(က)-ဆောက်လုပ်ရေး တင်ဒါ အောင်မြင်သော လုပ်ငန်းများဆောက်လုပ်ရာတွင်စာချုပ်ပါအတိုင်း အရည်အသွေး ပြည့်၊ မပြည့်ကို မည်သူက တာဝန် ယူပါမည်နည်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၉.၃.၂၀၁၇)

ဆောက်လုပ်ရေးဝန်ကြီးဌာနက ကန်ထရိုက်စနစ်နှင့် လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် လိုက်နာ ကျင့်သုံးရမည့် ဦးတင်ကိုကိုဦး (ဘီးလင်း)လုပ်ငန်းလမ်းညွှန်ကို ၆-၉-၂၀၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မြို့နယ် အလိုက် ပြုစုထားရှိရမည့် ဈေးနှုန်းစာအုပ်ထားရန်နှင့် ဒေသအာဏာပိုင်များထံ တင်ပြ အတည်ပြု ထားရန်လည်း လမ်းညွှန်ခဲ့ပါကြောင်း၊ သို့သော် ဈေးနှုန်းများအနည်းအများ ကွာဟနေသည်ကို တွေ့ရှိရခြင်းအပေါ်လည်း မည်သည့်အတွက်ကြောင့် ဈေးနှုန်းကွာဟချက်များရှိနေသည်ကို သိရှိလိုပါ ကြောင်း၊ ထို့ပြင် ဘိလပ်မြေခံနိုင်အားနှင့် ပတ်သက်၍ မည်ကဲ့သို့ စမ်းသပ်နေသည်နှင့် မည်သူက တာဝန်ယူဆောင်ရွက်နေသည်ကိုလည်း သိရှိလိုပါကြောင်း၊

ကန်ထရိုက်လုပ်ငန်း၏ အဓိကရည်ရွယ်ချက်သည် ဈေးနှုန်းပြိုင်ဆိုင်ပြီး ကုန်ကျစရိတ်သက်သာရန် ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင် ခန့်မှန်းခြေစာရင်းများကို ခန့်မှန်းရန်အတွက် သန်း ၅၀၊ သန်း ၁၀၀၊ သန်း ၂၀၀၊ သန်း ၃၀၀နှင့် အထက်ဆိုပြီး သက်ဆိုင်ရာပညာရှင်များအား ခန့်မှန်းစာရင်းများနှင့် ပတ်သက်၍ တာဝန်ပေးထားခြင်း ရှိပါကြောင်း၊ Estimate များတွက်ချက်ရာတွင် ဈေးနှုန်းများ မြင့်မား နေသည်ဆိုပါက သက်ဆိုင်ရာပညာရှင်များက တာဝန်ယူမည်လားဆိုသည်ကို သိရှိလိုပါကြောင်း၊  

ကျပ် ၁၀ သန်းမှ သန်း ၁၀၀ အထိကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် အိတ်ဖွင်‌့တင်ဒါအတွက် ကြော်ငြာပေးရန်နှင့် တင်ဒါရွေးချယ်ချိန်တွင်လည်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိများနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားသော ပြင်ပအဖွဲ့ အစည်းက အနည်းဆုံးသုံးဦး ပါဝင်ရမည်ဟု ပြောထားသည့်အတွက် တင်ဒါခေါ်ယူသည့် ကိစ္စရပ်များ ကို ခရိုင်ရုံးများတွင်လည်း ဆောင်ရွက်နိုင်သည့်နည်းတူ ခရိုင်ကဦးစီးပြီး မြို့နယ်တွင် လုပ်ပေးနိုင် မည်ဆိုပါက တင်ဒါရွေးချယ်ရေးအဖွဲ့၊ မြို့နယ်တည်ကော်၊ ကုမ္ပဏီတို့အကြား ဒေသခံများ၏ ထိတွေ့မှုကို ပိုမိုဂရုစိုက်ထိန်းကျောင်းနိုင်မည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုလက်ရှိ အခြေ အနေထိ ပြည်နယ်များတွင်သာ ပြုလုပ်သွားသည်ကို တွေ့ရှိရပါကြောင်း၊

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရမဟုတ်လျှင် အစိုးရအဖွဲ့၏ ဝန်ထမ်းအကြီးအကဲများမှ တင်ဒါနှင့်ပတ်သက်ပြီး အရည်အချင်းပြည့်ဝမှုကို ဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးအတည်ပြုပြီးမှ လက်ခံရန်ဟူ၍ တာဝန်ပေးအပ်ထားခြင်း ရှိပါကြောင်း၊ ထိုသို့တာဝန်ပေးအပ်ရာတွင်လည်း အစိုးရ အဖွဲ့အစည်း၏ ဝန်ထမ်းအကြီးအကဲသည် ၎င်းကိစ္စကိုနားမလည်ဘဲ တာဝန်ခံရမည်ဆိုပါက ဝန်ထမ်း များအတွက် အဆင်ပြေခြင်း မရှိပါကြောင်း၊

