ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲ (၁း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး နှင့် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ကာလသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီစနစ်ထွန်းကားရန်၊ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း။

ဒီမိုကရေစီအခွင့်အရေးများရမှ တရားဥပဒေစိုးမိုးမှုရရှိမည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု ရှိမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ တိုင်းပြည် တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် မဏ္ဍိုင်ကြီး (၃) ရပ်သည် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ မဏ္ဍိုင် (၃) ခုသည် တစ်ခုနှင့်တစ်ခု လွှမ်းမိုးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းမျိုး ပြုလုပ်၍ မရပါကြောင်း၊ အပြန်အလှန်သာ ထိန်းကျောင်းနိုင်ပါကြောင်း။

ကိုယ်စားလှယ်များအနေဖြင့် မေးမြန်းသည့်မေးခွန်း၊ တင်သွင်းသည့် အဆိုများသည် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် ပါရှိသည့် မေးခွန်း၊ အဆိုတို့နှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာကြရန်လိုကြောင်း။

ဥပဒေပြဋ္ဌာန်းရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသည့် ဥပဒေ ဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ခေတ်ကာလအခြေအနေတို့နှင့် လိုက်လျောညီထွေမှုမရှိသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်းတို့ ပြုလုပ်ရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများ လေးစားလိုက်နာနိုင်သည့် ဥပဒေဖြစ်ရန်လည်း အထူးလိုအပ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုပါက သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်အလှန် ယုံကြည်မှု ရှိခြင်းများဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အနာဂတ် မျိုးဆက်များအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ ပြယုဂ်သည် လွှတ်တော်များဖြစ်သည့်အတွက် လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစွာ လည်ပတ်နိုင်ရန် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များက အစဉ်ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုရှိရန် ကိုယ်စားလှယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ Check and Balance ပြုလုပ်သည့် နေရာမှာ ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး ဝင်ရောက် စွက်ဖက်ခြင်းမျိုး မဖြစ်ရအောင် အထူးသတိပြုရန် လိုကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များသည် ဥပဒေပြုရေးသမားများဖြစ်ပြီး ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်ရန် အထူးသတိပြုစေလိုကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်အောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခွင့် ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး လွှတ်တော် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်

Standard (Image)