ပြည်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်သည် ပဲခူးတိုင်းအနောက်ခြမ်း စလင်းမြို့နယ်၊မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ ကျောင်းသူကျောင်းသားများ ပညာသင်ကြားလျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ် (ပြည်)တွင် ယခင်က Major (၇)ခု ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ သို့သော်လည်း ယခုအခါအထက်ဖော်ပြပါ Major(၃)ခုတွင် ပထမနှစ်ကျောင်းသား ခေါ်ယူခြင်းမရှိခဲ့သည်မှာ ပညာသင်နှစ် ၂ နှစ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ အဆိုပါ Major များအတွက် သင်ကြားရေး အထောက်အကူပြု လက်တွေ့သုံးပစ္စည်းများ၊ ဆရာဆရာမများ၊ စာသင်ခန်းများ အလုံအလောက်ရှိပါကြောင်း၊ Information Technology ဘာသာရပ်တွင် ဆရာအင်အား ၂၂ ဦးအနက် Ph.D ဆရာ လေးဦး ပါဝင်ပါကြောင်း၊ သင်ထောက်ကူပစ္စည်း စုံလင်ပြီး ၂၀၀၂-၂၀၀၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ IT ပညာရှင်ပေါင်း ၉၃၇ ဦး မွေးထုတ်ပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၅-၂၀၁၆ ခုနှစ်တွင်လည်း B.Tech Third Year ၊ Fourth Year နှင့် B.E ကျောင်းသူကျောင်းသား ၆၄ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ Mechatronics ဘာသာရပ်တွင်လည်း တွဲဖက် ပါမောက္ခတစ်ဦး၊ကထိကတစ်ဦး၊လက်ထောက်ကထိကနှစ်ဦး၊သရုပ်ပြငါးဦး စုစုပေါင်း ကိုးဦးနှင့် ပညာသင်ကြားလျက် ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ Mechatronics တွင်လည်း Control System အနေဖြင့် ကျန်ရှိသည့် ICT Field များတွင်လည်း ပညာရှင်များလိုအပ်ခြင်း ဖြစ်သည့်အတွက် ပြန်လည်ခေါ်ယူသင့်ပါကြောင်း၊ Petroleum Major တွင် Ph.D နှစ်ဦး၊ ကထိက သုံးဦး၊ သရုပ်ပြသုံးဦးနှင့် ဆရာအင်အား ရှစ်ဦးတို့ ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ AGTI, B.Tech, BE စုစုပေါင်း ၂၃၇ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်ကို လေ့လာသိရှိရပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် BE ရေနံအင်ဂျင်နီယာ ပညာရှင်များ မွေးထုတ်ပေးနိုင်ပြီး ၂၀၁၂-၁၃ ခုနှစ်တွင် မိန်းကလေးကျောင်းသူများကိုပါ လက်ခံသင်ကြားပေးခဲ့ပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် ရေနံအင်ဂျင်နီယာ ဘာသာရပ်သင် တက္ကသိုလ်လေးခု အနက် ပြည်နည်းပညာတက္ကသိုလ်၏ ရေနံအင်ဂျင်နီယာဌာနတွင် ဆရာ/မနှင့် သင်ထောက်ကူပစ္စည်းပြည့်စုံမှုများ၊Reference များ စုံလင်စွာရှိမှု၊ လက်တွေ့လုပ်ငန်းများကို ထိရောက်စွာ လေ့လာနိုင်မှုများကြောင့် ပဲခူးတိုင်းနှင့် မကွေးတိုင်းတွင်ရှိသည့် ကျောင်းသူ/သားများ အမှန်တကယ်စိတ်ဝင်စားသည့် ဘာသာရပ်ဖြစ်ပါကြောင်း၊ဘာသာရပ်သုံးခုစလုံး ဖွင့်လှစ်နိုင်ခြင်းမရှိသည်မှာ ၂ နှစ်ရှိနေပြီဖြစ်သည့်အတွက် တက်ရောက်လိုသည့် ကျောင်းသားများသည် တခြားဝေးလံသည့် ကျောင်းများကို သွားရောက်ပြီး ပညာသင်ကြား နေရပါကြောင်း၊ ရှေးအဆက်ဆက်က ဖွင့်လှစ်ခဲ့သည့် Major များကို မည်သည့်အခက်အခဲကြောင့် ဆက်လက်ပြီး ဖွင့်လှစ်သင်ကြားခြင်း မရှိပါသနည်း၊ပထမနှစ်ကျောင်းသားများ ခေါ်ယူခြင်းမရှိသည်ကိုလည်း