တင်ဒါလုပ်ငန်းများက စာချုပ်ပါအတိုင်းမဖြစ်သည့်အချိန်အခါမျိုးတွင် ကုမ္ပဏီများကို မည်သူနှင့် မည်သည့်အဖွဲ့က မည်သို့တာဝန်ယူဖြေရှင်းကြမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်သည့် နေရာတွင် လိုက်နာဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့အားလုံးကို ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်း လမ်းညွှန်စာအုပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ၆-၉-၂၀၁၆ ရက်နေ့တွင် ဖြန့်ဝေထားခဲ့ပါကြောင်း၊

နယ်စပ်ရေးရာဝန်ကြီးဌာနက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သည့် လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း၊ ပြဋ္ဌာန်းသတ်မှတ်ခြင်းများနှင့်အညီ တင်ဒါခေါ်ယူဖွင့်ဖောက်ခြင်းများ ဆောင်ရွက်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအား လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်း၊ အဆိုပါ တင်ဒါအောင်မြင်သည့် တည်ဆောက်ရေးလုပ်ငန်းများအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရန် စာချုပ်ပါ အသေးစိတ်တွက်ချက်မှုစာရင်း (BQ) အား ရုံးချုပ်၊ အင်ဂျင်နီယာဌာနမှ စစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခြင်း၊ အတည်ပြုချက်ရရှိပြီး အသေးစိတ်တွက်ချက်မှု စာရင်း (BQ) များကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးရုံးများနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ဖြန့်ဝေပေး၍ ပြည်နယ်/တိုင်းဒေသကြီးရုံးများမှ လုပ်ငန်းဆောင်ရွက်သည့်  မြို့နယ်များတွင် သက်ဆိုင်ရာဌာနများ ပါဝင်သော အရည်အသွေး စစ်ဆေးရေးအဖွဲ့ (QC) အဖွဲ့များ၊ လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရန်အတွက် လုပ်ငန်းပြီးစီးမှု စစ်ဆေးရေးအဖွဲ့ (Work Done) အဖွဲ့များကို ဖွဲ့စည်းပြီး စစ်ဆေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊

သက်ဆိုင်ရာလုပ်ငန်းပြီးစီးမှုနှင့် လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့ကနေစစ်ဆေးပြီး လုပ်ငန်း ပြီးစီးကြောင်း ထောက်ခံချက်နှင့် ပြည်နယ်/တိုင်းဒေသကြီးရုံးများမှတစ်ဆင့် ဝန်ကြီးဌာနသို့ ခွင့်ပြုချက် ရယူပြီး ရန်ပုံငွေများကို လုပ်ငန်းပြီးစီးမှုအလိုက် အရစ်ကျထုတ်ပေးလျက်ရှိကြောင်း၊ ထိုလုပ်ငန်း များသည် အရည်အသွေး စံချိန်စံညွှန်းပြည်‌့မီရေး၊ သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးရေးတို့အတွက် ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် စာရင်းစစ်ဆေးရေးအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးလျက် ရှိကြောင်း၊ ၎င်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပါကလည်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်/တိုင်းဒေသကြီး ရုံးများက တာဝန်ပေးထားသည့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများကလည်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှစနစ်တကျ လုပ်ငန်းလွှဲပြောင်း၊ လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊

          ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇  ဘဏ္ဍာရေးနှစ်အတွက် တင်ဒါလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပွင့်လင်းမြင်သာစွာ နိုင်ငံပိုင် သတင်းစာ များတွင် တင်ဒါကြေညာခြင်း၊ တင်ဒါစည်းကမ်းချက်များနှင့် ရှင်းလင်းပေးခြင်း၊ တင်ဒါပိတ်ရက်တွင် နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများအား စစ်ဆေးခြင်းတို့ကို သတ်မှတ်ထားသည့် လမ်းညွှန်ချက်အတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က ညွှန်ကြားချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများက ဆောင်ရွက် လျက်ရှိ သည့် ကျေးလက်ဒေသတံတား ဆောက်လုပ်ခြင်း၊ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့အတွက် လုပ်ငန်းအလိုက်သတ်မှတ်ရက်အတွင်း ပြီးစီးရေး၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်း ပြည့်မီရေး၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့အာမခံကာလအတွင်း ပြီးစီးရေးတို့အတွက်ကို ကြီးကြပ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များပါဝင်သည့် အရည်အသွေး စစ်ဆေးရေး (QC) အဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဌာနတွင်းဝန်ထမ်းများဖြင့် ဖွဲ့စည်းပေးထားသော တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အရည်အသွေး စစ်ဆေးရေး (QC) အဖွဲ့တို့နှင့် အဆင့်ဆင့်ဖွဲ့စည်းစစ်ဆေးလျက်ရှိပါကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ၏ လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းအပေါ်မူတည်ပြီး‌ ငွေထုတ်ခွင့်တင်ပြလာပါကလည်း သက်ဆိုင်ရာလုပ်ငန်း ပြီးစီးမှုအလိုက် အရည်အသွေးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးထောက်ခံချက်ဖြင့် တောင်းခံငွေများကို ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရုံး၊ ဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်အခြေခံပညာ ကျောင်းများတွင် ဆောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သည့်နေရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ဖြန့်ဝေထားသည့် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ရမည့် စီမံကိန်းများ အလိုက် နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာထည့်သွင်းခေါ်ယူခြင်း၊ တင်ဒါလျှောက်လွှာပုံစံ ရောင်းချစဉ်ကတည်းက တင်ဒါလျှောက်လွှာစည်းကမ်းချက်များအတိုင်း ကုမ္ပဏီများဘက်ကနေပြီး PE, RSE, RE များကို ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တာဝန်ယူကြီးကြပ် ဆောင်ရွက်ရန်ဟု ထည့် သွင်း ဖော်ပြထားခြင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံသဘောတူစာချုပ်ကို ဆောင်ရွက်လျက်ရှိခြင်းစသည့် လုပ်ငန်းစဉ်အလိုက် အသေးစိတ်ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီး ဌာနက တည်ဆောက်မှုဆိုင်ရာ တင်ဒါများကိုခေါ်ယူဆောင်ရွက်ရာတွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများနှင်‌့ လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပုံစံများ၊ စံချိန်စံညွှန်းများ၊ သတ်မှတ်အရည်အသွေးတို့နှင့် ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းကြီးကြပ်စစ်ဆေးရေးအဖွဲ့၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့က စစ်ဆေးကြီးကြပ် ဆောင်ရွက်ခြင်း၊ သတ်မှတ်အရည်အသွေးများနှင့် ကိုက်ညီမှသာ လုပ်ငန်းလွှဲပြောင်း/ လက်ခံခြင်း တို့ကို ဆောင်ရွက်ပြီး စာချုပ်ပါသတ်မှတ်ကာလ ပြည်‌့မှသာလျှင် Completion Certificate ထုတ်ပေးခြင်းစသည်တို့ကို စနစ်တကျစိစစ် ဆောက်ရွက်လျက်ရှိပါကြောင်း၊

လုပ်ငန်းလမ်းညွှန်စာအုပ်များတွင် ဖော်ပြထားချက်အရ တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် စာချုပ်ပါအတိုင်း စံချိန်စံညွှန်းပြည်‌့မီရေး၊ သတ်မှတ်ရက်အတွင်းပြီးစီးရေး၊ အာမခံကာလတို့အတွက် စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေးတို့အတွက် အလုံးစုံတာဝန်ရှိမည်ဖြစ်ပြီး သဘာဝ ဘေးဒဏ်နှင်‌့ မလွှဲမရှောင်နိုင်သော ဘေးအန္တရာယ်တို့ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်လာပါက လုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးသောဌာနနှင်‌့ကုမ္ပဏီတွင် တာဝန်ရှိမည် မဟုတ်ပါကြောင်း၊ 

တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် စာချုပ်ပါအာမခံကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်ပါက ကုမ္ပဏီဘက်က တာဝန်ယူပြုပြင်ပေးရမည် ဖြစ်ပါကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် သတ်မှတ်ထားသည့် အရည်အသွေးနှင့် စံချိန်စံညွှန်းများအတိုင်း ပြည့်မီခြင်းမရှိဘဲ ဆောင်ရွက်ထားသည့် လုပ်ငန်းများအား အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ လက်ခံပါက လက်ခံသည့် အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် ကုမ္ပဏီတို့တွင်သာ တာဝန်ရှိမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးတင်ကိုကိုဦး (ဘီးလင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခု တင်ဒါအောင်မြင်ပြီးသည့် ကုမ္ပဏီများက မြို့နယ်တွင် လာရောက်၍ လုပ်ငန်းများ ဆောင်ရွက် ရာတွင် မြို့နယ် တည်ဆောက်ရေး ကော်မတီဖြစ်သည့် တည်ကော်ကို မိမိတို့က အကြောင်းကြားခြင်း မရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အချင်းမပြည့်ဝခြင်း၊ စာချုပ်ပါအတိုင်း ဆောင်ရွက်မှုမရှိခြင်းများအပေါ် ပြန်လည်ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်စေသည်ကို သိရှိရပါကြောင်း၊ ကန်ထရိုက်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ချုပ်ဆို သည့် ကန်ထရိုက်စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက နှစ်ဖက်သဘောတူ ချုပ်ဆို ထားသော စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်ဟူ၍ ပါရှိသည့်အတွက် စာချုပ်ထဲတွင် ပြန်ပြင်ဆင်ခွင့်များ ပါရှိသောကြောင့် ပြန်ပြင်ဆင်ခွင့် ပေးနေခြင်းဟုတ်/မဟုတ်နှင့် ပြန်ပြင်ဆင်ခွင့်မပါရှိဘဲ စာချုပ်ပါအတိုင်းဆောင်ရွက်နိုင်ခြင်း မရှိလျှင် မိမိတို့က တရားစွဲအရေးယူရန် လိုအပ်ခြင်းရှိ/မရှိ၊ စာချုပ်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိခြင်းကြောင့် ပြစ်ဒဏ်ကင်းလွင့်ခွင့်ကို မည်သူ့ ထံတွင် လုပ်ပိုင်ခွင့် ရှိသည်ကိုလည်းကောင်း သိရှိလိုပါကြောင်း  ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်

