(ဂ)-ဝန်ကြီးဌာန အလိုက်၊ ဦးစီးဌာန အလိုက်၊ နယ်မြေဒေသအလိုက်ဖြစ်စေ လမ်း၊တံတားနှင့် လုပ်ငန်းအမျိုးမျိုး၌စံသတ်မှတ်ချက်အမျိုးမျိုးကိုတွေ့ရှိရ ပါသဖြင့်စံချိန်စံညွှန်းသတ်မှတ်ချက်များထားရှိခြင်း ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၂.၂၀၁၇)

ဒေါက်တာသန်းအောင်စိုး(မင်းလှမဲဆန္ဒနယ်)မိမိတို့တိုင်းပြည်၌ စံသတ်မှတ်ချက်များ တိတိကျကျရှိရန် လိုအပ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ မကြာခဏ မေးမြန်းနေကြရသော ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက လုပ်သည့်လမ်းများ ပျက်နေသည့်ကိစ္စသည်လည်း စံသတ်မှတ်ချက်များ တိတိကျကျမရှိ၍ ခဏခဏ မေးနေရခြင်းဖြစ်ပါကြောင်း၊ လမ်း၊ တံတားများသည် စံသတ်မှတ်ချက်များနှင့် ပြုလုပ်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက စံတစ်မျိုး၊ ဆောက်လုပ်ရေးက စံတစ်မျိုး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးက စံတစ်မျိုး၊ စည်ပင်က စံတစ်မျိုး စသည်ဖြင့် စံအမျိုးမျိုးကွဲနေသည့်အတွက် လမ်းများ၊ တံတားများသည် ခိုင်ခံ့မှုမရှိဖြစ်ခဲ့ရပါကြောင်း၊ ကျေးလက်ဒေသဦးစီးဌာနအနေဖြင့် လမ်းတစ်လမ်းအပေါ်၌ နှစ်နှစ်အာမခံပေးသည်ဆိုသည်ကို အံ့သြမိခဲ့ရပါကြောင်း၊ ထိုသို့သော စံသတ်မှတ်ချက်များ ပီပီပြင်ပြင် မရှိသည့်အတွက် နှစ်နှစ်တန်သည့်လမ်း၊ သုံးနှစ်တန်သည့်လမ်းများသည် နှစ်လ၊ သုံးနှင့် ပျက်စီးခဲ့ရသည်များ တွေ့ရပါကြောင်း၊

ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ကီလိုမီတာသတ်မှတ်ချက်များနှင့် အမြန်နှုန်း ကန့်သတ်ထားပါကြောင်း၊ တချို့နေရာများတွင် မိုင်နှုန်းများ ရေးထားသည်ကို တွေ့ရပါကြောင်း၊ ကားဒရိုင်ဘာသည် ငါးမိုင်တွင် ရှစ်ကီလိုရှိသည်ကို အလွတ်ကျက်ထားပြီး စိတ်တွက်နှင့်တွက်ပြီး မှန်းမောင်းရမလိုဖြစ်နေပါကြောင်း၊

လျှပ်စစ်ဌာနတွင် လျှပ်စစ်မီးပလပ်များ၊ မီးခေါင်းများ အမျိုးမျိုး ရှိနေသည်ကို တွေ့ရပါကြောင်း၊ အားလုံးသုံးရန်အတွက် မိမိတို့တိုင်းပြည်ကလည်း အကုန်လုံး Multiple Plus များကို Plus ခုံများပါ ထွင်ထားရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေစိုက်ကြိုးတွေလည်း စနစ်တကျမရှိ၊ ခံနိုင်ဝန်အားများလည်း တိတိကျကျ သတ်မှတ်မထားသည့်အတွက် မီးလောင်မှုအများ ဖြစ်ပွားပြီး ပြည်သူများ ဒုက္ခများစွာ ကြုံတွေ့ရပါကြောင်း။

