(ဃ)-လမိုင်းမှ အာယုတောင်ထိ ကျေးရွာချင်းဆက် လမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ်သို့ တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၉)ရက်မြောက်နေ့ (၆.၄.၂၀၁၅)

ဒေါ်မိမြင့်သန်း (ရေး)သောင်ပြင်ကျေးရွာရှိ ပြည်သူလူထု၏ ထည်‌့ဝင်ငွေနှင့် ကျေးရွာချင်းဆက်လမ်း မဟုတ်ဘဲ ကျေးရွာအတွင်း လမ်းများကို ပြုပြင်ဆောင်ရွက်နေရပါကြောင်း၊ တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀၀၊ ၃၀၀၀၀၀ မှ ၁၀၀၀၀၀၀ ပတ်ဝန်းကျင်အထိ ပေးဆောင်နေကြရသည့်အတွက်၊ ရာဘာဈေးကျနေသည့် အချိန်ကာလတွင် ထည့်ဝင်ငွေသည် အခက်အခဲဖြစ်နေပါကြောင်း၊ တချို့က လမ်းထောင့်ကျသည့် အိမ်ဖြစ်နေသောကြောင့် လမ်း၏မျက်နှာစာ နှစ်ဖက်အနေနှင့် ဆောင်ရွက်ရခြင်းရှိပါကြောင်း၊ မိမိ၏ Slide တွင်ပြထားသည့် ဓာတ်ပုံများဆိုလျှင် ဆောင်ရွက်ထားသည့် လမ်းပိုင်းဖြစ်ပြီး ရွာတွင်း ဆောင်ရွက်ထားသည့် လမ်းပိုင်းရှိပါကြောင်း၊ ၎င်း ဆောင်ရွက်ထားသည့် လမ်းပိုင်းမှာ ၂ မိုင်ခန့်ပြီးဆုံးနေပြီး ၂ မိုင်ကျော်ကျော် ကျန်ရှိနေပါသေးကြောင်း၊ ထို့ကြောင့် ရွာအတွင်းမဟုတ်ဘဲနှင့် ရွာချင်းဆက်လမ်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

ရေးမြို့နယ်အတွင်းရှိ လမိုင်းမြို့ကနေ သောင်ပြင်-တောင်ဘုံ-အာယုတောင် ကျေးရွာအုပ်စုချင်းဆက်လမ်း ရေးမြို့နယ်မှ လမိုင်းမြို့နယ်သို့ ဆက်သွယ်ထားသော အတွင်းလမ်းဖြစ်ပြီး ကျေးရွာနေပြည်သူများမှ အားကိုး အားထားပြု၍ သွားလာနေကြသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို အိမ်ထောင်စု ၅၀၀၀ ကျော်နှင့် လူဦးရေ ၃၁၉၁၄ ဦး တို့သွားလာနေသော လမ်းလည်းဖြစ်ပါကြောင်း၊ မိုးအခါတွင် မြေသားလမ်းမှာ ဆိုးရွားစွာပျက်စီးပြီး သွားလာမှုအဆင်မပြေဘဲ အခက်အခဲများစွာ ဖြစ်နေပါကြောင်း၊ ၎င်းမြေသားလမ်းကို ကတ္တရာလမ်းအဖြစ်သို့ တိုးမြှင့်ပေးနိုင်ပါရန် ကျေးရွာနေပြည်သူများမှ လိုအပ်သော ကျောက်များကိုလည်း ကျေးရွာအုပ်စုအပိုင်းအလိုက် စုဆောင်းထားရှိပြီးဖြစ်ပါသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနှင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

 ဒုတိယဝန်ကြီး ဦးတင်ငွေမွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်း-သောင်ပြင်-တောင်ဘုံ-အာယုတောင်ကျေးရွာချင်းဆက်လမ်း အရှည်သည် ၁၀ မိုင်နှင့် ၄ ဖာလုံရှိပါကြောင်း၊ အဆိုပါလမ်းကို ကတ္တရာလမ်းခင်းမည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ၉၁၃.၆၀၅ သန်းခန့်ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း၊ မွန်ပြည်နယ် တစ်နယ်လုံး အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် လမ်းတံတား ခွင့်ပြုရန်ပုံငွေသည် ယခုနှစ်အပေါ်တွင် ၃.၇၅ ဘီလီယံရှိပြီး မိုင်အားဖြင့် ကတ္တရာလမ်း ၁၃ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၂၃ မိုင် ၁ ဖာလုံနှင့် မြေသားလမ်း ၅၁ မိုင် ခွင့်ပြုခဲ့ပါကြောင်း၊ ရေးမြို့နယ်၏ အချုပ်အနေဖြင့် ပြောရမည်ဆိုလျှင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ယခုနှစ်တွင် ၅၉၇.၄၅ သန်း၊ ကတ္တရာလမ်း ၂ မိုင်၊ ကျောက်ချောလမ်း ၂ မိုင်၊ မြေသားလမ်း ၂၁ မိုင် စုစုပေါင်း ၂၅ မိုင် ခွင့်ပြုခဲ့ပါကြောင်း၊ ယခု ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့်စာရင်းထဲတွင်လည်း ၃ မိုင် အရှည်ရှိသည့် ရေးမြို့နယ်အတွက် ကျပ်ငွေ ၄၁၁.၄၃ သန်း ခွင့်ပြုလျာထားပြီးဖြစ်ပါကြောင်း၊

ရေးမြို့နယ်အတွင်းရှိ လမိုင်း-သောင်ပြင်-တောင်ဘုံ-အာယုတောင် ကျေးရွာချင်းဆက်လမ်းနှင့် ပတ်သက်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် မိမိတို့ ခွင့်ပြုထားခြင်းမရှိပါကြောင်း၊ လတ်တလော ဆောင်ရွက် ထားခြင်းလည်း မရှိကြောင်း၊ သို့သော်လည်း အခြေအနေအရဆိုလျှင် ၁၀ မိုင်နှင့် ၄ ဖာလုံရှိသည့် ရွာ (၄)ရွာအတွက် ကတ္တရာလမ်းအဖြစ်ဆောင်ရွက်မည်ဆိုလျှင် ၉၁၃.၆ သန်း လောက်ကုန်ကျ မည်ဖြစ်ပါကြောင်း၊ တစ်စိတ်တစ်ပိုင်းကို ပြည်သူလူထုမှ ထည်‌့ဝင်ထားသည့် အတွက်ကြောင့် မိမိတို့ ထောက်ပံ့ငွေအဖြစ် ကတ္တရာ သို့မဟုတ် လိုအပ်သည့်အရာများကို တွက်ချက်ပြီး ၁၀ မိုင်လုံး မတတ်နိုင်သော်လည်း ၂ မိုင်၊ ၃ မိုင် လျာထားပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန