(ဃ)-မြန်မာပြည်တစ်ဝန်းတွင်သုံးစွဲနေသောငွေစက္ကူ အမျိုးမျိုးပေါ်ရှိဆင်တံဆိပ်နှင့် ခြင်္သေ့တံဆိပ်ရုပ်ပုံများ အစားဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံပါသော ငွေစက္ကူ များဖြင့် အစားထိုး ရိုက်နှိပ် ထုတ်ဝေသုံးစွဲရန်အစီ အစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၂.၁၁.၂၀၁၆)

ဦးကံမြင့်(သရက်မဲဆန္ဒနယ်)ကမ္ဘာတစ်လွှားမှာ၊ နိုင်ငံအများအပြားမှာငွေစက္ကူများ ထုတ်ဝေသုံးစွဲကြရာတွင် ပြည်တွင်းပြည်ပ လက်ခံကြသည့် အတိုင်းအတာအပေါ် မူတည်ပြီး လှည့်လည်သုံးစွဲ

ကြပါကြောင်း၊ ငွေစက္ကူ၏ မျက်နှာစာတွင် အများအားဖြင့် ဘုရင်များ၊ ဘုရင်မများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ အာဇာနည်များ၊ ကောင်းသတင်း ထင်ရှားကျော်ကြားသူများ၊ ပညာရှင်များ စသည့်ဖြင်‌့ နိုင်ငံ့သမိုင်း စာမျက်နှာများတွင် တင့်တင့်တယ်တယ် ဝံ့ထည်စွာ နေရာယူခဲ့ကြကြောင်း။

မြန်မာနိုင်ငံတွင်လည်း တစ်ချိန်က အလွန်တရာကျက်သရေရှိသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်‌အောင်ဆန်း၏ ရုပ်ပုံပါသောငွေစက္ကူများ ထုတ်ဝေသုံးစွဲ ခဲ့ရပါကြောင်း၊ ယခုမျက်မှောက်ကာလ၌ ဆင်ရုပ်များ၊ ခြင်္သေ့ရုပ်များပါသော ငွေစက္ကူများကို သုံးစွဲနေရပါကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ၊ဂုဏ်သတင်းထင်ရှားကျော်ကြားသူများ၏ ရုပ်ပုံများပါသော ငွေစက္ကူများကို မြင်ရသည့် အနာဂတ်လူငယ်များ အနေဖြင့် လေးစားခြင်း၊ဂုဏ်ယူခြင်းများနှင့်အတူ အားကျခြင်း၊အတုခိုးခြင်းများ ဖြစ်လာပါကြောင်း၊ ဂုဏ်ပြုသင့်သူကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုခြင်းသည် ကောင်းသောဆောင်ရွက် မှု ဖြစ်သည့်အတွက် ယခုလက်ရှိ ထုတ်ဝေသုံးစွဲနေသော ဆင်ရုပ်၊ ခြင်္သေ့ရုပ်များအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါသော ငွေစက္ကူများ ကို အစားထိုး ထုတ်ဝေသင့်ပါကြောင်း၊ ထို့ကြောင့်  အခုလက်ရှိထုတ်ဝေသုံးစွဲနေသော ဆင်ရုပ်၊ ခြင်္သေ့ရုပ်များအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသော ငွေစက္ကူများဖြင့် အစားထိုးထုတ်ဝေသုံးစွဲရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုလုပ်မည်နှင့် အစီအစဉ်မရှိပါက မည်သည်‌့အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းပြည်တွင်းသုံးငွေထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၆၂ တွင် ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့် ငွေဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိပါကြောင်း၊ ဗဟိုဘဏ်က ထုတ်သော ငွေစက္ကူနှင့် ငွေဒင်္ဂါးများ သည် နိုင်ငံတစ်ဝန်းလုံးတွင် တရားဝင်ငွေအဖြစ် တည်ရှိစေရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ငွေစက္ကူပုံစံများနှင့် ပတ်သက်ပြီး ပုဒ်မ ၆၅ ၌ ဗဟိုဘဏ်သည် ငွေစက္ကူနှင့် ဒင်္ဂါးများ၏ တန်ဖိုး၊ အဆင် အပြင်၊ ဖွဲ့စည်းပါဝင်သော ဝတ္ထုပစ္စည်း၊ အခြားခွဲခြားနိုင်သော လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

ငွေစက္ကူအမျိုးအစား ပြောင်းလဲသုံးစွဲခြင်းနှင့်ပတ်သက်ပြီး ပုဒ်မ ၆၆ တွင် ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန်လိုအပ်ပါက အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ယင်းဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက် ရယူရမည် ဟု ပြဋ္ဌာန်းထား ပါကြောင်း၊