Font များတွင်လည်း Zawgyi Font, Unicode Font တိတိကျကျမရှိပါကြောင်း၊ အင်တာနေရှင်နယ်တွင် International Standard Organization ဟူ၍ (ISO) က လုပ်ထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန အလိုက်ဖြစ်စေ၊ ဦးစီးဌာနအလိုက်ဖြစ်စေ၊ နယ်မြေဒေသ အလိုက်ဖြစ်စေ လမ်း၊ တံတားနှင့် လုပ်ငန်းအမျိုးမျိုး၌ စံသတ်မှတ်ချက်အမျိုးမျိုးကို တွေ့ရှိရပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စံချိန်စံညွှန်းသတ်မှတ်ချက်များ ထားရှိခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းစံချိန်စံညွှန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနအတွင်း သုတေသနနှင့် တီထွင်ဆန်းစစ်မှုဦးစီးဌာန လက်အောက်တွင် အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနခွဲကို ဖွဲ့စည်းပြီး စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာကိစ္စများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၃-၇-၂၀၁၄ ရက်နေ့က လွှတ်တော်ကြီးကပဲ စံချိန်စံညွှန်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းအတည်ပြုပြီး ဖြစ်ပါကြောင်း၊ ဥပဒေပါအရ အမျိုးသားစံချိန်စံညွှန်းကောင်စီကို အဖွဲ့ဝင် ၂၄ ဦးဖြင့် ၁၉-၁၂-၂၀၁၄ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်သကဲ့သို့ အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် အဖွဲ့ဝင် ၂၅ ဦးပါသော စံချိန်စံညွှန်းလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ယင်းကော်မတီ၏ လက်အောက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာဆပ်ကော်မတီ ၂၀ ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစရှိသည့် ပညာရှင်များဖြင့် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊

လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအနေနှင့် လျှပ်စစ်နှင့် အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းကော်မတီ၊ အစားအသောက် စံချိန်စံညွှန်းကော်မတီ၊ မော်တော်ယာဉ်ဆိုင်ရာထုတ်ကုန် ပစ္စည်းစံချိန်စံညွှန်းကော်မတီ၊ စီမံခန့်ခွဲမှုစနစ်နှင့် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာကော်မတီ၊ အလှ ကုန်စံချိန်စံညွှန်းရေးဆွဲရေးကော်မတီ၊ ဆေးဝါးစံချိန်စံညွှန်းရေးဆွဲရေးကော်မတီ၊ စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်စံချိန်စံညွှန်းကော်မတီ၊ ဆေးဝါးပစ္စည်းနှင့် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊  အဆောက်အဦ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်းဆောက်လုပ်ရေး စံချိန်စံညွှန်းများရေးဆွဲရေး ဆပ်ကော်မတီ၊  တိုင်းရင်းဆေးဆိုင်ရာ စံချိန်စံညွှန်းဆပ်ကော်မတီ၊ ရော်ဘာနှင့်ရော်ဘာအခြေခံ စံချိန် စံညွှန်းဆပ်ကော်မတီ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာစံချိန်စံညွှန်းကော်မတီ၊ ဓါတုဗေဒ ပစ္စည်းစံချိန်စံညွှန်းရေးဆွဲရေးကော်မတီ၊ စက်နှင့်စက်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး ကော်မတီ၊  စွမ်းအင်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးဆပ်ကော်မတီ၊ သစ်အခြေခံစံချိန်စံညွှန်းရေးဆွဲရေး ဆပ်ကော်မတီ၊  မွေးမြူရေးနှင့် ရေထွက်လုပ်ငန်းပစ္စည်းများစံချိန်စံညွှန်းကော်မတီ၊ ပတ်ဝန်းကျင်နှင့် အရည်အသွေး စံချိန်စံညွှန်းကော်မတီ၊ ဘွိုင်လာစံချိန်စံညွှန်းရေးဆွဲရေးကော်မတီ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာစံချိန်စံညွှန်းကော်မတီ စသဖြင့် ဆောင်ရွက်လျက်ရှိ သော်လည်း နယ်ပယ်အားလုံးကို ခြုံငုံမိအောင်တော့ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

