ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်း ဖော်ထုတ်ပြီးမြေနေရာများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ထားပါသနည်း၊ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်များ မည်ကဲ့သို့ ရေးဆွဲထားပါသနည်း၊ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသော အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
စက်မှုဇုန်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာမူဘောင်များနှင့်အညီ စနစ်တကျ စီမံထူထောင်၍ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ လိုအပ်ချက်များကို ပြည့်စုံစွာ စီမံဆောင်ရွက်ခြင်းဖြင့် စက်မှုဇုန်များအတွင်း လုပ်ငန်းချိတ်ဆက်မှုအားကောင်း၍ ယှဉ်ပြိုင်နိုင်သော စက်မှုလုပ်ငန်းများ ဖြစ်လာ စေရန်၊ စက်မှုလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို စနစ်တကျ စီမံထိန်းချုပ်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်စေရန် စသည့်ရည်ရွယ်ချက်များနှင့် တည်ထောင် ရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် စက်မှုဇုန်များကို စနစ်တကျထူထောင်ပြီး ဖွံ့ဖြိုးတိုးတက်ရန် စီမံခန့်ခွဲနိုင်ပါက မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ နေပြည်တော် မြို့သစ်စီမံကိန်းနှင့် အခြားစီမံကိန်းများကြောင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေ အမြောက် အမြား သိမ်းဆည်းခံခဲ့ရပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရပါကြောင်း၊
ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်ကို ၁၁-၁၁-၂၀၁၃ ရက်နေ့တွင် မြေ ၃၄၆.၅၃၂ ဧကအပေါ် အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး အကွက်ပေါင်း ၁၀၀ ရှိပြီး ချထားရန် မြေကွက် ၄၈ ကွက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် အခြားအခြေခံအဆောက်အအုံတို့ကို တည်ဆောက်ထားပြီး ဖြစ်ပါကြောင်း၊ ချထားပြီးမြေကွက်များအတွင်း အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ အနည်းငယ် သာရှိပါကြောင်း၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စက်ချုပ်သင်တန်း အပါအဝင် အခြားအသက်မွေးဝမ်းကျောင်းသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ (က) ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်အတွင်း ဖော်ထုတ်ပြီး မြေနေရာများ အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ထားပါသနည်း။ (ခ) စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ မည်ကဲ့သို့ရေးဆွဲထားပါနည်း။ (ဂ) အလုပ်အကိုင်အခွင့်အလမ်း များ များစွာဖန်တီးပေးသော အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။
နေပြည်တော်အတွင်း ဒက္ခိဏသီရိအသေးစား၊ အလတ်စားစက်မှုဇုန်ကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး နှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းကြားတွင် လယ်ဝေးဘူတာနှင့် နေပြည်တော်လေယာဉ်ကွင်းများသို့ သွားလာလွယ်ကူနိုင်သည့် မြေဧရိယာ ၃၄၆.၅၃၂ ဧကပေါ်တွင် မြေဧကကွက်ပေါင်း ၁၀၀ ကွက်ကို ၂၀၁၃ ခုနှစ်က ဖော်ထုတ်ခဲ့ပါကြောင်း၊ ကနဦးဖော်ထုတ်စဉ်က ကျောက်မျက်အလုပ်ရုံများ ဖော်ထုတ်ရန် သတ်မှတ်သော်လည်း မြန်မာစည်သူကျောက်မျက်ကုမ္ပဏီကို ၂.၅ ဧက အကွက် ၁၀ ကွက်သာ ရောင်းချ နိုင်ခဲ့ပြီး ကျန်မြေကွက်များကို ရောင်းချနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ကျန်မြေဧရိယာများကို ကျူးကျော်မှု၊ ဝင်ရောက်မှုမရှိစေရန် နေပြည်တော်အတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်ပြီး ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
