နိုင်ငံတော်နှင့်နိုင်ငံသားများပိုင်ဆိုင်သည့် ကမ္ဘာတွင် အရည်အသွေးအမြင့်မားဆုံးနှင့် အကောင်းဆုံး တွင်းထွက်ကျောက်မျက်ရတနာများကို နိုင်ငံတော်နှင့် နိုင်ငံသားများ ပြည့်ပြည့်ဝဝ သုံးဆောင် ခံစားနိုင်ရန်ဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ရှားပါးသည့် ပတ္တမြားငမောက်၊ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတောင်များပိုင်သည့် မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားများ ဘယ်လောက် ဆင်းရဲ နေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ရန် ဘဏ္ဍာငွေမရှိခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရန် နိုင်ငံတကာချေးငွေများအပေါ်တွင် မှီခိုနေရပါကြောင်း၊ ဘတ်ဂျက် လိုငွေပြနေခြင်းများသည် ပကတိအခြေအနေများဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးများ ဖော်ဆောင်နိုင်ရန်အတွက် ဘဏ္ဍာငွေများလုံလောက်စွာရရှိရန် အတွက် နိုင်ငံ၏ သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲထုတ်လုပ်ရောင်းချမှုများသည် အဓိကကျအရေးကြီးပါကြောင်း၊
မိမိတို့နိုင်ငံတွင် ကျောက်မျက် ရတနာပြပွဲများကို တစ်နှစ်တွင်နှစ်ကြိမ်ခန့် ကျင်းပပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ် စာရင်းအရ ကျောက်မျက်ရတနာပြပွဲ နှစ်ကြိမ်ကျင်းပခဲ့ရာတွင် ကျောက်မျက် ၂၃၆၁၁၇၂ ကာရက်၊ ကျောက်စိမ်း ၆၂၄၅ တန် စုစုပေါင်း မြန်မာငွေကျပ်သန်းပေါင်း ၁၄၇၁၁၃၀ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၃၁.၆၁ ရရှိခဲ့ပါကြောင်း၊ အခွန်ငွေမှ ၂၀၁၃-၁၄ ခုနှစ်တွင် ကျောက်မျက်နှင့် ကျောက်စိမ်း တွင် မြန်မာငွေကျပ်သန်းပေါင်း ၃၈၈၇၆၇ ရရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင်ကျင်းပခဲ့သည့် (၅၄)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၁၀၅ တွဲ၊ ယူရို ၃.၀၆၈ သန်း၊ ကျောက်စိမ်းတွဲ ၅၀၉၁ တွဲ ယူရို ၅၁၃.၄၃၇ သန်း စုစုပေါင်းရောင်းရငွေ ယူရို ၅၁၆.၅၀၅ သန်း ရရှိခဲ့ ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျောက်မျက်ရတနာပြပွဲများကို တစ်နှစ်တွင် နှစ်ကြိမ်သာ ကျင်းပ နိုင်သော်လည်း တစ်ဖက်နိုင်ငံတွင် မိမိတို့နိုင်ငံ၏ အကောင်းဆုံးကျောက်စိမ်းများနှင့် ကျောက်မျက် ကုမ္ပဏီကြီးများသည် တစ်လတစ်ကြိမ် ပြပွဲများပြုလုပ်ရောင်းချပြီး ကမ္ဘာ့ကျောက်စိမ်းဈေးကွက်ကြီး အဖြစ် အကျိုးအမြတ်များစွာ ရရှိနေပါကြောင်း၊ မိမိတို့နိုင်ငံသည် မည်သည့်အခွန်အခ၊ အကျိုးအမြတ်မှမရရှိသည့်အတွက် နစ်နာပါကြောင်း၊ ပြည်တွင်းတွင်လည်း ကျောက်မျက်ကုမ္ပဏီကြီးများသည် ၎င်းတို့၏အိမ်၊ ကုမ္ပဏီများတွင် ပြပွဲများပြုလုပ်ပြီး ကျောက်စိမ်းများ ရောင်းချနေခြင်းသည် နိုင်ငံတော်အတွက် ထိုက်တန်သည့် အခွန်ဘဏ္ဍာရရှိခြင်း ရှိ/မရှိသည် မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း၊ နိုင်ငံတော် ကျောက်မျက်ပြပွဲတစ်ခုတွင် ကျောက်စိမ်း Lot ခြောက်ထောင်ကျော်သာ တင်ပြရောင်းချနေပြီး ကျောက်စိမ်းကုမ္ပဏီများ၏လက်တွင် တူးဖော်ပြီး ကျောက်စိမ်း Lot နှစ်သိန်းကျော်ရှိနေနိုင်သည်ဟု ခန့်မှန်းရပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဘဏ္ဍာငွေတိုးတက်ရရှိစေရန်အတွက် ကျောက်ကုမ္ပဏီကြီးများ ပြင်ပတွင် တရားမဝင်ရောင်းဝယ်မှုလျော့နည်းစေရန်နှင့် တစ်ဖက်နိုင်ငံသို့ တရားမဝင်ခိုးထုတ် ရောင်းဝယ်မှု လျှော့ချရန်၊ မြန်မာနိုင်ငံတွင် ကျောက်မျက်ဈေးကွက်ဖွံ့ဖြိုးပြီး နိုင်ငံတော်နှင့်နိုင်ငံသားများ ပြည့်ပြည့်ဝဝ အကျိုးခံစားနိုင်ရန် ၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ပိုမိုရရှိ၍ ကျောက်မျက် ရတနာပြပွဲများကို နှစ်လလျှင်တစ်ကြိမ်၊ တစ်နှစ်လျှင်ခြောက်ကြိမ် ကျင်းပပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ကျောက်မျက်ရတနာပြပွဲများကို နိုင်ငံတော်၊ နိုင်ငံသားနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအတွက် ဝင်ငွေရရှိစေရန်၊ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအတွက် ကုန်ကြမ်းများပိုမိုရရှိပြီး