မိမိတို့ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ကို ယခုအစိုးရသစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဌာနများ အနေဖြင့်လည်း ပြီးခဲ့သည့်ဖြစ်စဉ်များမှာ မြန်မာတစ်ပြည်လုံးအတိုင်းတာနှင့် ဖြစ်ပျက်နေသည့် ကိစ္စများဖြစ်ပါကြောင်း၊ လမ်းညွှန်ဆိုသည်မှာလည်း မိမိတို့၏ အတွေ့အကြုံများ၊ UN ကအဖွဲ့များ၊ ကမ္ဘာ့ဘဏ်က အဖွဲ့များလည်း ပါဝင်ပါကြောင်း၊ ယင်းတို့၏ ဒေသတွင်း အတွေ့အကြုံများ အကုန်စုပြီး ပထမဆုံးထုတ်သည့် အမည်ကိုက လုပ်ငန်းလမ်းညွှန်ဟု မိမိတို့ ဖော်ထားပါကြောင်း၊ ကုမ္ပဏီများ လည်း ကုမ္ပဏီများအလျောက် မိမိတို့ လိုချင်သည့် ဘောင်ထဲကို အဆောက်အဦများ၏ အရည် အသွေးများတိုးတက်အောင်၊ စံချိန်စံညွှန်းများအတိုင်း လိုက်နာအောင်လည်း စစ်ဆေးခြင်းဖြစ် ပါကြောင်း၊ လမ်းညွှန်ဖြစ်သည့်အတွက် Over Law ဥပဒေလည်း မဟုတ်ပါကြောင်း၊ ထို့ကြောင့် အပြစ်ပေးခြင်းသည် နှစ်ဦးသဘောတူချုပ်သည့် စာချုပ်များ အပေါ်တွင် မူတည်ပါကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် သဘောတူသည့်အထဲတွင် ပြစ်မှုဆိုင်ရာအရ အရေးယူမည်ဟု သဘောတူချုပ်ထားလျှင်လည်း ပြစ်မှုဆိုင်ရာ အရေးယူလို့ရပါကြောင်း၊ တည်ကော်တည်ဆောက်ရေး အဖွဲ့တွင် မိမိကိုယ်တိုင် ဗဟိုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်များတွင်လည်း တည်ကော် အဆင့်ဆင့်ဖွဲ့ထားပြီး မိမိတို့ဌာနမှ တိုင်း ဒေသကြီး/ ပြည်နယ်ရှိ Shift Engineer ညွှန်ကြားရေးမှူးများက အတွင်းရေးမှူး အနေဖြင့်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ဘက်က လမ်းညွှန်ထုတ်ထားသည့်အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းညွှန်မှာပါသည့်အတိုင်း မြေပြင်ပေါ်တွင်  အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

Testing ကိစ္စများနှင့် ပတ်သက်၍လည်း တတ်နိုင်သလောက် အကူအညီပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းပြည်တွင် ဒေသအလိုက် ဖွံ့ဖြိုးမှုကလည်းမညီမျှသည့်အတွက် Testing ကိစ္စရပ်များသည် တချို့မြို့ကြီးများတွင်သာရှိပါကြောင်း၊ မိမိတို့စမ်းသပ်သည့် Slant လေးများကို Sample ယူထားပြီး အနီးစပ်ဆုံး Test လုပ်နိုင်သည့် နေရာများတွင် Test လုပ်ရန် လမ်းညွှန်မှုပေးနေပါကြောင်း၊ Company များအနေဖြင့်လည်း အရည်အသွေးမြင့်လာရန် လိုပါကြောင်း၊ စံချိန် စံညွှန်းနှင့်ညီသည့် အဆောက်အဦများ၊ တာရှည်ခံသည့် အဆောက်အဦများ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အဆောက်အဦများ  ဖြစ်အောင်လည်း ဌာနအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။