နိုင်ငံတော်သည် တောင်သူလယ်သမားများအကျိုးအတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့ရာ အဆိုပါလယ်ယာမြေဥပဒေအရ လုပ်ပိုင်ခွင့်များနှင့် ခံစားပိုင်ခွင့်များလည်း ရရှိခဲ့သော်လည်း လယ်ယာမြေအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့က ဥပဒေအရ လုပ်ပိုင်ခွင့်များ ဆုံးဖြတ်ပေးခဲ့ကြပါကြောင်း၊ ရှုံးနိမ့်သူများသည် ဥပဒေအရ မြို့နယ်၊ ခရိုင်၊ တိုင်းတို့ကိုသာ အယူခံဝင်ရောက်ရန်ဖြစ်ပါကြောင်း၊ ရှုံးနိမ့်သူများသည် လူအုပ်ဖွဲ့၍ အနိုင်ယူပြီး အဓမ္မဝင်ရောက် ထွန်ယက်စိုက်ပျိုးကြသဖြင့် အနိုင်ရသူလယ်သမားများက လုပ်ပိုင်ခွင့်ရ စိုက်ပျိုးလုပ်ကိုင်ခြင်းအား အပြန်အလှန် တရားရုံးများတွင် တရားစွဲဆိုခြင်းကြောင့် ရုံးချိန်းများတွင် တစ်နှစ်နီးပါး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် ကြုံတွေ့ခံစားနေရပါကြောင်း၊ ရပ်/ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဥပဒေအရ တားမြစ်ထုတ်ပြန်ခြင်းများ ၃ ကြိမ်မှ ၄ ကြိမ်အထိ လိုက်နာခြင်းမရှိဘဲ တရားရှုံးခ အဓမ္မဝင်ရောက် ထွန်ယက်စိုက်ပျိုးခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကိုပါ ထိခိုက်စေပါကြောင်း၊ ဥပဒေကို လိုက်နာနေသော လယ်သမားများသည် တရားရုံးတွင်ရင်ဆိုင်ပြီး အနိုင်ရရှိပါလျက်နှင့် နောက်နှစ်မိုးတွင် ရှုံးနိမ့်သူက ထပ်မံ၍ အဓမ္မဝင် ရောက်ထွန်ယက်ခြင်းကြောင့် ပြန်၍ တရားစွဲဆိုရပါကြောင်း၊ လယ်သမားများသည် ဥပဒေမဲ့လုပ်ရပ်အပေါ် လယ်အတွက် တရားရုံးတွင် သံသရာလည်ပြီး ဘဝပျက်ခဲ့မှုများလည်း ရှိခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုး မှုနည်းပြီး နစ်နာမှုများ၊ ကုန်ကျမှုများဖြင့် ဒုက္ခရောက်နေခြင်းအား ဥပဒေအကာအကွယ်ပေးရန် လိုအပ်ပါကြောင်း လယ်ယာမြေဥပဒေနှင့် ကျေးရွာဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်သမားများအကျိုးအတွက် (၁) လယ်သမားများ အငြင်းပွားမှုတွင် ရပ်/ကျေး၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်အရ အနိုင်ရဒီဂရီရရှိထားသော လယ်ယာမြေတွင် ရှုံးသူလယ်သမားများက အဓမ္မဝင်ရောက်ထွန်ယက်ခြင်းအား မည်သို့တရားစွဲနိုင်ပါမည်နည်း။ (၂) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခြင်းသည် အချိန်တစ်နှစ်ကြာမြင့်ခြင်းကြောင့် နစ်နာမှုများအား မည်သို့ဆက်လက် အရေးယူ ဆောင်ရွက်ရမည်နည်း။ (၃) ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှု ဥက္ကဋ္ဌ(အုပ်ချုပ်ရေးမှူး)၏ တားမြစ်ချက်ကို လိုက်နားခြင်းမရှိလျှင် ထိရောက်ဟန့်တားသော မည်သည့် ဥပဒေအရ အရေးယူနိုင်မည်နည်း။ (၄) အနိုင်ဒီဂရီရရှိသူလယ်သမား ထွန်ယက်စိုက်ပျိုးနိုင်ရန်အတွက် ထွန်ယက်စိုက်ပျိုချိန်တွင် လုံခြုံရေး အကူအညီတောင်းခံလျှင် ခွင့်ပြုချက်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ (၅) လယ်သမားအငြင်းပွားမှုကိစ္စများတွင် အနိုင်ရရှိသူ လယ်သမားများ အေးချမ်းစွာဆောင်ရွက်နိုင်ရေးနှင့် လူအုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ကာကွယ်နိုင်စေရန် ဥပဒေများ၊ နည်းဥပဒေများ အသစ်ပြဋ္ဌာန်းရန်နှင့် ပြင်ဆင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
