ဗိုလ်တထောင်မြို့နယ်မှ ကြည့်မြင်တိုင်မြို့နယ်အထိဖောက် လုပ်ထားသော ကမ်းနားလမ်းသစ် စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်
ဇူလိုင်လတွင် အေးရှားဝေါလ်ကုမ္ပဏီမှ စတင်ဖောက်လုပ်ခဲ့ပြီး ၅ မိုင်ခန့်ရှည်လျားသော လမ်းအကျယ်ပေ ၆၀ ခန့် ကျယ်ဝန်းပါကြောင်း၊ အေးရှားဝေါလ် Container ဆိပ်ကမ်းအပါအဝင် Container ဆိပ်ကမ်းအားလုံးမှ Container ယာဉ်များသည် ၎င်း လမ်းမကြီးမှ ဖြတ်သန်းကြရပါကြောင်း၊ ကမ်းနားလမ်းသစ် စီမံကိန်းဖောက်လုပ်စဉ် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ စီမံခန့်ခွဲခြင်း မဟုတ်ဘဲ ပို့ဆောင်ရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရှိရပါကြောင်း၊ အေးရှားဝေါလ်ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာကလည်း ၎င်းတို့ကုမ္ပဏီတွင် စီမံကိန်း ကန်ထရိုက် မဟုတ်ဘဲ ပို့ဆောင်ရေးဝန်ကြီးဌာနကို ကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၉-၇-၂၀၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါကြောင်း၊ ၁၈-၂-၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ အေးရှားဝေါလ်ကုမ္ပဏီအား တိုးဂိတ်ဖြင့် အခကြေးငွေ ကောက်ခံခွင့်ပြုခဲ့ပါကြောင်း၊ ယခုအခါ ကောင်းမြတ်သော မြေကုမ္ပဏီ (Virtue Land Co.,Ltd)မှ Container တစ်စီးလျှင် ၄၀၀၀ ကျပ်နှင့် ယာဉ်ငယ်တစ်စီးလျှင် ၁၅၀၀ ကျပ်ကောက်ခံပြီး နှစ်စဉ်ဝင် ငွေအမြောက်အမြား ရရှိနေသည်ဟုလည်းသိရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှ ကြည့်မြင်တိုင် မြို့နယ်အထိ ဖောက်လုပ်ထားသော ကမ်းနားလမ်းသစ် စီမံကိန်းကို မည်သည့်စနစ်ဖြင့် ဖောက်လုပ်ခဲ့ပြီး လမ်းဖြတ်သန်းခ အခွန်ကောက်ငွေများကို ပြည်ထောင်စုဘဏ္ဍာငွေ ရသုံးမှန်းခြေငွေ စာရင်းသို့ ထည့်သွင်းထားခြင်းရှိ/မရှိနှင့် မည်သည့်ဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းနှင့် အကျိုးတူဆောင်ရွက်ထားသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ကမ်းနားလမ်းသစ် ကွန်ကရစ်လမ်းမကြီးသည် ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းမှ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာလမ်းအထိ ၅.၀၆၉ မိုင်ရှည်လျားပါကြောင်း၊ တစ်ဖက်လျှင် ယာဉ်သွားလမ်း နှစ်လမ်းဖြစ်ပြီး ကမ်းနားလမ်းဘက် ယာဉ်သွားလမ်းတွင် မီးရထားလမ်းပါ ထည့်သွင်းဖောက်လုပ် ထားသည့်အတွက် လမ်း၏အကျယ်သည် ၅၂ ပေရှိပါကြောင်း၊ ကမ်းနားလမ်းသစ်ကို Virtue Land Co.,Ltd (ကောင်းမြတ်သောမြေကုမ္ပဏီ)မှ ကုန်ကျငွေအားလုံး စိုက်ထုတ်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူ B.O.T စနစ်ဖြင့် ဝင်ငွေအပေါ်တွင် အောက်ပါအတိုင်း အကျိုးအမြတ်ခွဲဝေ၍ ဆောင်ရွက်ခွင့်ပြုရန် ၁၃-၂-၂၀၁၃ ရက်နေ့မှာကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၇/၂၀၁၃) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုချက်အမှတ်၊ မနသ-၈၈၈/၂၀၁၃ နှင့် ခွင့်ပြုခဲ့ပါကြောင်း၊ အကျိုးအမြတ် ခွဲဝေခြင်းနှင့် ပတ်သက်၍ ကာလအပိုင်းအခြားမှာ ပထမနှစ်တွင် ၁၅ နှစ် အထိကို ငါးရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ ၁၆ နှစ်မှာ နှစ် ၃၀ အထိ ရှစ်ရာခိုင်နှုန်း ပေးသွင်း ရန်ဖြစ်ပြီး ၃၁ နှစ်မှ နှစ် ၄၀ အထိကို ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ လမ်းဖြတ်သန်းခအနေဖြင့် ၁၄ ပေနှင့် အောက်ယာဉ်တစ်စီးလျှင် ကျပ် ၁၅၀၀ နှုန်း၊ တန် ၂၀ နှင့် အထက် ကုန်တင်ယာဉ်တစ်စင်းလျှင် ၄၀၀၀ နှုန်းနှင့် နံနက်ခြောက်နာရီမှ နောက်တစ်နေ့နံနက် ခြောက်နာရီအထိ ၂၄ နာရီ အတွင်း ယာဉ်တစ်စီးလျှင် တစ်ကြိမ်သာ ကောက်ခံပြီး ဖြတ်သန်းခွင့်ပြုခြင်းကို ၁-၄-၂၀၁၃ ရက်နေ့မှစပြီး ဆောင်ရွက်ကောက်ခံလျက် ရှိပါကြောင်း၊
အထက်ပါအကျိုးအမြတ် ခွဲဝေမှုအတိုင်း Virtue Land Co.,Ltd (ကောင်းမြတ်သောမြေကုမ္ပဏီ) မှ ကောက်ခံရရှိငွေ၏ ငါးရာခိုင်နှုန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ငွေစာရင်းသို့ ပေးသွင်းလျက်ရှိရာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် သန်းပေါင်း ၁၄၁.၁၄၉၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် သန်းပေါင်း ၁၅၂.၁၁၄ စုစုပေါင်း သန်းပေါင်း ၂၉၃.၂၆၄ ပေးသွင်းခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
