(စ)-၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နိုင်ငံပိုင်ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာအရ မူလတန်း စာပေးစာယူသင်တန်းတက်ရောက်မည့် အရည်အချင်းစစ်စာမေးပွဲ ယှဉ်ပြိုင်ဖြေဆိုအောင်မြင် ခဲ့ပြီးသော အထွေထွေလုပ်သားများကို သတင်းစာပါ အလုပ်ခေါ်စာကတိကဝတ်အတိုင်း မူလတန်း စာပေးစာယူသင်တန်းခေါ်ယူရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
အခြေခံပညာဦးစီးဌာန၏ ဘွဲ့ရ အထွေထွေလုပ်သားများ၏ ရာထူးတိုးကိစ္စနှင့်ပတ်သက်၍ တက္ကသိုလ်ဝင်တန်းအောင် အထွေထွေ လုပ်သား(အမျိုးသား)များကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက် နေ့ နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ကြော်ငြာ၍ အလုပ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နေ့စားအထွေထွေ လုပ်သားများအဖြစ် ခန့်အပ်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခု ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိဆိုလျှင် နေ့စားလုပ်သား အပါအဝင် ပညာရေးဌာနတွင် ခြောက်နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင် အနေဖြင့် ပညာရေးဌာနကို စတင်ဝင်ရောက်ခဲ့သော အထွေထွေလုပ်သားများသည် ခြောက်နှစ်ကာလအတွင်း တက္ကသိုလ် အသီးသီးက ဘွဲ့ရရှိခဲ့ပြီး ယခုအချိန်တွင် ဘွဲ့ရအထွေထွေလုပ်သားများ ဖြစ်နေကြပါကြောင်း၊ ဘွဲ့ရ အထွေထွေလုပ်သားများသည် တာဝန်ထမ်းဆောင်စဉ် ကာလတစ်လျှောက်လုံး သင်ကြားရေးကိုသာ တစ်စိုက်မတ်မတ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးဌာန၌ လက်ရှိ အကောင်အထည် ဖော်လျက် ရှိသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းစနစ် ပညာရေး၏ KG၊ Grade-1၊ Grade-2၊ Grade-3 သင်တန်းပေါင်းစုံကို တက်ရောက်ထားပြီးဖြစ်ပါကြောင်း၊ ဘွဲ့ရ အထွေထွေလုပ်သားများ သည် ၎င်းတို့ကို အလုပ်ခေါ်စဉ်က ခန့်ထားခံရသူများအား မူလတန်း စာပေးစာယူသင်တန်း တက် ရောကရမည်ဟု အလုပ်ခေါ်စာတွင် ပါရှိသော်လည်း တက်ရာက်ခွင့်မရကြသေးပါကြောင်း၊ အထွေ ထွေလုပ်သားရာထူးမှ ရာထူးတိုးရယူလိုပါက စာရေး(၁)ရာထူးသို့သာ လျှောက်ခွင့်ရှိပြီး မူလတန်းပြ ဖြစ်လိုပါက ပြင်ပဘွဲ့ရများနည်းတူ PPTT ဖြေဆိုရမည်ဟု သိရပါကြောင်း၊ ၎င်း အထွေထွေ လုပ်သား များသည် အလုပ်လျှောက်စဉ်ကတည်းက စာရေး(၁)ရာထူးနှင့် အထွေထွေလုပ်သား ရာထူး နှစ်မျိုး စလုံးကို လျှောက်ခွင့်ရှိသော်လည်း သင်ကြားရေးကိုသာ ဝါသနာပါသည့်အလျောက် မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည်ဟုပါရှိသည့် အထွေထွေလုပ်သား ရာထူးကိုသာ လျှောက်ထားခဲ့ခြင်း ဖြစ်ပါကြောင်း။
မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည့် အလုပ်ခေါ်စာအတိုင်း အလုပ်ဝင်ရောက်ခဲ့ပြီး သင်ကြားရေးကိုသာ စိတ်ဝင်စားသူ အထွေထွေလုပ်သားများကို သင်ကြားရေးနှင့်မသက်ဆိုင်သော စာရေး(၁)ရာထူးသို့သာ တိုးမြှင့်ပေးနေခြင်းသည် လူမှန်၊ နေရာမှန်မဟုတ်ဘဲ ရာထူးခွဲဝေမှု လွဲချော် နေသည်ကို တွေ့ရပါကြောင်း၊ အလုပ်ခေါ်စဉ်ကတည်းက စာရေး(၁)ရာထူးသို့ လျှောက်ထားခွင့် ရှိ သော်လည်း မလျှောက်ထားဘဲ အထွေထွေလုပ်သားရာထူးသို့သာ လျှောက်ထားခဲ့သည့် အကြောင်း ရင်းမှာ အလုပ်ခေါ်စာတွင် ပါဝင်သော ခန့်ထားခံရသူများက မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည် ဟူသောတိကျသည့် သတ်မှတ်ချက်ကြောင့်သာဖြစ်ကြောင်း