းဆန္ဒဖော်ထုတ် ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်း သွားခဲ့ပြီး တစ်နှစ် အကြာတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် စတင်ဆောင်ရွက် ခဲ့သည့်အတွက် ၂၁-၁၂-၂၀၁၄ ရက်နေ့တွင်ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက်ဆောက် လုပ်ရေး လုပ်ငန်းများ ပြန်လည်ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ အစိုးရသစ် တက်ပြီး မေလတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် သို့ လိပ်မူပြီး အားကစား၊ ပန်းခြံ ပြန်လည်ရရှိရန် ရပ်ကွက်သူ/ရပ်ကွက်သားများမှ လက်မှတ်ရေးထိုး တင်ပြခဲ့ပါကြောင်း၊ ၂၇-၆-၂၀၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် အားကစား၊ ပန်းခြံအဖြစ် ပြန်ပေးရန် မိမိအနေဖြင့် တင်ပြသည့်အခါ ဝန်ကြီးချုပ်မှ အများပြည်သူပိုင်သော မြေနေရာများကို ပြည်သူ့ လက် ထဲပြန်လည်ရောက် ရန် ဆောင်ရွက်နေ သည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ၁၀-၇-၂၀၁၆ ရက်နေ့တွင်  ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်နေသည့်အတွက် မေးမြန်းသည့်အခါ Pile ရိုက်ခွင့်သာ ပြုထားပြီး အဆောက်အဦ ဆောက်လုပ်ရန် အဆင့်ကို ခွင့်ပြုထားခြင်း မရှိပါကြောင်း၊ ခရိုင်မြို့နယ် စည်ပင်မှ တားမြစ်စာ ထုတ်ပြန် ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းမြေနေရာအား အားကစား၊ ပန်းခြံအဖြစ် ပြန်လည်ခွင့်ပြုပေးရန်အစီအစဉ်ရှိ/မရှိ ကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၎င်းမြေနေရာသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်း(Town Land Roll) တွင် တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၉၊ မြေကွက်အမှတ် ၁၀၁၉၊ ဧရိယာ ဝ.၃၉ ဧကကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင်‌့ ဖွံ့ဖြိုးရေးအသင်းဌာနချုပ်၊ အမည်ပေါက်သည်ဟု မှတ်သားထားပါ ကြောင်း၊ မြေငှားစာချုပ်အမှတ် ၁/တဥ-၇၇၁/၂၀၀၂ အရ ၉-၆-၂၀၀၂ ရက်စွဲဖြင့် နှစ် ၆၀ မြေငှားစာချုပ် ဂရန် ခွင့်ပြုထုတ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါမြေကွက်သည် ၁၉၉၂-၁၉၉၃ ခုနှစ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန(ယခုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးစဉ် မြို့ကွက်ကျမြေပုံ(Block Map) တွင် ပန်းခြံ/ ကလေးကစားကွင်း ဟု မှတ်သားထားခြင်းမရှိသည့် မြေကွက်လပ်ဖြစ်ပြီး မြို့မြေစာရင်း (Town Land Roll)နှင့် မြေငှားခ စည်းကြပ်မှု စာရင်း(Assessment Roll) တို့တွင်လည်း အမည်ပေါက် မှတ်သားပါဝင်ခြင်း မရှိသည့် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော မြေကွက်လပ်ဖြစ်ပါ ကြောင်း၊ အဆိုပါမြေနေရာအား ၂၀၀၂ ခုနှစ်တွင် ၆၀ မြေငှားဂရန်ခွင့်ပြုထုတ်ပေးစဉ် ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ တောင်ဥက္ကလာပ မြို့နယ် ရုံးမြေနေရာအဖြစ် ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အမည်ပြောင်း လျှောက်ထားမှုအရ ၁၆-၆-၂၀၁၄ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင်များ အစည်းအဝေးအမှတ်စဉ်(၂၃/၂၀၁၄) အပိုဒ် (က/၇၀)ဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သို့ ပြောင်းလဲခြင်း ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကတစ်ဦးတစ်ယောက်၏ အခွင့်အရေးနှင့် ပိုင်ဆိုင်ခွင့်အရ ခွင့်ပြုချထားပေးခြင်း မဟုတ်ပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းအမည် ဖြင့် ခွင့်ပြုဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် လက်ရှိအခြေ အနေအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမည်ဖြင့် ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်းဖြေကြားပါသည်။

တောင်ဥက္ကလာပမဲဆန္ဒနယ်၊ ဒေါက်တာဦးစောနိုင် မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း(၂)၊ အပိုဒ် ၇ အပိုဒ်ခွဲ(ဂ)တွင် နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အဦ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူခြင်းမပြုရဆိုသည့်   အပိုဒ်လည်းပါပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆုံးဖြတ်ထားသည့် အများပြည်သူပိုင် မြေနေရာကို အများပြည်သူလက်သို့ ပြန်လည်ရောက်ရှိရန် ဆုံးဖြတ်ချက်လည်း ရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းအားကစားပန်းခြံကိစ္စကို အလေးထားပြန်လည်သုံးသပ်ပေးရန် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။