၃၀-၃-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၁၁)ဖြင့် လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၃၁-၈-၂၀၁၂ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာမြေနည်းဥပဒေကို ထုတ်ပြန်ခဲ့ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်လာမည်ဆိုပါက လယ်ယာမြေဥပဒေပုဒ်မ ၂၂ အရ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မူလမှုခင်းဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးခြင်း၊ ကြားနားခြင်း၊ ဆုံးဖြတ်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက လယ်ယာမြေဥပဒေပုဒ်မ ၂၃၊ ၂၄၊ ၂၅ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)တို့အရ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အဆင့်ဆင့်အယူခံဝင်ရောက်နိုင်ပြီး ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ(ဂ)အရ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်ကို ပြဋ္ဌာန်းထားပါကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၇-၅-၂၀၁၃ ရက်စွဲပါစာဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကနေ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများကို စစ်ဆေးဆုံးဖြတ်သည့်နေရာတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမထိခိုက်စေရေးနှင့် ဒေသတွင်းတောင်သူလယ်သမားများ အချင်းချင်း စည်းလုံးညီညွတ်မှု မပျက်ပြားစေရေးကို သတိပြု၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် အကြောင်းကြားထားရှိပါကြောင်း၊ အငြင်းပွားမှုစစ်ဆေးနေဆဲ ကာလအတွင်း ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်ဆုံးဖြတ်ပေးရန်၊ အငြင်းပွားမှုပြီးဆုံး၍ အနိုင်ရရှိသူသည် လက်ရှိလုပ်ပိုင်ခွင့် ရရှိထားသူဖြစ်ပါက ထိုသူအား ဆက်လက်လုပ်ပိုင်ခွင့်ပြုရန်နှင့် အနိုင်ရရှိသူသည် တိုင်ကြားသူဖြစ်ပါက စိုက်ပျိုးရာသီမမီခဲ့လျှင် နောက်တစ်ရာသီ သီးနှံစိုက်ပျိုးချိန်တွင် လုပ်ကိုင်ခွင့်ရရှိစေရေး ဆောင်ရွက်စေရန်၊ အငြင်းပွားမှုရှုံးသူသည် အချင်းဖြစ်မြေပေါ်တွင် စိုက်ပျိုးမှုမရှိသေးဘဲ ထွန်ယက်ထားပြီးဖြစ်ပါက မြေယာထွန်ယက်စရိတ်ကို သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်စေပြီး အမှုနိုင်သူက ပေးချေး၍ ဝင်ရောက်လုပ်ကိုင်စေရန် တို့ဖြစ်ပါကြောင်း။
လယ်ယာမြေဥပဒေ ပုဒ်မ ၃၅ အရ လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုတွင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ် အနည်းဆုံး ၆ လမှ အများဆုံး ၂ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံးကျပ် ၅ သိန်းအထိလည်း ချမှတ်နိုင်ပါကြောင်း၊ ထို့အပြင် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ရှုံးနိမ်သူလယ်သမားက ယင်းလယ်ယာမြေအတွင်း အဓမ္မ ဝင်ရောက်ထွန်ယက်ပါက သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားနိုင်ပြီး ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ (ရာဇဝတ်မကင်းတဲ့ကျော်နင်းမှု)အရလည်းကောင်း၊ ထိုကဲ့သို့ ကျူးလွန်မှုက သီးနှံပျက်စီးဆုံးရှုံးမှုကိုဖြစ်ပါက သက်ဆိုင်ရာဥပဒေပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)အရလည်းကောင်း တရားစွဲဆိုနိုင်ပါကြောင်း၊ သက်ဆိုင်ရာရဲစခန်းသည် အဆိုပါတိုင်ကြားချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေးပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ပြီး