(ဆ)-ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ် ကိုးဆောက်လုပ်ထားခဲ့သောကျောင်း(၁၇)ကျောင်း အားစံကိုက်ကျောင်းများအဖြစ်လာမည့်ဘဏ္ဍာနှစ် တွင် လျာထားဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၁.၁၁.၂၀၁၆)

ဒေါ်နန်းခင်စောရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျောင်းများတွင် အစိုးရအသိအမှတ်ပြု မူလတန်းကျောင်းများ ဖြစ်သော်လည်း ကျောင်းအဆောက်အဦများမှာ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ဆောက်လုပ်အသုံးပြုလာခဲ့ပါကြောင်း၊ အဆိုပါကျောင်းများတွင် သတ်မှတ်စံချိန်စံညွှန်းများ ပြည်‌့မီကိုက်ညီခြင်း မရှိသည်‌့အပြင် အများစုမှာ ကျောင်းသူ/သားများအား အချိန်မရွေး အန္တ ရာယ်ဖြစ်စေနိုင်သော အန္တရာယ်ဆောင်များ ဖြစ်နေပါကြောင်း၊ အချို့ကျောင်းဆောင်များတွင် သွပ်မိုးထားသော်လည်း ဝါးပိုးတိုင်၊ ဝါးထရံကာကျောင်းများဖြစ်ပြီး ဝါးပိုးဖြင်‌့ပြုလုပ်ထားသော စာရေးခုံ၊ ထိုင်ခုံ များဖြင့်သာ သင်ကြားအသုံးပြုလျက်ရှိနေပါကြောင်း၊

ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကမဏ္ဍိုင်ကြီးဖြစ်သကဲ့သို့ လူသားအားလုံးအတွက် အသက်သွေးကြောလည်း ဖြစ်ပါကြောင်း၊ ကျောင်း၏သွင်ပြင်ဥပဓိရုပ်နှင့် မ ညီညွတ်သော ကျောင်းများ ကိုလည်း ချမှတ်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကျောင်းသား/သူများ၏ ရာသီဥတုမိုး၊ လေ၊ နေလုံခြုံသည့် စာသင်ဆောင်များ ဖြစ်မြောက်ရန်အတွက် အစိုးရမှ ကွင်းဆင်း စစ်ဆေးပြီး အလေးထားဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ အချို့သောကျောင်းများတွင် ဝါးပိုးဝါးတိုင်၊ ဝါးကပ်ကာ၊ သက္ကယ်မိုး၊ ဝါးပိုးဝါးများဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံနှင့် စာရေးခုံများဖြင့် ချို့တဲ့စွာ သင်ကြားနေကြရပါကြောင်း၊ အဆိုပါ စာသင်ကျောင်းများ၏ ဥပဓိရုပ်နှင့် နိုင်ငံတော်မှ ပညာရေးကဏ္ဍဖော်ဆောင်ရေးလုပ်ငန်း၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေလျက်ရှိပါကြောင်း၊ ထို့ကြောင်‌့ နိုင်ငံတော်၏ လူသားအရင်းအမြစ် အခြေခံဖြစ်သည့် ပညာရေးကဏ္ဍအား သင်ကြားရေးနည်းစနစ်ပိုင်းဆိုင်ရာ ပြုပြင်မြှင့်တင်ခြင်းအပြင် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာများ ကိုလည်း မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ သင်ထောက်ကူ ပစ္စည်းများ ပြည်‌့စုံလုံလောက်အောင် လည်း ဖြည်‌့ဆည်းဆောင် ရွက်ပေးရန်များစွာ လိုအပ်လျက်ရှိ ပါကြောင်း၊အဆိုပါကျောင်း များသည် တရားဝင် အစိုးရကျောင်း၊ မူလတန်းကျောင်း များဖြစ်သော်လည်း ခေတ်စနစ်နှင့် လိုက်လျောညီထွေ သည်‌့ ကျောင်းအင်္ဂါရပ် များနှင့် ကိုက်ညီသော ကျောင်းဆောင် စာသင်ကျောင်း၊ဆရာ/မများနားနေဆောင်များ၊ ဝန်ထမ်း အိမ်ရာများ၊ ကျောင်းသုံးပရိဘောဂများ ပြည်‌့စုံစွာ ဦးစားပေးစနစ်ဖြင့် ဖြည်‌့ဆည်း ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိ ပါကြောင်း၊ ကျောင်းဆောင် သစ်များ ဆောက်လုပ်ရန် အတွက် မြေနေရာများလည်း အလုံ အလောက်ရှိ ထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရပညာရေး ဝန်ကြီးဌာနမှ ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော် တည်ဆောက်ရေးတို့တွင် အဓိကအခန်းကဏ္ဍဖြစ်သည့် ပညာရေးကဏ္ဍ၏ လိုအပ်ချက်များကို နယ်မြေဒေသမခွဲခြားဘဲ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကိုယ့်အား ကိုယ်ကိုး ဆောက်လုပ် ထားခဲ့သော ကျောင်းဆောင် ၁၇ ကျောင်းအား စံကိုက်ကျောင်းများအဖြစ် ဦးစားပေးစနစ်ဖြင့် ချမှတ်တည်ဆောက်ပေးနိုင်ရန် လာမည်‌့ဘဏ္ဍာရေး နှစ်များတွင် လျာထားဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိအပြင် ပညာရေး အခက်အခဲများကို မည်သည်‌့အချိန်ကာလတွင် မည်သို့ဖြေရှင်း ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေလျာထားချက်များကို