(ဂ)- ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့် မြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂ ) ရက်မြောက်နေ့ (၂၃.၃.၂၀၂၀)

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို ၁၉၅၈ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နှစ်ပေါင်း ၆၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ထိုကျန်းမာရေး ဌာနသည် ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံမှ ၂၅ မိုင်ခန့် ကွာဝေးပြီး ကုန်းလမ်း၊ ရေလမ်းများဖြင့် တစ်နာရီခွဲခန့် သွားလာရပါကြောင်း၊ ရိုးတရုတ်တိုက်နယ် ဆေးရုံနှင့် ခုနစ်မိုင်သာ ကွာဝေးသော် လည်း သဲတက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရှိ ကျေးရွာအများစုသည် အတ္ထရံမြစ်နှင့် ယောချောင်းမြစ်များ ဝန်းရံတားဆီးထားမှုကြောင့် အနီးဆုံးတိုက်နယ်ဆေးရုံကို မိုးရာသီ၌ သွားလာရေး အလွန်ခက်ခဲပါကြောင်း၊ သဲတက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ကျေးရွာ အုပ်စု (၁၆) အုပ်စုနှင့် ကျေးရွာပေါင်း (၂၃) ရွာ၊ အိမ်ခြေပေါင်း (၃၇၇၃) အိမ်ခန့်ရှိပြီး လူဦးရေ (၂၀၈၇၄) ဦးရှိပါကြောင်း၊ သဲတက်ကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲစခန်းရှိပြီး ကျောက်တော်မြို့နယ်၊ ရောင်စုံကျန်းမာရေးဌာနခွဲမှ ကျေးရွာ (၅) ရွာ၊ အိမ်ခြေ (၆၆၂) ဆောင်၊ လူဦးရေ (၃၈၄၈) ဦးနှင့် မြောက်ဦးမြို့နယ်၊ ဘာညိုကျေးလက် ကျန်းမာရေး ဌာနခွဲမှ ကျေးရွာ (၅) ရွာ၊ အိမ်ခြေ ၉၄၅ ဆောင်၊ လူဦးရေ (၄၄၇၃) ဦး စုစုပေါင်းလူဦးရေ (၂၉၁၉၅) ဦးခန့်ကို သဲတက်တိုက်နယ်ဆေးရုံ ဖြစ်လာမည်ဆိုပါက ကျန်းမာရေးစောင့်ရှောက်မှု ပိုမို ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တိုက်နယ်ဆေးရုံ တိုးမြှင့်ခွင့်ရလာခဲ့ပါက အဆောက်အဦများ ဆောက် လုပ်ရန်အတွက် မြေ (၄) ဧကကိုလည်း မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်း၊ တိုက်နယ်ဆေးရုံ အဆင့်မြှင့်တင်ခွင့်ရရှိရေးအတွက် ပြည်သူများမှ တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊

သို့ဖြစ်ပါ၍ သဲတက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုဆောင်ရွက်ပေးမည်၊  မရှိပါက ဘာကြောင့်လဲဆိုသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

သဲတက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊  သဲတက်ကျေး လက် ကျန်းမာရေးဌာနအောက်တွင် ငပြောက်ဆည်၊ ပင်လျားရှည်၊ ကြိမ်ချောင်း၊ မြက်သောက် ကျေးလက်ကျန်းမာရေးဌာနခွဲ (၄) ခုရှိပါကြောင်း၊  သဲတက်ကျေးလက် ကျန်းမာရေးဌာနပိုင် နယ်မြေ တွင် အိမ်ခြေ (၃၉၃၇) အိမ်၊ လူဦးရေ (၁၉၆၅၇) ဦး ရှိပါကြောင်း၊ သဲတက်ကျေးလက်ကျန်းမာရေး ဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် အထွေထွေဆေးခန်း လာသောလူနာ ပေါင်း (၉၁၆၉) ဦး၊ အထက်အဆင့်သို့ လွှဲပြောင်းသောလူနာပေါင်း (၅၈) ဦး တဖြည်းဖြည်း တိုး တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ သဲတက်ကျေးလက် ကျန်းမာရေးဌာနသည် ပုဏ္ဏားကျွန်း မြို့နယ်ဆေးရုံနှင့် ၂၅ မိုင်ခန့် ကုန်းလမ်း(ကား)ဖြင့် တစ်နာရီမိနစ်သုံးဆယ်၊ ရိုးတရုတ်တိုက်နယ် ဆေးရုံနှင့် ခုနစ်မိုင် ရေလမ်း(စက်လှေ)ဖြင့် တစ်နာရီ သွားလာရပါကြောင်း၊ သဲတက်ကျေးလက် ကျန်းမာရေးဌာနအောက်ရှိ ကျေးရွာအများစုသည် ရိုးတရုတ်တိုက်နယ် ဆေးရုံနှင့် ကပ်လျက်ရှိပါ သောကြောင့် ရိုးတရုတ်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံပေးလျက် ရှိပါကြောင်း၊ တိုက်နယ်ဆေးရုံ အဆောက်အဦ ဆောက်လုပ်ရန် ပုံစံ(၁၀၅)ရရှိရန် ကြိုးစားလျက်ရှိ သည်ကို သိရှိရပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် လူဦးရေ (၁၅၁၈၃၆) ဦး နေထိုင်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် (၂၅) ခုတင်ဆံ့ ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံတစ်ရုံ၊ ရိုးတရုတ် တိုက်နယ်ဆေးရုံ၊ အလယ်ချောင်းတိုက်နယ် ဆေးရုံနှင့် ပိုးရွှေပြင်တိုက်နယ် ဆေးရုံ စုစုပေါင်း ဆေးရုံ (၄)ရုံ၊ တိုက်နယ်ကျန်းမာရေးဌာန(၁)ခု၊ ကျေးလက်ကျန်းမာရေးဌာန (၅)ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ (၂၆) ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သဲတက်ကျေးလက် ကျန်းမာရေးဌာန ပိုင်မြေ နယ်မြေတစ်ခုလုံးတွင် လူဦးရေ (၁၉၆၅၇) ဦးသာရှိပြီး တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၉ မူနှင့် ကိုက်ညီမှုမရှိပါသော်လည်း လမ်းပန်း ဆက်သွယ် ရေး အနေအထားအရ ရေလမ်းကိုသာ အားကိုးရခြင်း၊ ရိုးတရုတ် တိုက်နယ်ဆေးရုံသို့ ရေလမ်းဖြင့် ၄၅ မိနစ်နှင့် ကုန်းလမ်းဖြင့် ၁၀ မိနစ် စုစုပေါင်း တစ်နာရီနီးပါး အများဆုံးကြာချိန် တစ်နာရီ သုံးဆယ်မိနစ် လူနာသယ်ယူရခြင်း၊ မိုးရာသီအချိန်တွင် သွားလာရန်ခက်ခဲခြင်းတို့ကြောင့် တိုက်နယ် ဆေးရုံဖွင့်လှစ်ပေးရန်အတွက် စဉ်းစားပေးလျက်ရှိပါကြောင်း၊ မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမည်ပေါက်ဖြင့် ရရှိရန် ဆောင်ရွက်ဆဲကာလ ဖြစ်ကြောင်း ကို သိရှိရသည့်အတွက် ရရှိပါက တိုက်နယ်ဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် တင်ပြဆောင် ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။