ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် မြေများသည် အရမ်းတန်ဖိုးရှိပါကြောင်း၊ မြေကွက်များကို အစိုးရသစ်လက်ထက်တွင် ခြံကာခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းများရှိလာသဖြင့် ထိုသူတို့ကို မေးကြည့်ရာ ၎င်းတို့က ဂရန်ရှိသည်၊ ပါမစ်ရှိသည် ဟု ပြောပါကြောင်း၊ပါမစ်ရှိသည်ဟု ပြောသည့်အတွက် နောက်ဆုံး (၄၅) ရပ်ကွက်၌ အဖြစ်အပျက်တစ်ခုဖြစ်ပါကြောင်း၊ ရေစက်ကွက်ကြီးကို ဗိုလ်မှူးကြီး တစ်ယောက်၏နာမည်ဖြင့် မြေကွက်ကျသည်ဟူ၍ ခြံကာလာရာ ခြံလာကာသောသူသည် ဒဂုံမြို့သစ် (မြောက်ပိုင်း)က အိမ်၊ယာ၊ မြေအကျိုးဆောင်လုပ်ငန်း မြေကွက် ရောင်း/ဝယ် လုပ်သူဖြစ်ရာ ရပ်ကွက် လူထုနှင့် ပဋိပက္ခဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ယခု အစိုးရသစ်လက်ထက် ဧပြီလ ၁ ရက်နေ့ကစပြီး မြေကွက်အသစ်များကို ဂရန် ချထားပေးမှု ရှိ/မရှိ၊ အကယ်၍ ချပေးပါက မြေကွက်မည်မျှချပေးသည်ကို သိရှိလို ပါကြောင်း၊ မြေကွက်ချပေးရာတွင် မည်သည့်မူနှင့် ချပေးခဲ့သည်ကို သိရှိလိုပါကြောင်း၊ အများပိုင်အဖြစ် သတ်မှတ်ထားသော ရေစက်ကွက်၊ မီးတားကွက်၊ ကစားကွင်း၊ ပန်းခြံတို့ကို လူတစ်ဦးချင်း ပုဂ္ဂိုလ် အမည်နှင့် မြေကွက်များချပေးခဲ့မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီး၌ မြေချပါမစ်ရှိသူများမှ မြေငှားစာချုပ် (ဂရန်)လျှောက်ထားခြင်း အများအပြားအား လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင် ရွက်ပေးလျက် ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ ၁-၄-၂၀၁၆ ရက်နေ့နောက်ပိုင်း လက်ရှိနိုင်ငံတော်အစိုးရလက်ထက် ကာလပိုင်းတွင် မြေချပါမစ်ခွင့်ပြုထားခြင်းမရှိဘဲ အထူးဝန်ဆောင် ခ နှုန်းထားဖြင့် နှစ်(၆၀) မြေငှားစာချုပ်(ဂရန်) ခွင့်ပြုချထားပေးခဲ့မှုမှာ ယနေ့အထိ တစ်ခုသာရှိပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်- ၄၅/သစ်ထည်၊ မြေကွက်အမှတ်- သ/၈ ဖြစ်ပါကြောင်း၊
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြေကွက်ချထားပေးခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တွဲဖက်အတွင်းရေးမှူးတို့ထံ လိပ်မူပြီး အထူးဝန်ဆောင်ခနှုန်းဖြင့် ဂရန်လျှောက်ထားခြင်းများအား ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စစ်ဆေးရန် ညွှန်ကြားလာပါက လျှောက်ထားသူ ကာယကံရှင်၏ လျှောက်လွှာတွင် မြေတိုင်း၊ မြေကွက် အမှတ်များ ပါဝင်သည့် လျှောက်လွှာများအား (က) လျှောက်လွှာနှင့်အတူ လျှောက်ထားနေရာတွင် နှစ်ကာလကြာမြင့်စွာ တစ်ဆက်တစ်စပ်တည်း နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ (ခ) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ထုတ်ပေးထားသော အိမ်ထောင်စုစာရင်း၊ အထက်အပိုဒ်ခွဲ (က) ပါအတိုင်း နေထိုင်ခဲ့ပါက အိမ်ထောင်စု စာရင်း/ယာယီ အိမ်ထောင်စုစာရင်း ရှိနေပြီဖြစ်ပါကြောင်း၊ (ဂ) အနေကြာနေထိုင်ခြင်းဖြစ်သည့်အတွက် သန့်ရှင်ရေးဆောင်ရွက်ခ၊ ရေဖိုးရေခ၊ လျှပ်စစ်မီတာခ ပေးဆောင်ခြင်း အစရှိသဖြင့် ထမ်းဆောင်ခဲ့သည့် အခွန်အခပြေစာများ၊ (ဃ) ၎င်းလျှောက် ထားသူသည် အဆိုပါနေရာတွင် တစ်ဆက်တစ်စပ်တည်း အနေကြာ နေထိုင်ခြင်းရှိ/မရှိနှင့် ရှိပါက နှစ်မည်မျှနေထိုင်သည်ကို ဘေးပတ်ဝန်းကျင် ၅ အိမ်ကိုပါ တစ်ပါတည်း မေးမြန်းစိစစ် ဆောင်ရွက်ခြင်း၊ (င) ၎င်းအပြင် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ကိုယ်စားလှယ်အား ခေါ်ယူပြီး လျှောက်ထားသောမြေကို ခွင့်ပြုပေးနိုင်ခြင်းမရှိပါက ခွင့်ပြုချက်မဲ့ အဆောက်အဦ ကျူးကျော်ဆောက်လုပ်မှုကို တစ်ပါတည်း မှတ်သား၍ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ခြင်း စသည့် မူဝါဒအတိုင်း စိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
အထက်ပါ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြေတိုင်း ရပ်ကွက်အမှတ် - ၄၅/သစ်ထည်၊ မြေကွက် အမှတ် - သ/၈ မြေနေရာအား သခင်သန်း တင် (ခ) ဗိုလ်မှူးကြီးသန်းတင်(ငြိမ်း)၊ ကြည်း(၁၀၄၄)၊ ဥက္ကဋ္ဌ၊ တပ်မတော်မသန်မစွမ်းများနှင့် စီမံကိန်းဝင်(ငြိမ်း) စစ်သည်ဟောင်းများ၏ အောင်နိုင်သူ (သမဝါယမအသင်းလီမိတက်) မြောက်ဥက္ကလာပမြို့နယ်မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လျှောက်ထားလာမှုအရ အထူးဝန်ဆောင်ခနှုန်း ထားဖြင့် နှစ်(၆၀) မြေငှားစာချုပ် (ဂရန်) ခွင့်ပြုထားခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၂၁-၆-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကော်မတီဝင်များ၏ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၆)၏ ဆုံးဖြတ်ချက် အပိုဒ်(က/၁၁၉) ဖြင့် ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထိုသို့ဝန်ဆောင်ခနှုန်းထားဖြင့် မြေငှားစာချုပ်(ဂရန်) ခွင့်ပြုဆောင်ရွက်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ (က) ခွင့်ပြုချထားသော မြေနေရာသည် မြို့မြေစာရင်း (Town Land Roll) တွင် မှတ်သားပါဝင်မှု မရှိခြင်း၊ (ခ) မြို့ကွက်ချမြေပုံ (Block Map) ရေစက်ကွက်ဟု ဖော်ပြထားသော်လည်း မြေပြင်ကွင်း ဆင်း စစ်ဆေးမှုတွင် အသုံးပြုမှုမရှိသည့် ပစ္စည်းအက် ကွဲနေသော ရေစက်နေရာဟောင်းကိုသာ စိစစ်တွေ့ရှိရပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အဆိုပါအကွက်သည် ရေအုတ်ကန် မရှိခြင်း၊ ရေပေးဝေခြင်းမရှိကြောင်း ထောက်ခံထားခြင်း၊ (ဂ) မြေပြင်တွင် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးအဆက်ဆက်မှ နေထိုင်ခွင့်ပြုထားသော ယာယီနေထိုင်သူ ဒေါ်စန်းစန်း မိသားစုတို့မှ အဆိုပါရေတွင်းဟောင်းပျက်အား ငုံ၍ အဆောက်အဦဖြင့် နေထိုင်တည်ရှိခြင်း၊ (ဃ) အဆိုပါမြေကွက်နေရာသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့် ရှိသော မြေနေရာဖြစ်ခြင်းများကို စိစစ်ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊
