တောင်ဥက္ကလာပမြို့နယ်သည် ၂ မိုင်ပတ်ချာလည်ခန့်ရှိပြီး လူဦးရေ ၁၇၀၀၀၀ ခန့်၊ ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်ရှိပြီး ရပ်ကွက်တစ်ခု၏ အတွင်းလမ်းမကြီးများသည် အများဆုံး ၅ လမ်းအထိသာရှိပါကြောင်း၊ ယခင်က အဆိုပါအတွင်းလမ်းမကြီးများပေါ်သို့ အမှိုက်သိမ်းကားများသည် သတ်မှတ်ထားသောရက် အလိုက် ရောက်ရှိပြီး အမှိုက်သိမ်းသောစနစ်ကြောင့် အဆင်ပြေခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် အမှိုက်ပုံးများကို မြို့နယ်၏ အဓိကလမ်းမကြီးများတွင် ထားရှိခဲ့ပြီး ညအချိန်များမှသာ အမှိုက်သိမ်း ကားဖြင့် အမှိုက်များကို လာရောက်သိမ်းဆည်းပါကြောင်း၊ သက်ဆိုင်ရာဌာနမှ အမှိုက်ပုံးရှိသည့် နေရာများကို ထုံးဖြူးခြင်းများရှိသော်လည်း ပတ်ဝန်းကျင်ရှိနေအိမ်များသည် ၎င်းအမှိုက်ပုံးများ၏ အနံ့ များကို အမြဲတစေ ခံစားရခြင်း၊ ကားလမ်းမပေါ်ထားရှိ အမှိုက်ကန်များကြောင့် ယာဉ်လမ်းကြော ပိတ်ဆို့မှုဖြစ်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊
ထို့ကြောင့် ခေါင်းလောင်းတီအမှိုက်သိမ်းစနစ် သို့မဟုတ် တစ်မြို့နယ်လုံး လွှမ်းခြုံမှု ရှိသော အမှိုက်သိမ်းကားစနစ်ကို ဆောင်ရွက်ပေးနိုင်ပါရန်အတွက် အစီအစဉ်ရှိမရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
တောင်ဥက္ကလာပမြို့နယ်သည် ဧရိယာအားဖြင့် ၂.၉၇၃ စတုရန်းမိုင်ရှိပြီး စက်မှုဇုန်တစ်ဇုန် အပါအဝင် ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၄၄၈၄၂ စုနှင့် လူဦးရေစုစုပေါင်း ၂၉၃၇၂၀ ဦးခန့် ရှိပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် နေ့စဉ်အမှိုက်တန်ချိန် ၉၀ ကျော် ထွက်ရှိပြီး အဆိုပါ အမှိုက်များကို တောင်ဥက္ကလာပမြို့နယ် သန့်ရှင်းရေးတာဝန်ခံရုံးက နေ့စဉ် သိမ်းဆည်းထားလျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တောင်ဥက္ကလာပမြို့နယ်သန့်ရှင်းရေးတာဝန်ခံရုံးက သန့်ရှင်းရေးဝန်ထမ်းစုစုပေါင်း ၁၃၈ ဦး၊ အမှိုက်သိမ်းယာဉ် ၈ စီး၊ အမှိုက်သိမ်းလှည်း ၄၆ စီး၊ ကွန်တိန် နာအမှိုက်ပုံးကြီး(သံကန်)လေးကန်၊ ကွန်တိန်နာအမှိုက်ပုံးလတ်(သံကန်)တစ်ကန်နှင့် အုတ်အမှိုက် ကန် ၁၀ ကန်၊ ၆၆၀ လီတာဆံ့အမှိုက်ပုံး ၂၆၄ ပုံးနှင့် ၂၄၀ လီတာဆံ့အမှိုက်ပုံး ၉၄ ပုံးတို့ကို ဖြန့်ခွဲချ ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနအနေ ဖြင့် ရန်ကုန်မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာ အမှိုက်ကန်စနစ်၊ အမှိုက်ပုံးစနစ်၊ လှဲ သိမ်းစနစ်၊ ခေါင်းလောင်းတီးစနစ်၊ ဆေးရုံ/ဆေးခန်း အမှိုက်သိမ်းစနစ်၊ သီးခြားအမှိုက်သိမ်း စနစ်(On Call)စသည့် စနစ်အသီးသီးဖြင့် သိမ်းဆည်းဆောင်ရွက်လျက်ရှိပြီး ထိုအမှိုက်သိမ်းစနစ် များထက် ပိုမိုကောင်းမွန်ပြီး ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်နှင့် သဘောသဘာဝနီးစပ် တူညီသော အမှိုက် ထုပ်ကောက်စနစ်ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကစတင် အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ အမှိုက်ထုပ်ကောက် အမှိုက်သိမ်းစနစ်သည် အမှိုက်များကို အိတ်ဖြင့် လုံခြုံစွာချည်နှောင်ပြီး