သိလိုပါကြောင်း၊ ထို့အပြင် ပြည်နည်းပညာတက္ကသိုလ်တွင် တခြားနည်းပညာတက္ကသိုလ်များမှာ ဖွင့်လှစ်လျက်ရှိသည့် ခေတ်နှင့်လျော်ညီသည့် Major များကိုလည်း ဖွင့်လှစ်သင်ကြားပေးစေလိုကြောင်း၊ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူလူထုများက တင်ပြတောင်းဆိုလာကြပါကြောင်း၊ထို့ကြောင့် မည်သည့် ခုနှစ်လောက်ကြာမှ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နည်းပညာတက္ကသိုလ်အများစုတွင် မြို့ပြအင်ဂျင်နီယာနှင့် Electronic အင်ဂျင်နီယာ၊လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှု အင်ဂျင်နီယာစသည့် အခြေခံဘာသာရပ်ကြီးလေးခုအပြင် သက်ဆိုင်ရာနည်းပညာတက္ကသိုလ်အလိုက် အချို့သော နည်းပညာ ဘာသာရပ်များကို ဖွင့်လှစ်သင်ကြားခဲ့ခြင်းရှိပါကြောင်း၊အဓိက Major ကြီး လေးရပ်သင်ကြား ပေးပြီး ယခင်အခြား Major များ ကို ကျောင်းသူ/သားများ၏ အရည်အသွေးမြှင့်တင်နိုင်ရန်အတွက် လက်ရှိသင်ကြားရေး ဆရာ၊ တက်ရောက် မည့် ကျောင်းသားဦးရေ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့်သင်ထောက်ကူပစ္စည်းများ သင်ကြားရေးကိုပြည့် ဝစွာ ဆောင် ရွက်နိုင်ရေး အတွက် ဘာသာရပ်များကို နည်းပညာတက္ကသိုလ်အလိုက် ပူးပေါင်းခဲ့ခြင်းများရှိပါကြောင်း၊ မည်သည့် အတွက်ကြောင့် ဆိုသည်မှာ နည်းပညာ တက္ကသိုလ် ဘာသာရပ်များ အားလုံးကို ပြည့်စုံအောင်လုပ်နိုင်ရန် အချိန်၊ ဘဏ္ဍာများ အများကြီးလိုပါကြောင်း၊ ဥပမာအားဖြင့် တင်ပြရလျှင် မိမိတို့ ၁၉၅၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်၊ ကြို့ကုန်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် နှင့် ၁၉၈၀ ခုနှစ် ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့သည့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် ယနေ့အထိ ပြည့်စုံအောင်ဖြည့်ဆည်းရန် ဘဏ္ဍာနှစ်အလိုက် နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရခြင်းဖြစ် ပါကြောင်း၊ယခု အစိုးရသစ်လက်ထက်တွင် နည်းပညာ တက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်သည် ဒေသ၏ စီးပွားရေး လုပ်ငန်းများ ကို ဖြည့်ဆည်းနိုင်ရန်၊ ဒေသ၏ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီးထိရောက်သည့် အကောင်အထည်ဖော်မှု ရရှိစေရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ထို့အပြင် နည်းပညာတက္ကသိုလ်များအပါအဝင် အဆင့်မြင့် ပညာတစ်ခုလုံး၏ မူဝါဒအတွက် ပြီးခဲ့တဲ့နှစ် က ပြဋ္ဌာန်း လိုက်သည့် မြန်မာနိုင်ငံပညာရေး ဥပဒေအရ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်လည်း ဖွဲ့စည်းပြီးဖြစ် ပါကြောင်း၊ထို့ကြောင့် နောက်ပိုင်း တွင် ဆောင်ရွက်မည့် ပညာရေးစီမံကိန်းများသည် အမျိုးသားပညာရေးကော်မရှင်၏ မူဝါဒများအရ သက်ဆိုင်ရာတိုင်း/ဒေသ၊ အစိုးရအဖွဲ့များ၏ လိုအပ်ချက်နှင့် ညှိနှိုင်းပြီး အကောင် အထည်ဖော်ရန်ရှိပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြသည့် နည်းပညာတက္ကသိုလ်တွင် လိုအပ် သည့် ခေတ်မီ ဘာသာရပ်များကို လည်း ဒေသ၏ လိုအပ်ချက်နှင့် အညီ ပေါင်းစပ်ဖြည့်ဆည်း ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
