(ဃ)-နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏အခြေခံအုတ်မြစ်ဖြစ် သည့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့်မြန်မာစာပေ ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်ရေးအတွက်ဘာ သာပြန်လုပ်ငန်းနှင့် ပတ်သက်၍အစိုးရကကူညီပံ့ ပိုးပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၉.၉.၂၀၁၆)

မိမိတို့နိုင်ငံသည် မိဖုရား ဖွားစောကျောက်စာ၊ သိင်္ဃသူ့သမီး ကျောက်စာ၊ ရာဇကုမာရ် ကျောက်စာ စသည်ဖြင့် ကြီးကျယ်ခမ်းနားသော ဦးမြင့်လွင် (တွံတေး)စာပေသမိုင်း ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ ပုဂံခေတ်ကစပြီး ရေတွက်မည်ဆိုလျှင်ပင် မိမိတို့၏ စာပေသက်တမ်းသည် နှစ် ၁၀၀၀ခန့်ရှိပြီး ဒေသတွင်းတွင် ဂုဏ်ယူဝင့်ကြွားနိုင်သည့် သက်တမ်း ပင်ဖြစ်ပါကြောင်း၊

၁၉၆၀-၁၉၇၀  ခုနစ်ခန့်တွင် ပုဂံစာပေ၊ သင့်စာပေ၊ တင်ဆွေလင်းစာပေ၊ ကျော်လင်းစာပေ၊ ဝင်းမော်ဦးစာပေများက ထုတ်သည့် စာအုပ်များ၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ မရဏ မောင်းလောင်း အောင်စည်လောင်း၊ ဘုံဘဝစသည့် စာအုပ်များသည် လူငယ်များအနေဖြင့် အသည်းစွဲ ဖတ်ခဲ့ပါကြောင်း၊ ထိုစဉ်ကစာအုပ်ကြီးတွေပုံနှိပ်မှတ်တမ်းတွင် အုပ်ရေ ၁၀၀၀၀၊ ၂၀၀၀၀ ၃၀၀၀၀ စသည့်ဖြင့် ပုံနှိပ်ရိုက်နှိပ်ရပါကြောင်း၊ သို့သော် မကြာသေးမီက အင်မတန်နာမည်ကြီးသည့် Best Seller ဆရာမလေး တစ်ယောက်၏ နာဂစ်ကို နောက်ခံရေးထားသည့်ဝတ္ထုသည် လူကြိုက်များပြီး ဖတ်၍ အင်မတန်ကောင်းသော်လည်း အုပ်ရေအားဖြင့် အုပ်ရေ ၁၀၀၀ ဟုသာ ပုံနှိပ် မှတ်တမ်းတွင် တွေ့ရပါကြောင်း၊  ထိုသို့ အုပ်ရေများ လျှော့ပေါ့ထုတ်လာရခြင်းသည် TV၊ Video၊  Internetနှင့်  အခြားသော ဖျော်ဖြေမှုများကြောင့် ဟူ၍ အကြောင်းပြနိုင်သော်လည်း ဂျပန်၊ ဂျာမနီ၊ အင်္ဂလန် စသည့်နိုင်ငံများ၏  စာအုပ်ထုတ်ဝေရေးလုပ်ငန်းများအနေဖြင့် မိမိတို့ကဲ့သို့ ဆိုးဝါးစွာ ကျဆင်း သွားခြင်းမရှိပါကြောင်း၊ထို့ကြောင့် စာပေထုတ်ဝေရေးလုပ်ငန်းတွင် ယခုကဲ့သို့ နိမ့်ပါးကျဆင်း နေမှု များနှင့် ပတ်သက်၍  စာပေလောကသားများ၊ စာရေးဆရာများ ထုတ်ဝေရေးသမားများကို နိုင်ငံတော် အစိုးရက ကူညီ ဆောင်ရွက်မည့် ရေရှည်/ရေတို အစီအမံများ ရှိ/မရှိဆိုသည်ကိုသိရှိလိုပါကြောင်း၊