စံချိန်စံညွှန်းများ ဆောင်ရွက်ရသည့်အခါ လုပ်ငန်းစဉ်အဆင့်ဆင့် (၆) ရပ်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ အဆိုပြုအဆင့်၊ ကြိုတင်ပြင်ဆင်သည့်အဆင့်၊ ဆပ်ကော်မတီများမှ အဆိုပြုမူကြမ်းများကို စိစစ်ခြင်းအဆင့်၊ စုံစမ်းခြင်းအဆင့်၊ အတည်ပြုခြင်းအဆင့်၊ အများသူငှာသိရှိစေရန် ထုတ်ပြန်ခြင်း အဆင့်များကို လိုက်နာဆောင်ရွက်ရပါကြောင်း၊ ယခုအချိန်တွင် စံချိန်စံညွှန်းပေါင်း ၇၇ ခုကို အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီပြီး ပြုစုပြီးဖြစ်ပါကြောင်း၊ ပြုစုပြီး စံချိန်စံညွှန်းများကို www.myanmarstandards.org.mm တွင် အများပြည်သူသိရှိစေရန်၊ နိုင်ငံတကာသိရှိစေရန် တင်ပြထားပါကြောင်း၊ စံချိန်စံညွှန်းအတည်ပြုပြီးတာတွေ ပြည့်စုံလုံလောက်သည့် အချိန်တွင် မြန်မာနိုင်ငံစံချိန်စံညွှန်းကုတ် MMS Myanmar Standard ကို ရိုက်နှိပ်ဖော်ပြပြီး အများပြည်သူအတွက် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊

သို့ပါ၍  စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများကို လမ်းများ၊ တံတားများ၊ စံချိန်စံညွှန်း များအပြင် အထက်ဖော်ပြပါ ဆပ်ကော်မတီအသီးသီးမှ ကဏ္ဍအလိုက် စံချိန်စံညွှန်းများကို ပြည့်စုံစွာ တိုးချဲ့သတ်မှတ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြာပါသည်။

ဒေါက်တာသန်းအောင်စိုး (မင်းလှ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည့်ပြည့်စုံစုံဖြေကြားပေးသော ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကို အများကြီး ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဆပ်ကော်မတီများ၊ ကော်မတီများဖွဲ့ပြီး ဆောင်ရွက်နေသည်ကို သိသော်လည်း ပြည်သူများ ပိုမိုသိရှိစေရန် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ Website များတွင် တင်ပေးထားသည်မှာ မှန်သော်လည်း မိမိတို့တိုင်းပြည်တွင် Website ဖြင့် အသုံးပြုနိုင်သော ပြည်သူဦးရေ နည်းသေးပါကြောင်း၊ ထို့ကြောင့် အမှန်တကယ် ထုတ်ပြန်ပြီးသော စံချိန်စံညွှန်းများကို နေ့စဉ် သတင်းစာများကပဲ ထည့်ပေးမည်ဆိုပါက ပြည်သူတွေကြားထဲကို အမှန်တကယ် ရောက်မည်ဖြစ်ပါကြောင်း၊ ပြည်သူများကလညး ထိုစံချိန်စံညွှန်းများကို ကြည့်ပြီး ပြည်သူတွေရဲ့တာဝန် ကျေပြွန်ရန်အတွက် ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းရပ်များမှာ ဘေးကနေ စောင့်ကြပ်ကြည့်ရှု ထိန်းကွပ်ပေးမည်ဆိုပါက လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ပိုမို အောင်မြင်လာမည်ဖြစ်သည့်အတွက် နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမိတို့ စံချိန်စံညွှန်းကော်မတီအသီးသီး၏ ဆောင်ရွက်နေတာအားလုံးကို လက်ရှိဖော်ပြနေသော Website တွင ်ဖော်ပြသည့်အပြင် FM Radio, ရုပ်မြင်သံကြားလွှင့်သည့် အစီအစဉ်တချို့၊ ပညာပေးအစီအစဉ်တချို့၊ လူထုကိုအသိပညာပေးသည့် Program တချို့လည်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်းပါကြောင်း၊ ကိုယ်စားလှယ်ကြီး အကြံပြုသကဲ့သို့ အများပြည်သူဖတ်ရှုသည့် သတင်းစာများတွင်လည်း အခါအခွင့် သင့်ပါက ဖော်ပြနိုင်ရေး ကြိုးစားပါမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြာပါသည်။