၅-၅-၂၀၁၆ ရက် ပထမပုံမှန်အစည်းအဝေးတွင် ကျွန်းစုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကျောင်းအဆင့်တိုးရေး ကိစ္စနှင့် ပတ်သက်၍ မေးခွန်းအားဝန်ကြီးဖြေကြားရာတွင် အခြေခံပညာအလယ်တန်းနှင့် အခြေခံပညာအထက်တန်းအဆင့် ပညာရေးကို လူတိုင်းလက်လှမ်းမီနိုင်ရန်အတွက် ကျောင်းများကို ဒေသနှင့် ကျောင်းလိုအပ်များအပေါ် ဦးစားပေး၍ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသွားခြင်းကို အခြေခံ၍ ဟုမ္မလင်းမြို့နယ်၊ နန့်နစ်ကျေးရွာသည် ဟုမ္မလင်းမြို့မှ ၁၄၉ မိုင် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ခက်ခဲပါကြောင်း၊ ရေလမ်းရှိသော်လည်း အန္တရာယ်များပါကြောင်း၊ ဟုမ္မလင်းမှ ၃၈ မိုင်ဝေးသော နန့်တောရွာတွင် အထက်တန်းကျောင်းရှိပြီး ၎င်း၏အထက်ဘက် မိုင်ပေါင်း ၁၁၁ မိုင် အကွာအဝေးရှိ ဥရုမြစ်ကမ်း တစ်လျှောက်တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းမရှိဘဲ အ.လ.က (ခွဲ) များသာ ရှိပါကြောင်း၊ ဤဒေသရှိ ကျောင်းသား/ သူများသည် ကျောင်းပြောင်း၍ ဆက်လက်တက်ရန် အလွန်ခက်ခဲပါကြောင်း၊ နန့်တော အ.ထ.က ကျောင်း သို့ ကျောင်းဆက်တက်ရန်လည်း မိုင် ၁၀၀ ကျော်ဝေးပြီး စရိတ်လည်း ကြီးလေးခြင်းကြောင့် ကျောင်း မတက်နိုင်ကြ ဘဲ ကျောင်း ထွက်ကြရပါကြောင်း၊ ၎င်းဒေသနှင့်ဆက်စပ်နေသော ကချင်ပြည်နယ်ဘက်သို့ ကျောင်းဆက်လက် တက်ရန်မှာ လည်း ကျောင်းပြောင်း လက်မှတ်ရယူရန် ပင်ရင်းနန့်တော အ.ထ.က နှင့် မြို့နယ်ကြားပြောင်းအတွက် မြို့နယ်ပြန်ပြီးလက်မှတ်ထိုးရန် ဟုမ္မလင်း လာရသည်မှာလည်း စရိတ်အနည်းဆုံးတစ်သိန်းကျော် ကုန်ကျသည့်အတွက် မလွယ်ကူပါကြောင်း၊ ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် အခွင့်အရေးလည်း ဆုံးရှုံးနေကြပါကြောင်း၊ ထို့ကြောင့် အလယ်တန်း အဆင့်ကျောင်းများရှိပါက အ.ထ.က (ခွဲ) များဖြစ်အောင် ကြိုးစား၍ အထက်တန်းပညာကို ဆက်လက် သင်ကြားနိုင်ရန် ဒေသနေပြည်သူများက မျှော်လင့်နေကြပါကြောင်း၊သို့ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုအထက်ပိုင်းဒေသရှိ အဆိုပါကျောင်းများအား အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တိုးမြှင့်ပေးမည်ဆိုပါကလည်း မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ နန့်နစ်အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၊ ရေပေါ်မီး အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)၊ တောင်ဦးအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့် ကျောင်းများသည် အခြေခံပညာ အလယ်တန်ကျောင်းခွဲအဆင့် ကျောင်းများအဖြစ် မဟုတ်သေးပါကြောင်း၊ တကယ်ကျောင်းအဆင့်မှာ အခြေခံပညာ မူလတန်း လွန်ကျောင်း အဆင့်သာဖြစ်ပါကြောင်း၊တစ်ဆက်တည်း ဖြည့်စွက်တင်ပြရမည်ဆိုပါက နန့်နစ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၏ စာရင်းပေါက်အမည်မှန် နန်းနစ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းဖြစ်ပါကြောင်း၊ အလားတူ တောင်ဦးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၏ ပညာရေးဝန်ကြီးဌာန၏ အမည်ပေါက်အမှန်မှာ သောင်ဦးကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းဖြစ်ပါကြောင်း၊နန်းနစ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ရေပေါ်မီးကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၊ သောင်ဦးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) များအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်းလယ်ဆင့်သင်ကျောင်းသား ၁၂၄ ဦး လက်ရှိအားဖြင့် နန့်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် စုစုပေါင်း ကျောင်းသား ၁၂၄ ဦး၊ စေတီဆိပ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်း အလယ်တန်းကျောင်းသား ၁၃၆ ဦးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ယခုနေရာ၊ ယခုဒေသ၊ ယခုကျောင်းများတွင် ကျောင်းသူ/သားများသည် အလယ်တန်းပညာရေးကို သင်ကြားနိုင်သည့် အခွင့်အလမ်း အပြည့်အဝရရှိပြီးပါကြောင်း၊ ဖွဲ့စည်းပုံပြောင်းပြီး အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ပါရန် အလယ်တန်းအဆင့်သင်ကျောင်းသား ၂၄၀ ဦးနှင့်အထက်ရှိသည့် အချိန်ရောက်ရှိပါက မိမိတို့ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ မေးခွန်းများတင်ပြချက်များအတွက် ခွန်အားဖြစ်စေပြီး မိမိတို့ရပ်ရွာဒေသများ၏ လိုအပ်ချက်ကို အမှန်သိရှိရန်လိုအပ်သည့်အတွက် တင်ပြခြင်းဖြစ်ခြင်းကြောင့် ဝမ်းပမ်းတသာကြိုဆိုပါကြောင်း၊
အမျိုးသားလွှတ်တော်မှာတင်ပြချက်၊ ပြည်သူ့လွှတ်တော်တွင် တင်ပြချက်အားလုံးသည် မိမိတို့ဝန်ကြီးဌာနက စွမ်းဆောင်နိုင်ခဲ့ခြင်း၊ ဖြည့်ဆည်းနိုင်ခဲ့ခြင်း အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ မိမိတို့မှာ ခုနကလို ကျောင်းများဖြည့်စွက်ရန်၊ ပြင်ဆင်ရန်လိုအပ်ချက်များကို ပြင်ရန်အများကြီးရှိပါကြောင်း၊ ယခုနှစ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် အပတ်စဉ် ပြင်ခဲ့သည့်အပိုင်းအားလုံးကို ကွင်းဆင်းပြီးဂရုစိုက်ကြည့်ရှုပါကြောင်း၊ အန္တရာယ်ရှိ သည့် ဥပဓိရုပ်မကောင်းသည့်ကျောင်းနှင့် အပြည့်စုံသည့် ကျောင်းပေါင်းသည် ၆၀၀၀ ကျော်တွ့ရှိပါကြောင်း၊ သို့သော် ၎င်း ၆၀၀၀ ကျော် ကျောင်းပြင်ရန်အတွက် ဘတ်ဂျက်တင်ပြရာတွင် မိမိတို့ဝန်နှင့်အား၊ လေးနဲ့မြားဆိုသကဲ့သို့ ချင့်ချိန်တင်ပြရပါကြောင်း၊ အမျိုးသားလွှတ်တော် ဖြေကြား ချက်များ၊ ပြည်သူ့လွှတ်တော်ကြီး တွင် ဖြေကြားဆောင်ရွက်မှုများသည် နောင်နှစ်၂၀၁၇-၁၈ ဘဏ္ဍာငွေ ခွင့်ပြုချက်အပေါ်တွင် အများကြီးမူတည်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