သတ်မှတ် နေရာတွင် အမှိုက်ထုပ်များချထားစေကာ သတ်မှတ်ရက်၊ သတ်မှတ်အချိန်၊ သတ်မှတ် လမ်းကြောင်း အတိုင်း မပျက်မကွက် သိမ်းဆည်းသည့် စနစ်ဖြစ်ပါကြောင်း၊ အဆိုပါ အမှိုက်ထုတ် ကောက်သိမ်း စနစ်ကြောင့် ပြည်သူများအဆင်ပြေလွယ်ကူစွာ အမှိုက်စွန့်လာနိုင်ပါကြောင်း၊ ၎င်းစနစ်ကို ထောက်ခံမှု၊ တောင်းခံမှုများရသည့်အတွက် တရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ် ၂၅ မြို့နယ်ရှိ ရပ်ကွက် ၄၇ ရပ်ကွက်နှင့် လမ်းပေါင်း ၅၂ လမ်းတွင် အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊
တောင်ဥက္ကလာပမြို့နယ်တွင် အဆိုပါအမှိုက်သိမ်းစနစ်ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကစတင် ပြီး အမှတ် ၁၀ ရပ်ကွက်ရှိ အတွင်းလမ်းသွယ်လေးလမ်းသွယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းချက်အရ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် အမှတ် ၁၀ ရပ်ကွက်ရှိ အတွင်း လမ်းသွယ်ပေါင်း ၄၄ လမ်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ် အတွင်း အမှိုက်ထုပ်ကောက်၊ အမှိုက်သိမ်းစနစ်ကို စမ်းသပ်ဆောင်ရွက်လျက်ရှိသည့်အပြင် အမှတ် ၃၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရပ်ကွက်များရှိ အတွင်းလမ်းမများတွင်လည်း အမှိုက်သိမ်းယာဉ်၊ အမှိုက်သိမ်းလှည်းများနှင့် ရက်ခြားစနစ်ကျင့်သုံးကာ ခေါင်းလောင်းတီး အမှိုက်သိမ်းဝန်ဆောင်မှုများကို ပေးလျက်ရှိပါကြောင်း၊ အမှိုက်ထုပ်ကောက်စနစ်နှင့် ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်ကို ဝန် ဆောင်မှု မပေးနိုင်သေးသည့် အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်များတွင် ဌာနက အမှိုက်ပုံး၊ အမှိုက်ကန်များ ဖြန့်ခွဲချထားပြီး နေ့စဉ်သိမ်းဆည်းဆောင်ရွက်ပေး လျက်ရှိသည့်အပြင် အမှိုက်ထုပ် ကောက်သိမ်းအမှိုက်သိမ်းစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ဆက်လက် ဆာင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
အမှိုက်ထုပ်ကောက် အမှိုက်သိမ်းစနစ်ကို ပြည်သူတွေလက်ခံလာသည့်နည်းတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်ပယ် အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်အပါအဝင် မြို့နယ်အသီးသီးတွင် တိုးချဲ့ဆောင် ရွက်သွားမှာဖြစ်ပါကြောင်း၊ သို့ရာတွင် အမှိုက်ထုပ်ကောက် အမှိုက်သိမ်းစနစ် တိုးချဲ့ ဆောင်ရွက်နိုင်ရန် အမှိုက်သိမ်းယာဉ်၊ အမှိုက်သိမ်းလှည်းများလိုအပ်လျက်ရှိပြီး ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေရရှိမှုအပေါ် မူတည၍ တိုးမြှင့်ဝယ်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရပ်ကွက်နေပြည်သူ များမှ အမှိုက်ထုပ်ကောက် အမှိုက်သိမ်းစနစ်သို့ စည်းကမ်းစနစ်ကျ စွန့်ပစ်လာစေရန် အသိပညာ ပေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်အပေါ် ပြည်သူများ၏ ယုံကြည် လက်ခံဆောင်ရွက်လာသည့်အခြေအနေအပေါ်မူတည်ပြီး ခွဲချထားရန် မလိုအပ်သည့် နေရာများမှ အမှိုက်ပုံးများကို သိမ်းဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