အလုပ်ခေါ်စာကို ကြည့်လျှင် သိနိုင်ပါကြောင်း၊ အလုပ်ခေါ်စဉ်က အမျိုးသားများသာ သီးသန့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိပညာရေးဌာနမှာ အမျိုးသားဆရာဦးရေသည် အင်မတန် နည်းပါးမှုရှိသည်ကို အားလုံးသိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အမျိုးသားတွေ ဆရာလုပ်ဆောင်ကြဖို့ တစ်စိုက်မတ်မတ် တိုက်တွန်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးဌာန၏ အမျိုးသားဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်၍ခေါ်ခဲ့သည်ကို နားလည်ပါကြောင်း၊ ဘွဲ့ရ အထွေထွေ လုပ်သားများ အမျိုးသားများကို အလုပ်ခေါ်စာအတိုင်း မူလတန်း စာပေးစာယူသင်တန်း တက် ရောက်ခွင့်ပြုပြီး မူလတန်းပြအဖြစ် ခန့်ထားပေးခြင်းဖြင့် ပညာရေးဌာန၏ ဆရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဌာနတွင် သင်ကြားရေးဆရာများ နှစ်စဉ် လိုအပ် လျက်ရှိပြီး ပညာရေးဌာန၏ ဆရာလိုအပ်ချက်ကို ဖြည့်ဆည်းရာ၌ အရည်အသွေးပြည့်ဝသော ဆရာများ ပေါ်ထွန်းလာစေရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင် နေပါကြောင်း၊ အရည်အသွေးပြည့် ဆရာပေါ်ထွန်းလာစေရေးအတွက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ များကို ယှဉ်ပြိုင်ဖြေဆိုစေပြီး အောင်မြင်သူများကိုသာ ခန့်ထားခြင်း ဖြစ်ပါကြောင်း၊ ဘွဲ့ရ အထွေ ထွေ လုပ်သားများသည် အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေဗဟုသုတ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများကို ယှဉ်ပြိုင်ဖြေဆို အောင်မြင်ပါက မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည်ဟု ကြေးမုံ သတင်းစာတွင်ပါရှိသော်လည်း ယနေ့အထိ တက်ရောက်ခွင့်မရကြသေးပါကြောင်း၊ ထိုသို့ အရည် အချင်းစစ်စာမေးပွဲ အောင်မြင်ထားသော ဘွဲ့ရအထွေထွေလုပ်သားများကို ပြင်ပဘွဲ့ရများနည်းတူ PPTT ယှဉ်ပြိုင် ဖြေဆိုခိုင်းနေခြင်းသည် အရည်အချင်းစစ်စာမေးပွဲ နှစ်ကြိမ် ဖြေဆိုခိုင်းသလို ဖြစ်နေ ပါကြောင်း၊
၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၌ နိုင်ငံပိုင်ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာအရ မူလတန်း စာပေးစာယူသင်တန်း တက်ရောက်မည့် အရည်အချင်းစစ်စာမေးပွဲ အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေ ဗဟုသုတ တစ်နာရီမေးခွန်း ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲများကို ယှဉ်ပြိုင်ဖြေဆိုအောင်မြင်ခဲ့ပြီးသော အထွေထွေ လုပ်သားများကို အလုပ်ခေါ်စာပါ သတ်မှတ်ချက်အတိုင်း မူလတန်း စာပေးစာယူ သင်တန်းခေါ်ယူရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ထိုခေတ်ကာလ၏ အခြေအနေအရ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ကြေးမုံသတင်းစာပါ နေ့စားလပေး အထွေထွေလုပ်သားခန့်ထားရန် ခေါ်ယူခဲ့သော အလုပ်ခေါ်စာအရ ၎င်းရာထူးနေရာ ရရှိသူများသည် မူလတန်း ဆရာအတတ် စာပေး စာယူသင်တန်းသို့ တက်ရောက်ရမည် ဖြစ်သော်လည်း သတ်မှတ်ကာလပြည့်သည့်အခါ အမြဲတမ်း ဝန်ထမ်း (အထွေထွေလုပ်သား - စီမံခန့်ခွဲရေးရာထူး) အဖြစ် ခန့်ထားခဲ့ပြီး သင်တန်းတက်ရောက်ရန် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို ထိုစဉ်က မူလတန်း ဆရာအတတ် စာပေးစာယူ သင်တန်းသို့ တက်ရောက်စေခဲ့ပါကြောင်း၊ ထို့အပြင် သင်ကြားရေး ဆရာ/ဆရာမများဖြစ်သော ဘွဲ့ရ နေ့စားလပေး မူလတန်းပြ ဆရာ/ဆရာမများကိုလည်း မူလတန်း ဆရာအတတ် စာပေးစာယူ သင်တန်းတက်ရောက်ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ ခေါ်ယူခဲ့ပါကြောင်း၊ ယခုအခါတွင် အခြေခံ ပညာဦးစီးဌာနအနေဖြင့် စီမံခန့်ခွဲရေးရာထူးဖြစ်သော အထွေထွေလုပ်သားများအား ဘွဲ့ရပြီးပါက လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT)တက်ရောက်ရန် ဝင်ခွင့် ဖြေဆိုခွင့် ပြုခဲ့ပြီး ဝင်ခွင့်အောင်မြင်၍ သင်တန်းတက်ရောက်ခွင့် ရရှိပါက လစာပြည့်ဖြင့် သင်တန်း တက်ရောက် ခွင့်ပြုထားလျက် ရှိပါကြောင်း၊ သင်ကြားရေးလိုင်း မဟုတ်သော အောက်ခြေဝန်ထမ်းများကိုလည်း ဘွဲ့ရပြီးပါက စာရေး(၁)အဖြစ်သို့ ရာထူးတိုးမြှင့်ခန့်ထားပေးလျက် ရှိပါကြောင်း၊
အဆင့်မြင့်ပညာဦးစီးဌာနမှ သတ်မှတ်ထားသည့် မူလတန်းဆရာ အတတ်စာပေးစာယူသင်တန်း အတွက် သင်တန်းသား ရွေးချယ်ရေးမူမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း၊
(၁) အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် မြို့နယ်အခြေပြုတစ်လ သင်တန်းတက်ရောက်ပြီးသူများ၊ (၂) တိုင်းရင်းသားဘာသာစကားသင် မူလတန်းပြဆရာဆရာမများ၊
(၃) မူလတန်းဆရာဖြစ် လက်မှတ်မရှိသေးသော ဆရာဆရာမများ ဖြစ်ပါကြောင်း၊
၂၀၁၉ ခုနှစ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း(PPTT) အမှတ်စဉ် (၆/၂၀၁၉) သင်တန်းသားများ ခေါ်ယူခဲ့ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသော စာရေး(၁) ဝန်ထမ်းများ၊ အထွေထွေလုပ်သားများနှင့် အခြားအောက်ခြေ ဝန်ထမ်းများအနေဖြင့် ဝင်ခွင့်ဝင်ရောက် ဖြေဆိုခဲ့ရပြီး ဝင်ခွင့်အောင်မြင်သည့် အထွေထွေလုပ်သားဦးရေ (၆၈၆) ဦး တက်ရောက်ခွင့် ရရှိပါ ကြောင်း၊ လက်ရှိအခြေအနေတွင် အခြေခံပညာဦးစီးဌာနရှိ စီမံရေးဆိုင်ရာ ဝန်ထမ်းများဖြစ်သည့် အထွေထွေလုပ်သားများအနေဖြင့် သင်ကြားရေး မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်လိုပါက အဆင့်မြင့်ပညာဦးစီးဌာနမှခေါ်ယူသည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)သို့ တက်ရောက်ရန် ဝင်ခွင့်ယှဉ်ပြိုင် ဝင်ရောက်ဖြေဆိုရမည် ဖြစ်ပါကြောင်း၊
၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးရှိသော ပညာရေးစနစ်ကို ဦးတည်၍ ပူးပေါင်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အတွက်ကြောင့် အထွေထွေလုပ်သားများကို မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည်ဟု ပါရှိသော ၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ခေါ်ယူခဲ့သော ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာသည် ၂၀၁၃ ခုနှစ်က အလုပ်ကြော်ငြာစာဖြစ်ပြီး အဆိုပါနှစ် နောက်ပိုင်းတွင် အထွေထွေလုပ်သားများအား မူလတန်းဆရာ အတတ် စာပေးစာယူသင်တန်း ခေါ်ယူခြင်းမရှိတော့ပါကြောင်း၊ ယခု လက်ရှိဆောင်ရွက်လျက်ရှိသည့် အရည်အချင်းသတ်မှတ်ချက် (Q-Sheet)အရ ကိုက်ညီမှုမရှိပါကြောင်းနှင့် PPTT တက်ရောက်ခွင့် မရသော အထွေထွေလုပ်သားများအား ဘွဲ့ရရှိပြီးပါက စာရေး(၁)ရာထူးသို့ ရာထူး တိုးမြှင့်ပေးလျက် ရှိပါကြောင်း သို့မဟုတ် သတ်မှတ်ချက်နှင့်ကိုက်ညီပါက PPTT တက်ရောက်ရန် ဝင်ခွင့်ယှဉ်ပြိုင် ဝင်ရောက်ဖြေဆိုနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