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများ ထုတ်ဝေခဲ့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ ၁၉၅၂ ခုနှစ်တွင် ဒေါင်းပုံ၊ ခြင်္သေ့ပုံပါသော  ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန်၊ ၁၀၀ တန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ပါကြောင်း၊  ၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန်၊ ၁၀၀ တန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ပါကြောင်း၊  ၁၉၆၅ ခုနှစ်တွင်လည်း ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန် ငွေစက္ကူများ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံစံသစ်ငွေစက္ကူများ ထုတ်ဝေခဲ့ပါကြောင်း၊ ၁၉၉၄ ခုနှစ်တွင် ၂၀ တန်၊ ၅၀ တန်၊ ၁၀၀ တန် ငွေစက္ကူများကို ခြင်္သေ့ပုံနှင့် ရိုက်နှိပ်ထုတ်ဝေခဲ့ပါကြောင်း၊ ၁၉၉၈ ခုနှစ်တွင် ကေသရာဇာခြင်္သေ့ပုံနှင့် ၁၀၀၀ တန် ငွေစက္ကူထုတ်ဝေခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် တွင် ၂၀၀ တန်၊ ၅၀၀ တန်၊ ၁၀၀၀ တန်များကို အရွယ်အစားသစ်ဖြင့် ထုတ်ဝေခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ၅၀၀၀ တန်ငွေစက္ကူ ထုတ်ဝေခဲ့ပါပြီး ၂၀၁၂ ခုနှစ်တွင် ၁၀၀၀၀ တန် ငွေစက္ကူ ထုတ်ဝေခဲ့ပါကြောင်း၊ ၅၀၀၀ တန်နှင့် ၁၀၀၀၀ တန်ငွေစက္ကူများကို လုံခြုံရေးအဆင့်အတန်း တိုးမြှင့်ပြီး ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ် များတွင် ထပ်မံထုတ်ဝေခဲ့ပါကြောင်း၊

ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမည်ဆိုပါက လှည့်လည်သုံးစွဲ လျက်ရှိသော ငွေပမာဏကို လဲလှယ်ပေးနိုင်ရန်အတွက် လှည့်လည်သုံးစွဲလျက်ရှိသော ပမာဏနီးပါးကို မှာကြားရိုက်နှိပ် သိုလှောင်ထားရမည်ဖြစ်ပါကြောင်း၊ လှည့်လည်သုံးစွဲလျက်ရှိသော ငွေစက္ကူ Denomination တစ်ခုကို အပြည့်အဝလဲလှယ်ပေးနိုင်ရန်အတွက် ရိုက်နှိပ်သိုလှောင်ရမည်ဆိုပါက ဘီလီယံ ၁၀၀ ခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊ ၎င်းမှာ  Denomination တစ်ခုအတွက်ပင် ဖြစ်ပါကြောင်း၊ အားလုံးအသုံးများသည့် Denominations များအတွက် ရိုက်နှိပ်မည်ဆိုပါက ဘီလီယံ ၃၀၀ ခန့် ကုန်ကျဖွယ်ရှိပါကြောင်း၊ ပုံစံသစ်ငွေစက္ကူများ ထုတ်ဝေမည်ဆိုပါက လက်ရှိလှည့်လည် သုံးစွဲနေ သည့် ငွေစက္ကူများကိုလည်း ဖျက်ဆီးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်ပိုမိုများလာခြင်း၊ ပုံစံအမျိုးမျိုးရှိနေသည့်အတွက် ပြည်သူများက ငွေစက္ကူပေါ်တွင် ယုံကြည်မှုအားနည်း လာနိုင်ခြင်းတို့ကို ရှိလာနိုင်သည့်အတွက် လက်ရှိလှည့်လည်သုံးစွဲငွေများမှာ လဲလှယ်ရန် အခက်အခဲရှိနေသည့်အတွက် မိမိတို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများကို နိုင်ငံစီးပွားရေးတည်ငြိမ်သည့်အချိန်တွင် အနှောင့်အယှက် မဖြစ်စေနိုင်သော သင့်လျော်သည့် ကာလ၌ ပုဒ်မ ၆၅ နှင့် ပုဒ်မ ၆၆ ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ငွေစက္ကူရိုက်နှိပ်ရာတွင် ငွေစက္ကူဒီဇိုင်းရေးဆွဲခြင်း၊ ဒီဇိုင်းအတည်ပြုခြင်း၊ မှာကြားခြင်း၊ ရိုက်နှိပ်ခြင်း၊ ကြိုတင်သိုလှောင်ထားရှိခြင်း လုပ်ငန်းစဉ်များ ရှိသည့်အတွက် အချိန်ကာလတိကျစွာ သတ်မှတ်နိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။