(ဂ)-ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့ နယ်ရှိသီပေါ၊ပန်လုံ၊နမ့်ဆန်လမ်းအပိုင်းရှိ(၃မိုင်၁ဖာ လုံ) အားလမ်းအကျယ်၂၅ပေ လမ်းချဲ့ခြင်းနှင့် လီ လုဘေလီတံတားအား သံကူကွန်ကရစ် တံတား အဖြစ် မြှင့်တင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၇.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

win htooမိမိတို့ တောင်ပေါ်ဒေသ သည် လမ်းဘေး တစ်ဖက် တစ်ချက်တွင် ကျောက်တောင်များ ရှိနေသည့် လမ်းများဖြစ်နေသည့် အတွက် လမ်းချဲ့၍မရသည့်အပိုင်းမှာ ၃ မိုင်နှင့် ၁ ဖာလုံရှိနေ ပါကြောင်း၊ တောင်ပေါ်လမ်းများသည် အကွေ့ အကောက်များပြီး အတက်အဆင်းများသည့်အတွက် လမ်းကျဉ်းသည့်နေရာတွင် မမျှော်လင့်ဘဲ အက်ဆီးဒင့်များဖြစ်ပြီး နစ်နာဆုံးရှုံးမှု များဖြစ်နေ သည် ကို တွေ့ကြရပါကြောင်း၊ တောင်ပေါ်ဒေသများသည် မိုးများသည့် အတွက် လမ်းပြိုခြင်း၊ မြေပြိုခြင်းများ ဖြစ်ပြီး သွားလာရေးကို များစွာအနှောင့်အယှက်ဖြစ်စေပါကြောင်း၊ ထို့ကြောင့်လမ်း များ၊ ကျောက်သား နံရံများကို မိုင်းဖြင့်ဖောက်ပြီး လမ်းချဲ့ပေးခြင်းမျိုးများ ဖြစ်စေချင်ပါကြောင်း၊ လမ်းချဲ့ပြီးနောက် ကတ္တရာခင်းပေးစေချင်ပါကြောင်း၊

လီလုတံတားသည် လီလုချောင်းပေါ်တွင် ပေ ၄၀၀ ကျော်တည်ဆောက်ထားပြီး လက်ရှိ အသုံးပြုနေကြရပါကြောင်း၊ လီလုချောင်း သည် တောင်ကျရေများ စီးဆင်းနေသည့် အတွက် ရေစီးသန် ပါကြောင်း၊ ၁၉၉၀ ခန့်က တည်ဆောက်ထားသည့်တံတားဖြစ်သည့်အတွက် ခံနိုင်ရည်အား လျော့ကျနေသည့်အတွက် တံတားကြီး ပျက်သွားမှသာလျှင် တံတားသစ်တစ်စင်းကို တည်ဆောက် မည် ဆိုပါက နမ့်ဆန်မြို့ဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေး များစွာအ ခက်အခဲ ဖြစ်သွားနိုင်ပါကြောင်း၊

သို့ဖြစ်ပါ၍ (က) ကျန်နေသည့် ၃ မိုင် ၁ ဖာလုံကို ၂၅ ပေအကျယ်ရှိသော ကျောက်တောင် မိုင်းခွဲပြီး လမ်းချဲ့ပေးတာမျိုးများပြုလုပ်ရန်၊ လမ်းချဲ့ပြီးပါက ယင်းလမ်း ၃ မိုင် ၂ ဖာလုံကို ကတ္တရာ ခင်းပေး ရန်၊ လီလုကျေးရွာရှိ လီလုဘေလီတံတားကို သံကူကွန်ကရစ် တံတားအဖြစ် မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည် ကိုသိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win khaingရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ သီပေါ-ပန်လုံ-နမ့်ဆန်လမ်းသည် ၄၈ မိုင် ၄ ဖာလုံရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်း ကို နေ့ စဉ် ဖြတ်သန်း သွား လာသည့် ယာဉ်စီးရေ ၂၂၀ စီးခန့်ဖြစ်ပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာလမ်း ၄၅ မိုင် ၂ ဖာလုံ၊ ကျောက်လမ်း ၃ မိုင် ၂ ဖာလုံဖြစ်ပါကြောင်း၊ သီပေါ-ပန်လုံ-နမ့်ဆန် လမ်း၏ မိုင်တိုင် (၂၈/၁) မှ မိုင်တိုင် (၃၀/ဝ)၊ မိုင်တိုင်(၃၃/ဝ) မှ မိုင်တိုင်(၃၃/၂) အထိ ၃ မိုင် ၁ ဖာလုံအား ၂၅ပေ အကျယ်ရရှိစေရန် ကျောက်တောင်လမ်းချဲ့ခြင်း ခန့်မှန်းကုန်ကျငွေ ကျပ်သန်းပေါင်း ၃၉၀.၆၂၅ သန်း၊ မိုင်တိုင် (၂၈/၃) မှ မိုင်တိုင်(၃၀/ဝ)၊ မိုင်တိုင်(၃၀/၃) မှ မိုင်တိုင်(၃၂/ဝ) အထိ ၃ မိုင် ၂ ဖာလုံအား ကတ္တရာလမ်းသစ်ခင်းခြင်း ခန့်မှန်းကုန်ကျငွေကျပ်သန်းပေါင်း ၃၉၀ စုစုပေါင်း ကျပ်သန်းပေါင်း ၇၈၀.၆၂၅ သန်းအား ၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင် နှစ်စဉ် တောင်းခံခဲ့သော်လည်း ရရှိခြင်းမရှိ၍ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေ လုံးငွေ ရင်း ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတင်ပြတောင်းခံရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖြည့်စွက်ရန်ပုံငွေမရရှိပါက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ တင်ပြတောင်း ခံ ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

လက်ရှိဘေလီတံတားသည် အရှည် ၃၁၀ ပေ နှစ်လွှာတစ်ထပ် ဘေလီတံတားဖြစ်ပြီး အကူဆိုင်းကြိုးပါ တပ်ဆင်ထားသည့်အတွက် တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၂၁ တန်ဖြစ် ပါကြောင်း၊ အဆိုပါ တံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်း လုပ်ငန်းခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၂၄၀ ကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။