ရှမ်းပြည်နယ် (တောင်ပိုင်း)၊လွိုင်လင်မြို့ ယခင် အ.လ.က(၂) ကျောင်း အခြေခံပညာအထက်တန်းကျောင်းခွဲတွင် တာဝန်ယူ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာမများ၏ သင်ကြားပြသမှု ကောင်းမွန်မှုများကြောင့် လည်းကောင်း၊ ကျောင်းစည်း ကမ်း ကောင်းမွန်မှုများကြောင့် လည်းကောင်း၊ ကျောင်းသား/ကျောင်းသူဦးရေ များပြားလာပြီး ကျောင်းသား/ကျောင်းသူများ၏ စာမေးပွဲအောင်မြင်မှု တိုးတက်လျက်ရှိပါကြောင်း နှင့် ကျောင်းသား/ကျောင်းသူများ၏ မိဘများမှလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လျက်ရှိရာ အခြေခံပညာ သင်ကြားမှုကို အထောက် အကူပြုလျက် ရှိပါကြောင်း၊ထို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲအား အခြေခံပညာအထက်တန်းကျောင်း အဆင့်သို့ အဆင့်တိုးမြှင့် ပညာသင်ကြားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အဆင့်တိုးမြှင့် ပညာသင်ကြားခွင့်ပြုပါမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများဆင့်တိုးမြှင့်ခြင်းကို ဒေသလိုအပ်ချက်နှင့်အညီ အဖြစ်နိုင်ဆုံး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊မူလသတ်မှတ်ချက်အရ သတ်မှတ်ထားသောကျောင်းမှာ ယခုဘဏ္ဍာရေးနှစ်မှာ ၉၃၇ ကျောင်းဖြစ်သော် လည်း နှစ်ဆကျော် ထပ်ဆောင်းပြီး ၂၃၇၅ ကျောင်းထပ်မံတိုးမြှင့်၍ စုစုပေါင်း ၃၃၁၂ ကျောင်း အဆင့်တိုးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းကျောင်းများထဲတွင် လွိုင်လင်မြို့နယ်အတွင်း၌ အခြေခံပညာ မူလတန်းလွန်ကျောင်း ၂ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၃ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း(ခွဲ) ၂ ကျောင်း စုစုပေါင်း အခြေခံပညာအဆင့်ကျောင်းပေါင်း ၇ ကျောင်း ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် အဆိုပါ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သည် အောင်မြင်သည့်ကျောင်း၊ ကျောင်းသား/ကျောင်းသူများ အားကိုးရာ ကျောင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ပင်မကျောင်းဖြစ်သည့် လွိုင်လင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် မိုင်ဝက်ခန့်သာကွာဝေးပြီး အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဆင့် သတ်မှတ်ပြီးသည့်အတွက် အခြေခံပညာအထက်တန်းကျောင်းအဆင့် Sanction မရှိစေကာမူ အထက်တန်းပညာကို ပြည့်ဝစွာသင်ကြားခွင့်ရှိပါကြောင်း၊ထိုကျောင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှ အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် ထက်ဆင့်သင် ကျောင်းသား/ကျောင်းသူ ၂၀၀ ဦးနှင့်အထက်ရှိရန် သတ်မှတ်ထားပါကြောင်း၊ သို့သော် သတ်မှတ်ချက်မပြည့်မီစေကာမူ ဘဏ္ဍာရေး အခြေအနေပေးသည်နှင့်အမျှ သတ်မှတ်ချက် မူဘောင် ကို ဖြေလျှော့ပြီး ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