မိမိတို့နိုင်ငံတွင် အင်မတန်မှ ထူးခြားထင်ရှားသော စာရေးဆရာကြီးများ၏ စာပေလက်ရာ များသည် ကမ္ဘာ့အဆင့်အတန်းနှင့် ညီသကဲ့သို့ ခံစားရသော်လည်း  ကမ္ဘာ့စာပေနိုဘယ်လ်ဆုအတွက် တစ်ကြိမ် တစ်ခါမှ စဉ်းစားခြင်းမခံရခြင်းမရှိသည့်အတွက် မိမိတို့ စာပေကို ကမ္ဘာကသိရန်၊ မြန်မာ့စာပေလက်ရာများကို ကမ္ဘာကသိရန်၊ ဈေးကွက်တွင် ကမ္ဘာ့အဆင့်အတန်းဝင်ရန်၊ နိုဘယ်လ် ဆုကြီးများ အတွက် စဉ်စားနိုင်ရန် ဘာသာပြန်လုပ်ငန်းများကိုကိုဆောင်ရွက်ရန် လိုအပ်သည့်အတွက် စာပေလောကသားများ၊  စာရေးဆရာများ၊ ထုတ်ဝေသူများကို ပြည်ထောင်စုအစိုးရအနေဖြင့် ကူညီ ဆောင်ရွက် သွားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာနဒေါက်တာဖေမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပန်ကြားရေးဝန်ကြီးဌာန ဒေါက်တာဖေမြင့်ပန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာအုပ်စာပေသည် တစ်ဦးချင်သောနိုင်ငံသူနိုင်ငံသားများ အသိ ပညာဗဟုသုတပြည့်ဝရေး၊ ထိုမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပေးသော အရာတစ်ခုဖြစ်သည်ဟု အလေးအနက်ခံယူပါကြောင်း၊

အဆိုပါ အချက်ကို အမြော်အမြင်ကြီးမားသော မြန်မာအသိပညာရှင်များအနေဖြင့် နှစ်ပေါင်းများစွာ ကပင် (က) ကမ္ဘာကို မြန်မာသိရန်၊ (ခ) မြန်မာကို ကမ္ဘာကသိရန်နှင့် (ဂ) မြန်မာ ကို မြန်မာတို့ သိရန် ဟူသည့် သိမှုသုံးရပ်ကို ကြွေးကြော်၍ စည်းရုံးဆော်သြ ဆောင်ရွက်ခဲ့ကြသည်များရှိပါကြောင်း၊

ကမ္ဘာကို မြန်မာက သိရန်အတွက် နိုင်ငံတကာတွင် ဖြစ်ပျက်နေသော အကြောင်းခြင်းရာတွေကို မြန်မာတို့သိရန်၊ ကမ္ဘာ့အသိ ပညာဗဟုသုတများကို မြန်မာတို့ ရရှိ ရန် နိုင်ငံ တကာ စာအုပ်စာပေများကို မြန်မာဘာသာပြန်ဆိုကြိုးပမ်းခဲ့ကြရာတွင် တစ်ချိန်က ထင်ရှားခဲ့သော နဂါးနီစာအုပ်အသင်း၊ ဘာသာပြန် စာပေအသင်းတို့သည် သူတို့ခေတ် သူတို့ ကာလ၌ ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြ ပါကြောင်း၊

မြန်မာကို ကမ္ဘာကသိရန်အတွက် မိမိတို့တိုင်းပြည်တွင် ဖြစ်ပျက်နေသော အကြောင်းခြင်းရာများ၊ မိမိတို့ တိုင်းပြည်၏ လူမျိုးသမိုင်း၊ ထုံးဓလေ့စဉ်လာွ၊ စရိုက်လက္ခဏာများကို ကမ္ဘာကပီပီသသသိရှိရန် စာပေပညာရှင်များ ဖန်တီးထားသော အနုပညာလက်ရာများ၊ အသိပညာအမွေအနှစ်များကို ကမ္ဘာသို့ ဖြန့်ချိဝေငှနိုင်ရန်နှင့် ဂုဏ်ယူစွာတင် ဆက်ပြ သနိုင်ရန် အတွက်ဖြစ်သော်လည်း ထိရောက် စွာ ဆောင် ရွက်နိုင်ခြင်း မရှိပါကြောင်း။