လယ်ယာမြေပိုင်ဆိုင်မှုအထောက်အထားနှင့် လိုအပ်သောသက်သေအထောက်အထားများ ပြည့်စုံစွာ ပြုစုရပါကြောင်း၊ ထို့နောက် မြို့နယ်ဥပဒေအရာရှိ၏ ဥပဒေအကြံပြုချက်ရယူပြီး သက်ဆိုင်ရာ တရားရုံးများသို့ တရားစွဲဆို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှုများ ပြီးပြတ်နိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းများအနေဖြင့် တရားရုံများမှ ဆင့်ခေါ်သက်သေများကို စနစ်တကျ ဆင့်ဆိုပေးလျက်ရှိပါကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခြင်းသည် ရာဇဝတ်မကင်းသော ကျော်နင်းမှုအရသာ ဆောင်ရွက်ခြင်းဖြစ်ပြီး မြေယာပိုင်ဆိုင်မှုများနှင့် ပတ်သက်ခြင်းမရှိပါကြောင်း၊ ထိုကဲ့သို့ တရားစွဲဆိုပြီးနောက် အနိုင်ဒီဂရီရရှိသော ကျူးကျော်ခံရသူအနေဖြင့် အချိန်၊ ငွေကြေးနှင့် အကျိုးစီးပွားများ နစ်နာဆုံးရှုံးခဲ့မည်ဆိုပါက ဆုံးရှုံးခဲ့မှုကို တရားမအမှုနှင့် သက်ဆိုင်ရာတရားရုံးများသို့ ဦးတိုက်လျှောက်ထား စွဲဆိုရမည်ဖြစ်ပါကြောင်း။
လယ်ယာမြေဥပဒေပုဒ်မ ၃၉ မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်ဆင့်တွင် ပါဝင်သောအဖွဲ့များသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁ ပါ အဓိပ္ပာယ်အရ ပြည်သူဝန်ထမ်းများ ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌမှ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ဝတ္တရားအရ ဆောင်ရွက်ခြင်းကို ပြန်လည်၍တားဆီးခြင်း၊ လက်ရောက်ကျူးလွန်ခြင်း၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုခြင်း ဆောင်ရွက်သူကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၅၃ အရ ၂ နှစ်အထိ ထောက်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ ထို့အပြင် အဆိုပါဖြစ်စဉ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုဥက္ကဋ္ဌအား အလိုအလျောက်နာကျင်မှုဖြစ်ပေါ်စေပါက ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ် ၃၃၂ အရလည်းကောင်း၊ အပြင်းအထန်နာကျင်စေမှုဖြစ်ပေါ်စေပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃ အရလည်ကောင်း ထပ်မံ၍ တရားစွဲဆိုဆောင်ရွက်နိုင်ပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက် ၄ ရပ် ချမှတ်ထားရှိဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများအလိုက် လယ်ယာမြေလုံခြုံရေး စီမံချက်များ ရေးဆွဲထားရှိပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လယ်ယာမြေ ထွန်ယက်စိုက်ပျိုးချိန်တွင် လုံခြုံရေး အကူအညီ တောင်းခံလာမည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်သမားများ အေးချမ်းသာယာစွာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေး လူအုပ်စုဖွဲ့ အနိုင်ကျင့်မှုများကို ကာကွယ်နိုင်ရေးများနှင့် စပ်လျဉ်းပြီး လယ်ယာမြေကျူးကျော်မှုများအတွက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ လူကိုသော်လည်းကောင်း၊ ပစ္စည်းကိုသော်လည်းကောင်း ထိခိုက်နစ်နာစေသောပြစ်မှုများ ကျူးလွန်လာပါက ပြစ်မှုဆိုင်ရာဥပဒေ၊ အထူးနှင့် အထွေထွေဥပဒေများဖြင့် ကာကွယ်ထားပြီးဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေအသစ်များ ပြဋ္ဌာန်းရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