ငွေကြေးလည်ပတ်မှုနှင့် အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေနှင့်ရောင်းချသည့် ရတနာပြပွဲများ၊ မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် ရောင်းချပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ မှထွက်ရှိသည့် ကျောက်စိမ်း၊ ပတ္တမြားနှင့် ပုလဲရတနာများသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ရတနာများ ဖြစ်ပါကြောင်း၊ ကျောက်မျက်ရတနာသယံဇာတများသည် ပြန်လည်အစားထိုးနိုင်ခြင်းမရှိသည့် (Non-Renewable Resources)ဖြစ်သဖြင့် ကျောက်မျက်ရတနာဈေးကွက်အနေအထားအရ ဝယ်လိုအားနှင့် ရောင်းလို အားကို ချင့်ချိန်တွက်ဆပြီး နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အကောင်းဆုံးဖြစ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရတနာပြပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်နေသည့် ကျောက်မျက်ရတနာဈေးကွက်အနေအထား၊ နိုင်ငံတကာကျောက်မျက် ရတနာ ပြပွဲများ၊ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်တက်ရောက်နိုင်မှု၊ ရတနာပစ္စည်းများ ခင်းကျင်းပြင်ဆင်ဆောင်ရွက်ရမှု၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ ရတနာကုန်သည်များထံ သတင်းအချက် အလက် ဖြန့်ဝေပေးရမည့် အချိန်၊ ရောင်းချရသည့် ကျောက်မျက်ရတနာများအတွက် ငွေပေးချေရန် သတ်မှတ်ထားသည့် ကာလစသည့် အခြေခံအချက်များအပေါ်မူတည်ပြီး နေ့ရက်ကို သတ်မှတ်ဆောင်ရွက်ရပါကြောင်း၊ ရတနာပြပွဲတစ်ပွဲကျင်းပရန် နှင့် ပြပွဲကြိုတင်ပြင်ဆင်ရန် လုပ်ငန်းအတွက် ၁၀ ရက်၊ ရတနာပစ္စည်းများ ဈေးနှုန်းများသတ်မှတ်ပြီး ခင်းကျင်းပြင်ဆင်ခြင်းအတွက် ၂၅ ရက်၊ ပြပွဲကျင်းပခြင်းအတွက် ၁၀ ရက်၊ ပြပွဲကျင်းပပြီး ငွေပေးချေခြင်းအတွက် ၆၀ ရက်၊ ငွေချေခြင်း မရှိသည့်ကျောက် အတွဲများကို ပြန်လည် ထုတ်ပေးခြင်း ၁၅ ရက်၊ ရတနာပြပွဲကျင်းပရန် စီစဉ်ခြင်းမှစပြီး လုပ်ငန်းပြီးသည့်အထိ ရက်ပေါင်း ၁၂၀ တစ်နည်းအားဖြင့် လေးလနည်းပါးခန့် အချိန်ယူ ဆောင်ရွက်ရပါကြောင်း၊ ရတနာပြပွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည် ၅၀၀၀ ခန့် တက်ရောက် လျက်ရှိပြီး ပြပွဲလုပ်ငန်းစဉ်များ အဘက်ဘက်မှ ပြည့်စုံစေရန် စီစဉ်ကြီးကြပ်ပံ့ပိုးသူ၊ ဆောင်ရွက်သူ စုစုပေါင်း ၃၀၀၀ ခန့်ရှိပါကြောင်း၊ ရတနာ ပစ္စည်းများလုံခြုံရေး၊ ပြပွဲကိုတက်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ လုံခြုံစွာရှိပြီး ပွင့်လင်းမြင်သာစွာ ရောင်းချပေးနိုင်ရေးအတွက် ခန်းမနေရာ နှင့် ကျောက်ခင်း ကွင်းများကို ပြပွဲတစ်ကြိမ်ကျင်းပရန်အတွက်သာ တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြပွဲတစ်ပွဲ၏လုပ်ငန်းစဉ်များ ပြီးဆုံးပြီး နောင်ကျင်းပမည့်ပြပွဲအတွက် ထပ်မံပြင်ဆင် မွမ်းမံလုပ်ငန်း များကို ဆောင်ရွက်ရပါကြောင်း၊ ကျောက်မျက်ရတနာများကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) အချောထည်များ၊ လက်ဝတ်ရတနာများအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးကို ကြိုးပမ်းလျက် ရှိပါကြောင်းနှင့် ကျောက်မျက်ရတနာ အချောထည်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နေပြည်တော်၊ ရွှေကြာပင် ရပ်ကွက်တွင် ကျောက်မျက်ရတနာသင်တန်းကျောင်းနှင့် ကျောက်မျက်ရတနာ အချောထည်ဈေးများ ကို ဖွင့်လှစ်ပြီး ကျောက်မျက် ရတနာရောင်းဝယ်ရေးဌာန(Gems Trading Center)များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ မိုးကုတ်စသည့် မြို့ကြီး(၅)မြို့တွင် ဖွင့်လှစ်နိုင်ရေး ကျောက်မျက်၊ ကျောက်စိမ်းအချောထည်၊ လက်ဝတ်ရတနာ နှင့်သွေးပြီး ကျောက်မျက်အချောထည်များကို မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းများမှ ထုတ်ပေးထားသည့် အရောင်းပြေစာများနှင့် ရောင်းချနိုင်ခွင့်ပြုနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကျောက်မျက်ရတနာပွဲများကို နှစ်လ တစ်ကြိမ်၊ တစ်နှစ်ခြောက်ကြိမ်ကျင်းပရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