မြန်မာကို မြန်မာတို့ သိရန်အတွက် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊  ကိုယ့်သမိုင်း၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ်‌့စာပေများကို ပြည်ဝစွာ သိနိုင်ရန်နှင့် မိမိကိုယ်ကိုလည်းသိ၊ သူတစ်ပါးကိုလည်းသိသော အမြော် အမြင် ရှိသော၊ ချင့်ချိန်စဉ်းစားတတ်သောသူတွေ ဖြစ်လာရန် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်စေရန် မြန်မာမှုမြန်မာ့ရေးရာစာပေများ ထွန်းကားရေးနှင့် လေ့လာ ဖတ်ရှုကြရေး ကို ဆော်သြဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာရန် စိတ်ဝင်စားသည့် ပုဂ္ဂိုလ်အဖွဲ့ အစည်းများရှိခဲ့သည် မှန်သော်လည်း လုပ်ကိုင်ဆောင်ရွက်မှုအပိုင်းတွင် အားနည်းခဲ့ပါကြောင်း၊

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အထက်ပါလုပ်ငန်းစဉ်များကို ပြန်လည်ပျိုးထောင် အကောင် အထည်ဖော်ရန် ရည်မှန်းချက် ထားရှိပါကြောင်း၊ တစ်ချိန်တုန်းက အားကောင်းခဲ့သည့် စာပေအဖွဲ့ အစည်းများ၏ နမူနာကိုယူပြီး လုပ်ငန်းကဏ္ဍသုံးရပ်လုံးကို အကောင်အထည်ဖော်နိုင်ရန် စာပေ အဆောက်အဦကြီးတစ်ရပ် ဖွဲ့စည်းထူထောင်ရန် လေ့လာဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပါကြောင်း၊ စနစ်တကျဖွဲ့စည်းထူထောင်နိုင်ရန်အတွက်  အတွေ့အကြုံရှိခဲ့သော စာပေပညာရှင်ကြီးများ၊ စာပေ အဖွဲ့အစည်းများသာမက စာပေဖွံ့ဖြိုးရေးကိစ္စများတွင် စိတ်ဝင်စားသော  လွှတ်တော် ကိုယ်စားလှယ် ကြီးများ ထံမှပါ အကြံဉာဏ်များရယူဆောင်ရွက်ရန်        ရေရှည်အစီအစဉ်ထားရှိပါကြောင်း၊

လက်တလောဆောင်ရွက်နေမှုများအနေဖြင့် စာပေမြှင့်တင်ရေးနှင့် စာအုပ်လုပ်ငန်းတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် စာပေဆွေးနွေးပွဲနှင့် စာအုပ်ရောင်းပွဲတွေ ပူးတွဲကျင်းပသည့် အစီအစဉ်များ စတင် ပြုလုပ်နေပါကြောင်း၊ စာတမ်းဖတ်ပွဲ၊ စာပေဆွေးနွေးပွဲ ကျင်းပရေးကော်မတီနှင့် စာအုပ် ဈေးရောင်းပွဲကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊

အလားတူ မြန်မာဘာသာပြန်စာပေဖွံ့ဖြိုး တိုးတက်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် ကမ္ဘာကိုမြန်မာက သိရန်နှင့် မြန်မာကို ကမ္ဘာကသိရန်အတွက် ရည်မှန်းထားရှိဆောင်ရွက်နေပါကြောင်း၊ဖွံ့ဖြိုးတိုး တက်နေသော အိမ်နီးချင်းတိုင်းပြည်များတွင် နိုင်ငံတကာက စာအုပ်စာတမ်းကောင်းများကို ထွက်ရှိသည်နှင့်တစ်ပြိုင်နက် နောက်တစ်ရက်တွင် ၎င်းတို့ဘာသာဖြင့် ဖတ်ရှုနိုင်သည့်အထိ ဘာသာပြန် လုပ်ငန်း ကို သွက်လက် ထက်မြက်စွာ ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့လည်း အလားတူဆောင်ရွက်နိုင်ဖို့ရန် ရည်မှန်းချက်ထားရှိ လုပ်ကိုင်လျက်ရှိပါကြောင်း၊  

မိမိတို့စာပေလက်ရာများကို ကမ္ဘာကသိရန်၊ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းများဆောင်ရွက်ရာတွင် ထိုသို့ ပြန်ဆိုနိုင်သူ အင်မတန်နည်းပါးပါကြောင်း၊ နိုင်ငံတကာနှင့် တိုးတက်ဆက်ဆံ လာသည်နှင့်အမျှ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ နှုတ်ဖြင့် ပြန်ဆိုခြင်း၊ စာဖြင့်ပြန်ဆိုခြင်းများကို ဆောင်ရွက်နိုင်သော စကားပြန်များ တိုးတက်လိုအပ်လာမည်ဖြစ်ပါကြောင်း၊ ထိုအတွက် သင်တန်းတွေဖွင့်လှစ်ရန်၊ တက္ကသိုလ်၊ ကောလိပ်များတွင် ဘွဲ့လွန်များအထိ သင်ကြားပို့ချရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  မိမိတို့ပြုလုပ်မည့် ဘာသာပြန်စာပေဆွေးနွေးပွဲတွင် အဆိုပါ အကြောင်းအရာကို အကျယ်ဆွေးနွေးပြီး လုပ်ဆောင်နိုင်မည့် နည်းလမ်း၊ အကြံပြုချက်များကို ပြည့်စုံစွာရရှိမည့်ဟု မျှော်မှန်းထားပါကြောင်း။

စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက တခြားစာပေအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းစီစဉ်လျက်ရှိသော တတိယစာပေပွဲတစ်ခုဖြစ်သော တိုင်းရင်းသား လူမျိုးစု စာပေများ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်နှင့်ကျင်းပမည့် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် စာအုပ်ဈေးပွဲ တော်များကို ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ကျင်းပနိုင်ရန် အစီအစဉ်ရှိပါကြောင်း၊

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာအုပ်ထုတ်ဝေဖြန့်ချိသူများကို အထောက်အကူပြုနိုင်ရန် ဆောင် ရွက်ထားမှုများ ရှိပါကြောင်း၊ ရန်ကုန်မြို့လယ်ရှိ စာပေဗိမာန် အဆောက်အဦအောက်ထပ်ရှိ စာအုပ် ဆိုင်ကို နောက်ဘက်တစ်ဆက်တစ်စပ်တည်း အခန်းများထိတိုးချဲ့ပြီး စာအုပ်စာတမ်းများ စုံလင်စွာ ခင်းကျင်းပြသနိုင်မယ့် စာအုပ်ဆိုင်ကြီးတစ်ဆိုင် ဖြစ်အောင် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ စာအုပ်ဝါသနာပါသူများအတွက် စိတ်အေး၊ လက်အေး ရွေးချယ်မြည်းစမ်းပြီးမှ နှစ်သက်ရာကို ဝယ်ယူ နိုင်အောင်လည်း ခင်းကျင်းစီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကြေးမုံနှင့်မြန်မာ့အလင်း သတင်းစာ များတွင် စာအုပ်ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက စုစည်းပေးသည့် အသစ်ထွက်ရှိသော စာအုပ် စာတမ်းများ စာရင်းနှင့် စာအုပ်စင်ကဏ္ဍများကို ဖော်ပြပေးနေပြီဖြစ်ပါကြောင်း။

စာအုပ်စာပေသည် အများပြည်သူအသိပညာဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုသည့် အရာများဖြစ်သည့်အတွက် လွယ်ကူစွာပြန့်ပွားနိုင်ရေးကို စာတိုက်ဌာနအပါအဝင် အစိုးရ ပို့ဆောင်ရေးလုပ်ငန်းများက အဖိုးနှုန်းချိုသာစွာနှင့် သယ်ယူပို့ဆောင်ပေးရေး၊ စာအုပ်စာ တမ်းများကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုရေးတို့ကို စာအုပ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများအကြား ဆက်သွယ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။