အထက်ပါ ဖော်ထုတ်ရရှိသည့် မြေကွက် ၁၀၀ မှ မြေကွက် ၅၆ ကွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားခွဲရုံအပါအဝင် အားလုံးကို ရောင်းချခဲ့ပြီး ၄၄ ကွက်ရောင်းချရန် ကျန်ရှိနေပါကြောင်း၊ ရောင်းချပြီးမြေကွက် ၅၆ ကွက်တွင် မြန်မာစည်သူကျောက်မျက်ကုမ္ပဏီအပါအဝင် သိုလှောင်ရုံနှင့် အချောထည်လုပ်ငန်း ၂၆ ကွက်၊ ဓာတ်အားခွဲရုံအတွက် တစ်ကွက်၊ နောက် မွေထိုး မြေဖော်စက်ကြီးများ၊ ယန္တရားများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆိုပြီး နှစ်ကွက် စုစုပေါင်း ၂၉ ကွက်သည် စက်မှုလုပ်ငန်းနှင့် အကျုံးဝင်မှုမရှိသော်လည်း ပြန်ရောင်းချပြီးသည့် မြေကွက်များတွင် ကျန်မြေကွက် ၂၇ ကွက်အတွက်သာ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Infrastructure လုပ်ငန်းများအနေနှင့် လမ်းခုနှစ်လမ်းကို နှစ်လမ်းသွား ကွန်ကရစ်လမ်းခင်းထားပါကြောင်း၊ ရေစီးရေလာကောင်းမွန်ရန် ကွန်ကရစ်ရေမြောင်း ပေပေါင်း ၃၃၀၃၀ နှင့် ကျောက်စီရေမြောင်း ၇၉၈၅ ပေ ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ ပင်မရေစွန့်ပစ်ရန် အနီးဆုံး ပတ္တာချောင်းထဲသို့ ဆက်သွယ်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေနှင့် 33/11 KV ဓာတ်အားခွဲရုံ သီးခြားဆောက်ပြီး ဓာတ်အားကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်းအနေနှင့် တယ်လီဖုန်းလိုင်းများ၊ ကေဘယ်လ် TV များ၊ ADSL အင်တာနက်လိုင်း များနှင့် CATV လိုင်းများလည်း တပ်ဆင်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် နေပြည်တော်အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အသစ်ဖွဲ့စည်းပြီး သက်ဆိုင်ရာဘဏ္ဍာရေးဆပ်ကော်မတီ၊ မြေယာချ ထားရေးဆပ်ကော်မတီ၊ လုပ်ငန်းကြီးကြပ်ရေးဆပ်ကော်မတီဟူ၍ အသီးသီးဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စက်မှုဇုန်ရှိ ဖော်ထုတ်ပြီးမြေများကို အကျိုးရှိထိရောက်စွာ အသုံးပြုရန် လက်ရှိမြေဝယ်ထား သည့် လုပ်ငန်းရှင်များကိုလည်း ရှေ့ဆက်မည့် လုပ်ငန်းအစီအစဉ်များနှင့် လက်ရှိမည်သည့် အခက်အခဲ များရှိသည်ကို မိမိတို့ခေါ်ယူပြီး အကြံပြုချက်များတောင်းခံ၍ အစည်းအဝေးများလုပ်နေပါကြောင်း၊
ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရန် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အနေနှင့် Green City စီမံချက်ကို မထိခိုက်စေ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် စက်မှုလုပ်ငန်း များကို စိစစ်ခွင့်ပြုသည့်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာရှိနေသည့် အထည်ချုပ်လုပ်ငန်းများ အပြင် အခြားအီလက်ထရောနစ်ပစ္စည်းလုပ်ငန်းများ၊ အခြား အဆင့်မြင့် သစ်အချောထည်လုပ်ငန်းများကို လျှောက်ထားလာလျှင် ဦးစားပေးအကောင်အထည်ဖော်ပေးရန် လုပ်ဆောင်လျက်ရှိပါကြောင်းနှင့် လက်ရှိ အနေအထားမှာ လုပ်ငန်းရှင်ကိုးယောက်၏ လျှောက်လွှာနှင့် အဆိုပြုလွှာများကို မိမိတို့ကော်မတီအနေနှင့် လက်ခံစိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