မြို့နယ်တွင်းကျောင်းသားဦးရေအပေါ် အခြေခံ ၍ ရေးဆွဲရာတွင် ကွန်ဟိန်းမြို့နယ်အတွက် ငွေကျပ် ၈၄ သန်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလျာထားမှုအရ အခြေခံပညာကျောင်း၊ ရုံးများကို မြို့နယ်ပညာရေးမှူးက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းများနှင့် တွေ့ဆုံအတည်ပြုပြီး အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ဥပဓိရုပ် မကောင်းသောကျောင်းများ၊ ကျောင်းသားဦးရေအရ တိုးချဲ့ရန်လိုအပ်သော ကျောင်းများ၊ သဘာဝဘေးဒဏ်ကြောင်‌့ နေရာပြောင်းရွှေ့ဆောက်လုပ်ရန် ကျောင်းများဟူ၍ လုပ်ငန်းများခွဲခြား၍ မြို့နယ်/ ကျောင်းဦးစားပေး အစဉ်အလိုက် အဆင့်များသတ်မှတ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုထောက်ခံချက်ဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှတစ်ဆင့် အခြေခံပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြေခံပညာဦးစီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်စုစည်း၍ ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာဌာနများသို့ အတည်ပြုချက်ရရှိရေးအတွက် ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကွန်ဟိန်းမြို့နယ်၊ လုံယန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲတွင် လုံယန်းကျောင်းဆောင် (၄၀x၃၀) ပေ တစ်ထပ်စာသင်ဆောင် တစ်ဆောင်လဲရှိပါကြောင်း၊ ကျောင်းသားကျောင်းသူဦးရေ ၅၆ ဦးရှိပါကြောင်း၊ ဝမ်ပတ်ကျေးရွာအခြေခံ ပညာမူလတန်းကျောင်းခွဲတွင် (၄၀x၃၀) ပေ တစ်ထပ်စာသင်ဆောင် တစ်ဆောင်ရှိပြီး ကျောင်းသား/သူဦးရေ ၅၆ ဦး ရှိပါကြောင်း၊ နမ့်ဝိန်းကျေးရွာအခြေခံပညာ မူလတန်းကျောင်းခွဲတွင် (၄၀x၃၀) ပေ တစ်ထပ်စာသင်ဆောင် တစ်ဆောင်ရှိပြီး ကျောင်းသား/သူစုစုပေါင်း  ၅၂ ဦး၊ နမ်ကျိုင်း (နားကျိုင်း) ကျေးရွာ တွင် ကျောင်းသား/သူ ၂၈ ဦး၊ ဟောင်လိတ်ကျေးရွာတွင် ကျောင်းသား/သူ စုစုပေါင်း ၅၁ ဦး၊ နောင်ခမ်းကျေးရွာ မူလတန်းကျောင်းခွဲတွင် ကျောင်းသား/သူ စုစုပေါင်း ၅၀ ဦး၊ ကွတ်ပုံမူလတန်းကျောင်းခွဲတွင် ကျောင်းသား/သူ ၁၈ ဦး၊ ဝမ်ဖိုင်မူလတန်းကျောင်းတွင် ကျောင်းသား/သူ ၂၅ ဦး၊ ဝမ်ဟိန်းကျေးရွာ မူလတန်းကျောင်းတွင် စုစုပေါင်း ၂၉ ဦး၊ နားကန်အခြေခံ ပညာမူလတန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း ၃၅ ဦး၊ နမ့်မော်တောင်းကျေးရွာတွင် ကျောင်းသား/သူ စုစုပေါင်း ၃၈ ဦး၊ နားဝမ်(ပန်မုံ့) ကျေးရွာ မူလတန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း ၁၈ ဦး၊ နားခေါက်ကျေးရွာ မူလတန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း ၃၃ ဦး၊ ဆိုင်ခေါင် (တောင်) ကျေးရွာ မူလတန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း ၃၈ ဦး၊ (၅၂၄) ခြေမြန်တပ်ရင်းမူလတန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း ၂၈ ဦး၊ ဝမ်အင်ကျေးရွာတွင် မူလတန်းကျောင်းခွဲ ကျောင်းသား/သူ ၂၉ ဦး၊ ဝိန်းဖွီးကျေးရွာ မူလတန်းကျောင်းခွဲတွင် ကျောင်းသား/သူ စုစုပေါင်း ၂၇ ဦး တို့ရှိပါကြောင်း၊ နောင်ပညာသင်နှစ်တွင် လိုအပ်နေသော ကျောင်းဆောင်သစ်များ တည်ဆောက်ခြင်းကို ကျောင်းအုပ်က မြို့နယ်ပညာရေးမှူးကိုတင်ပြ၍ ခရိုင် ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးတို့က စိစစ်၍ ပြည်နယ်အစိုးရအဖွဲ့ အတည်ပြုချက်ရယူ၍ Ceiling Figure ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ အမြင့်ဆုံးသတ်မှတ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကွန်ဟိန်းမြို့နယ်အတွက် ထပ်မံလိုအပ်နိုင်သည့် အတွက်ကြောင့် ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့ပူးပေါင်းစိစစ်ဆောင်ရွက်ပြီး နောင်ပညာသင်နှစ်တွင် လိုအပ် သည့် ကျောင်းဆောင်သစ်များနှင့် တခြားလိုအပ်ချက်များကို ဖြည်‌့ဆည်းနိုင်ရေးအတွက် ဦးစားပေးအစီအစဉ်အရ ဆက်လက်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။