မင်းကင်းမြို့နယ်သည် ချင်းတွင်းမြစ်ကမ်းဘေးတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အတွက် ဖွံ့ဖြိုးမှုလည်း နောက်ကျသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် ချင်းတွင်းမြစ်ကို အားကိုးအားထားပြုနေရပြီး ယခုအခါ Extreme Weather ကြောင့် နွေရာသီတွင် ရေကြောင်းကြပ်ပြီး သွားလာရေးခက်ခဲ၍ မိုးရာသီတွင် အန္တရာယ် ရှိသဖြင့် ရေယာဉ်များ သွားလာမှုကို တစ်ပတ်၊ ၁၀ ရက်ခန့် ပိတ်ထားရသည့် အလေ့အထရှိပါကြောင်း၊ ထို့ကြောင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး သာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများ အတွက်ပါ အခက်အခဲများရှိသည့် အတွက် တပ်မတော်အစိုးရ လက်ထက်တွင် မုံရွာ-ကနီလမ်းမှ တစ်ဆင့် ၆၃ မိုင်ကွာဝေးသည့် မင်းကင်းမြို့ကို မြေသားလမ်း ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ သို့သော် မြေသားလမ်းအဆင့်မှ ကျောက်ကြမ်းလမ်း အဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိသည့်အတွက်ကြောင့် Commercially သွားလာနိုင်ခြင်းမရှိသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ ၎င်းလမ်းကြောင်းတွင် အဓိကအခက်အခဲနှစ်ခုရှိပြီး Radiance မြက်နဲ့ ဖက်ခက်တောင်တက်လမ်း နှင့် မင်းကင်းမြို့မှ ၄ မိုင်အကွာအဝေးတွင် ရှိသည့် ပုထိုးလုံးချောင်းတို့ ဖြစ်ပါကြောင်း၊ ဖက်ခက် တောင်တက် လမ်းကို Radiance ချရန်နှင့် ပုထိုးလုံးချာင်းကူးတံတား တည်ဆောက်ရေးကို ဆောင်ရွက်ပေးနိုင်ပါက ၎င်းလမ်းသည် commercial လမ်း မလွှဲမသွေဖြစ်လာမှာ သေချာပါကြောင်း၊ ပုထိုးလုံးချောင်းသည် ကနီမြို့အဝင်တွင်ရှိသည့် ရေဝါချောင်းလောက်သာရှိပါကြောင်း၊ ကွာခြားသည်မှာ ရေဝါချောင်းသည် ဆယ့်နှစ်ရာသီ ရေမစီးပါကြောင်း၊ တစ်ခါတစ်ရံ မိုးကြီးသည့် အခါမှသာ ရေကျသည့် ချောင်းဖြစ်ပြီး ပုထိုးလုံးချောင်းကတော့ နွေမိုးဆောင်း ရေအမြဲတမ်း ရှိနေပါကြောင်း၊ ရေများသည့်အခြေအနေတွင် လှေဖောင်များသွား၍မရပါကြောင်း၊ မုံရွာ-ကနီ-မင်းကင်းလမ်းပေါ်တွင် ရှိသည့် ပုထိုးလုံးချောင်းကူး တံတားကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်းနှင့် ကနီ-မင်းကင်းလမ်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ တို့ကိုမေးမြန်းပါသည်။
ပထမလမ်းကြောင်းဖြစ်သည့် မုံရွာ-ကနီ- မင်းကင်း-မြို့မလမ်းပိုင်းသည် ၁၁၁ မိုင် ၁ ဖာလုံမှာ မုံရွာမြို့မှ ချောင်းမရွာအထိ ၁၆ မိုင် ၁ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပြီး ချောင်းမရွာ မှကနီမြို့အထိ ၁၄ မိုင် ၂ ဖာလုံသည် ၁၂ ပေ အကျယ်ကတ္တရာလမ်း ဖြစ်ပါကြောင်း၊ ကနီ-မင်းကင်းအပိုင်းသည် ၆၃ မိုင် ၃ဖာလုံ ရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုင်တိုင် ဝ/၀ မှ ၃/၂ ထိ ၁၂ ပေအကျယ် ကတ္တရာလမ်း ၃ မိုင် ၂ ဖာလုံနှင့် မိုင်တိုင် ၅/၀ မှ မိုင်တိုင် ၈/၀ အထိ တံတားငယ် (၅) စင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ကနီ-မင်းကင်း လမ်းပိုင်းသည် ပုထိုးလုံးချောင်း ၁၀၀၀ ပေ၊ နနွင်းတောချောင်း ပေ ၈၀၀ တံတားကြီး နှင့် ပေ ၁၈၀ အောက်တံတားအစင်း ၂၀၀ ခန့်၊ ရေကျော် ၁၀ စင်း တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပြီး မြေသားလမ်းအနေဖြင့် လျှောစောက်နှိမ့်ချသည့် နေရာများ ကျန်နေသေး ပါကြောင်း၊ ထို့ကြောင့် ကနီ-မင်းကင်းလမ်းပိုင်းတွင် ချောင်းမြောင်းများ ပေါများသည့်အတွက် မိုးတွင်းအချိန် သွားလာ၍မရဘဲ ပွင့်လင်းရာသီတွင် တစ်ကြောင်းထိုးလမ်းဖြင့် ကနီနှင့် မင်းကင်း အကြား သွားလာနိုင်ရန် နှစ်စဉ်ဆောင်ရွက် ပေးရပါကြောင်း၊ မင်းကင်း-မြို့မလမ်း သည် ၁၇ မိုင် ၃ ဖာလုံ ရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ စီမံခန့်ခွဲသည့်လမ်း ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျောစောက်များနှိမ့်ချခြင်း၊ တံတားငယ်(၈)စင်း တည်ဆောက်ခြင်း၊ မြေထိန်းနံရံ ၂၈၅ ပေ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ မင်းကင်း-မြို့မလမ်း သည် ရာသီမရွေးသွားလာနိုင်ရန်အတွက် အမာခံလမ်းခင်းခြင်း ၈ မိုင် ၃ ဖာလုံ၊ လျောစောက် နှိမ့်ချခြင်းလုပ်ငန်းများ၊ တံတားကြီးသုံးစင်း၊ မြေထိန်းနံရံများ၊ ကျောက်စီရေမြောင်းများ ဆောင်ရွက်ရန် ကျန်ရှိမည်ဖြစ်ပါကြောင်း၊ ဒုတိယ လမ်းကြောင်းဖြစ်သည့် မုံရွာ-ယာကြီး-လာဘို့- မင်းကင်း-မြို့မလမ်းသည် မုံရွာ-ယာကြီး-လာဘို့ရွာ အထိ ၅၈ မိုင် ရှည်လျားပြီး ပြည်ထောင်စု အစိုးရအဖွဲ့ စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး မိုင်တိုင် ဝ/၀ မှ မိုင်တိုင် ၅၈/၀ အထိ ၁၈ ပေ အကျယ် ကတ္တရာလမ်း ဖြစ်ပါကြောင်း၊ လာဘို့-မင်းကင်း လမ်းသည် ၂၆ မိုင် ၅ ဖာလုံ ရှည်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲသည်လမ်းဖြစ်ပါကြောင်း၊ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ရန်ပုံငွေဖြင့် မိုင်တိုင် ဝ/၀ မှ မိုင်တိုင် ၁၂/၀ အထိ၊ မိုင်တိုင် ၁၇/၂ မှ ၂၀/၃ အထိ စုစုပေါင်း ၁၅ မိုင် ၁ ဖာလုံကို တစ်ဖက်လျှင် လေးပေအကျယ် ကွန်ကရစ်ဘီး လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိုင်တိုင် ဝ/၀ မှ မိုင်တိုင် ၁၂/၀ အထိ ၁၂ မိုင်အား Open Tender လုပ်ငန်းစနစ်ဖြင့် အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိုင်တိုင် ဝ/၀ မှ မိုင်တိုင် ၁၂/၀ အတွင်း တံတားငယ် ၄ စင်း၊ မိုင်တိုင် ၁၂/၀ မှ မိုင်တိုင် ၂၆/၅ အတွင်း တံတားငယ် ၂၁ စင်း၊ တစ်လွှာတစ်ထပ် ဘေလီသံပေါင်သစ်သားကြမ်းခင်း ပေ ၆၀ အရှည် ပုထိုးလုံးတံတားနှင့် နှစ်လွှာတစ်ထပ်ဘေလီသံဘောင် Steel Decking ကြမ်းခင်းဖြင့် ပေ ၄၂၀ အရှည်ရှိသည့် ယင်းသွင်တံတားကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ထို့ကြောင့်၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် လာဘို့-မင်းကင်းလမ်းပိုင်းအနေဖြင့် တံတားကြီးများအားလုံး ဆောင်ရွက်ပြီးမှာဖြစ်ပြီး ၅ မိုင် ၂ ဖာလုံကို ကွန်ကရစ်ခင်းရန်ကျန်ရှိမည်ဖြစ်ပြီး၊ ကျန်သည့် အပိုင်းသည် အမာခံလမ်းခင်းပြီးသည့် အပိုင်း ဖြစ်သည်အတွက် ရာသီမရွေးသွားလာနိုင် မည်ဖြစ်ပါကြောင်း၊ မင်းကင်းမြို့ကို ဆက်သွယ်သွားလာ နိုင်သော အဓိကလမ်းမကြီးနှစ်လမ်းအနက် ကနီ-မင်းကင်းလမ်းပိုင်းသည် ပထမ ၅ နှစ် စီမံချက်တွင် ပါဝင်ခြင်းမရှိသည့်အတွက် ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် မုံရွာ-ယာကြီး-လာဘို့-မင်းကင်း-မြို့မလမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်ရေး အတွက် ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြား ပါသည်။
