(က)-ယခင်နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆု ရရှိသူများကို ဆက်လက်ပံ့ပိုး ကူညီမှုများရှိ၊ မရှိနှင့် ယခုနိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆုရသူများ ကိုမည်သည့်အချိန်တွင်ပညာတော်သင်စေလွှတ်မည် ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ (၂.၁၂.၂၀၁၆)

ဦးဘိုဘိုဦး( စမ်းချောင်းမဲဆန္ဒနယ်) ၂၀၁၃-၁၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းအောင် ထူးချွန်ကျောင်းသားများအား နိုင်ငံတော် သမ္မတ ပညာသင်ဆု ချီးမြှင့်ခြင်းအစီအစဉ်ကို ယခင် သမ္မတလက်ထက်တွင် ပြုလုပ်ခဲ့ပါကြောင်း၊ ထူးချွန် ကျောင်းသားများ ရွေးချယ်ခဲ့ရာ အထက်တန်းအောင်မြင်စဉ်က အမှတ်ပေါင်း ၅၀၀ ကျော် ရရှိရမည်ဖြစ်ပြီး ဘွဲ့လွန်ကျောင်းသားအနည်းငယ်သာ ပါဝင်ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတက ပညာသင်ဆု ရွေးချယ်ရေး ကော်မတီမှ Active Exam IELD အပါအဝင် ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်း အဆင့်ဆင့်ကို ပြုလုပ်ခဲ့ပြီး ရွေးချယ်ခဲ့ရာ ၂၀၁၄ ခုနှစ်၌ ထူးချွန်ကျောင်းသား အားလုံးပေါင်း ၅၀၀ ကျော်ကို ရွေးချယ်ခံခဲ့ရပါကြောင်း၊ အဆိုပါ ရွေးချယ်ခံ ၅၀၀ ကျော်မှ ၂၀၁၅ ခုနှစ် စက်တင်ဘာလ၌ ကျောင်းသားကျောင်းသူ ဘွဲ့လွန်၊ ဘွဲ့ကြို စုစုပေါင်း ၁၁၇ ဦးအား ပညာသင်စေလွှတ်ခဲ့ပါကြောင်း၊ ကျန်ကျောင်းသားကျောင်းသူများထဲမှ ကျောင်းသွားတက်ရောက်မည့် တက္ကသိုလ်အသီးသီးမှ Offer Letter များ ခွင့်ပြုသည့်စာ ရရှိသူများကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ၁-၄-၂၀၁၆ ရက်နေ့မှစပြီး သွားရောက်သတင်းပို့ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ အကြောင်းပြန်ကြားခဲ့ပါကြောင်း၊

နိုင်ငံတော်သမ္မတပညာသင်ဆု ရွေးချယ်ခံကျောင်းသားကျောင်းသူများအား နိုင်ငံတကာတက္ကသိုလ် အသီးသီးမှ ဝင်ခွင့်ပြုသည့်စာများကို ကြိုးစားရယူခဲ့ကြပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ နောက်ပိုင်းမှာ အဆင့်မြင့်ပညာဦးစီးဌာနကို သွားရောက်သတင်းပို့ခဲ့ကြပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနကို သတင်းပေးပို့ပြီး ၆ လကျော်၊ ၇ လကြာနေသော်လည်း အကြောင်းတစ်စုံ တစ်ရာထူးခြားမှုမရှိဘဲ အကြောင်းပြန်ချက် ကင်းမဲ့နေခဲ့ကြောင်း ကျောင်းသားကျောင်းသူ အယောက် ၅၀ ကျော်မှ မိမိအား အသိပေးတင်ပြလာပါကြောင်း၊

နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုမှာ ဘွဲ့လွန်ကျောင်းသားအနည်းငယ်နှင့် အများစုမှာ အခြေခံပညာ အထက်တန်းအောင်ပြီး ဘွဲ့ကြိုကျောင်းသားကျောင်းသူများဖြစ်ပြီး ဝင်ခွင့်ပြုထားသည့် တက္ကသိုလ်များသည်လည်း ယုံကြည်စိတ်ချရသော၊ ကောင်းမွန်သော တက္ကသိုလ်များဖြစ်ကြောင်း မိမိ ကိုယ်တိုင်လည်း ဆန်းစစ်လေ့လာတွေ့ရှိခဲ့ပါကြောင်း၊