သို့ရာတွင် လက်ရှိအခြေအနေ၌ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၅)ရပ်ကွက်နေပြည်သူများမှ အဆိုပါ ရေစက်ကွက်အား မြေငှားစာချုပ် (ဂရန်) ခွင့်ပြုထုတ်ပေးထားခြင်းကို ပြန်လည်ပယ်ဖျက် ပေးရန် ဥက္ကဋ္ဌ(မြို့တော်ဝန်)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ကန့်ကွက်တင်ပြမှုများ ရှိပါသဖြင့် သခင်သန်းတင် (ခ) ဗိုလ်မှူးကြီးသန်းတင် (ငြိမ်း)၏ တင်ပြလျှောက်ထားချက်အရ ခွင့်ပြုချထားခဲ့သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြေတိုင်း ရပ်ကွက်အမှတ် - ၄၅/သစ်ထည်၊ မြေကွက်အမှတ် - သ/၈ အား ပယ်ဖျက်၍ ပြန်လည်အစားထိုး ခွင့်ပြု ချထားရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်း ဖြေကြားပါသည်။
ဒေါက်တာခင်မောင်မောင် (ဒဂုံမြို့သစ်(မြောက်ပိုင်း)) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပထမတစ်ချက်သည် မူထဲတွင်ပြောသွားပါကြောင်း၊ ကာလကြာရှည်နေထိုင်သူကို ပေးမည်ဆိုရာတွင် ဗိုလ်မှူးကြီးသန်းတင် မနေပါကြောင်း၊ရပ်ကွက်ရေစက်ကွက်ဖြစ်ပြီး မည်သူမျှ မနေပါကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူတစ်ယောက်ကို အငှား ချထားပေးပြီး မြေလခ ယူနေသည့် မြေကွက်ဖြစ်ပေါကြာင်း၊ ယင်းမြေကွက်ထဲတွင် နေထိုင်သူမှာ ဒေါ်စန်းစန်းဖြစ်ပါကြောင်း၊ အုတ်ကန်ကလည်း ရပ်ကွက်က မလိုအပ်သေး၍ မသုံးပါကြောင်း၊ လိုအပ်ပါက သုံးမည်ဖြစ်ပါကြောင်း၊ မြေကွက်တစ်ကွက်တည်း ချပေးမည်ဆိုသည်မှာ မှားယွင်း ပါကြောင်း၊ မေးခွန်းနှင့်အတူ ပေးပို့သည့် စာထဲတွင် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကော်မတီမှ တိုင်ကြားစာထဲတွင် ရပ်ကွက်ရေစက်ကွက် ၅ ကွက်ကို ပါမစ်ရသည်ဟု ဆိုကာ အိမ်များဆောက်နေကြသည်ဟု ပူးတွဲပေးပို့ခဲ့ပါကြောင်း၊
ဗိုလ်မှူးကြီးသန်းတင်သည် အမှန်တကယ်မနေပါဘဲ လျှောက်လိုက်သည်နှင့် မြေကွက်ရပါကြောင်း၊ အထူးဂရန်နှုန်းထားသည် မည်မျှဖြစ်သည်ကို သိရှိလိုပါကြောင်း၊ ထိုမြေကွက်သည် ပေ ၆၀ ပတ်လည်မြေကွက်ဖြစ်သည့်အတွက် သိန်း ၁၅၀၀ ခန့်အထိ အထူးဝန်ဆောင်စရိတ် သွင်းပြီး လျှောက်လျှင်ရပါက အခြားသူများ လျှောက်ထားပါက ပေးသွင်းရခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊ ပြည်သူပြည်သားများ တန်းတူအခွင့်အရေး ရသင့်ပါကြောင်း၊ မြေကွက်သည် တစ်ကွက်တည်း မဟုတ်သည့်အပြင် ကျန်သည့် မြေကွက်များသည်လည်း ပါမစ်ရှိသည်ဟု ပြောသဖြင့် မြို့နယ်စည်ပင်အဖွဲ့ကို မေးမြန်းရာ စည်ပင်က ၎င်းတို့ မသိပါကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း မသိပါကြောင်း ဖြေကြားပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဖြေကြားစေလိုကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းများကို မိမိအနေဖြင့် အားလုံး မှတ်သားထားပါကြောင်း၊ ယခုမေးခွန်းကို မိမိတို့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ဖြေကြားပေးသည့်အတွက် ဒီနေရာတွင် မိမိတို့ အနေဖြင့် ဖြေကြား၍ မရနိုင်ပါကြောင်း၊ထို့ကြောင့် ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ပြန်လည်မေးမြန်းပြီး ပြည်သူ့လွှတ်တော်သို့ ပြန်လည်တင်ပြအစီရင်ခံမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