ထူးချွန်ကျောင်းသားကျောင်းသူများကို နိုင်ငံတော်သမ္မတပညာသင်ဆုဟူ၍ ပညာသင်စရိတ်ကို လုံလောက်စွာ ထောက်ပံ့ရန်မှာ လွယ်ကူသည့်ကိစ္စတစ်ရပ် မဟုတ်သော်လည်း ၂၀၁၅ ခုနှစ်တွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသားကျောင်းသူ ၁၁၇ ဦးကို စေလွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း သက်ဆိုင်ရာ နိုင်ငံတကာတက္ကသိုလ်အသီးသီးတွင် ဝင်ခွင့်ပြုနေပြီဖြစ်သော နိုင်ငံတော်သမ္မတ ပညာသင်ဆု ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများစွာမှာ မျှော်လင့်ကြီးစွာဖြင့် အဖြေတစ်စုံ တစ်ရာကို စောင့်မျှော်နေကြ ပါကြောင်း၊ နိုင်ငံတော်သမ္မတ ပညာသင်ဆုဖြင့် စေလွှတ်ထားသော ကျောင်းသားကျောင်းသူ ၁၁၇ ဦးအား ဆက်လက်ပံ့ပိုးမှုရှိ/မရှိနှင့် ကျန်အရွေးချယ်ခံ ပညာသင်ဆုအောင် ကျောင်းသားကျောင်းသူများကို မည်သည့်အချိန်တွင် ပညာတော်သင်စေလွှတ်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ရွေးချယ်ခံရသူများစာရင်းကို ပြည်သူပိုင် သတင်းစာများတွင် (၄) ကြိမ် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ရွေးချယ်ခံရသူများမှ အကြောင်းအမျိုးမျိုးကြောင့် မသွားရောက်နိုင်သဖြင့် နှုတ်ထွက်သွားသူများမှလွဲ၍ ယခင် ပညာသင်နှစ် အတွင်း သင်တန်းတက်ရောက်ရန် အကြောင်းကြားစာလက်ခံရရှိခဲ့ပြီး သတင်းစာများတွင် ဖော်ပြကြေညာခြင်းပြုခဲ့သော ကျောင်းသူကျောင်သားများအား ပညာသင်စေလွှတ်ပေးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ အင်္ဂလန်နိုင်ငံသို့ ၂၉ ဦး၊ အမေရိကန်နိုင်ငံသို့ ၅ ဦး၊ သြစတြေးလျနိုင်ငံသို့ ၄၆ ဦး၊ ဂျာမနီနိုင်ငံသို့ ၂ ဦး၊ ထိုင်းနိုင်ငံသို့၂ ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၃၃ ဦး စုစုပေါင်း ၁၁၇ ယောက် ရွေးချယ်စေလွှတ်ပညာသင်ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ ၁၁၇ ဦးအနက် ၈၄ ဦးကို နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအဖြစ်လည်းကောင်း၊ ၃၃ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချီးမြှင့်သော ပညာတော်ဆုအဖြစ်လည်းကောင်း သတ်မှတ်ပြီး ပညာသင်စရိတ်များ ထောက်ပံ့ဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွင်း ပညာ်တော်သင် ဆောင်ရွက်နေသူ  ၈၄ ဦးအနက် ကျောင်းသူ ၂ ဦး၏ ပညာသင်ကာလမှာ တစ်နှစ်အတွင်း ဆေးပညာမဟာပညာဘွဲ့ကို တက်ရောက် ပြီးဆုံးပြီဖြစ်သည့်အတွက် ကျန် ၈၂ ဦးကို ဆက်လက်ထောက်ပံ့ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ယခု ၂၀၁၆-၂၀၁၇ ပညာသစ်နှစ်အတွက် ပြည်ပတက္ကသိုလ်အသီးသီးမှ Offer Letter ရရှိသူများအနက်မှ မဟာသင်တန်းအတွက် ၄၃ ဦး၊ ပါရဂူသင်တန်းအတွက် ၂၂ ဦး စုစုပေါင်း ၆၅ ဦးကို ပညာတော် သင်ဆု ဆက်လက်ချီးမြှင့် စေလွှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုးချဲ့ပြီး တက္ကသိုလ်အသီးသီး၌ လက်ရှိတာဝန် ထမ်းဆောင်နေသော ဆရာဆရာမများ၏ အရည်အသွေး မြင့်မားတိုးတက်ရေး အတွက် နိုင်ငံတော် ပညာသင်ဆုသတ်မှတ်ပြီး ချီးမြှင့်ဆောင်ရွက်နိုင်ရန် ကြိုတင်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။