(ခ)-လယ်သမားများအတွက်အထွက်ကောင်းမျိုးသန့် စပါးများကိုအရည်အသွေးမီရန်နှင့်အလုံအလောက်ရ ရှိနိုင်ရန်ဝန်ကြီးဌာနအနေဖြင့်မည်သို့အစီအမံများပြု လုပ်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၃)ရက်မြောက်နေ့ (၉.၃.၂၀၁၅)

ဦးသိန်းထွန်း (ကျောင်းကုန်း)မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ မျိုးကောင်းမျိုးသန့်များရရှိရေးမှာ အထူးလိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သော စပါးသည် နွေ၊ မိုးစိုက်ဧက သန်း ၂၀ ခန့်ရှိရာ မျိုးစပါးတင်း သန်း ၃၀ ခန့် နှစ်စဉ်လိုအပ်လျက်ရှိပါကြောင်း၊ အထူးအထွက်ကောင်းမျိုးဖြစ်သော စိုက်ပျိုးစပါးများကို ရေတော်၊ မိုးတော်မှသာ စိုက်ပျိုးနိုင်ခြင်း၊ သိပ္ပံနည်းကျဖြစ်သာ စိုက်ပျိုးနိုင်ခြင်း၊ မျိုးဈေးကြီးမြင့်ခြင်း၊ မျိုးအဖြစ်ပြန်လည် အသုံးပြု၍မရခြင်း၊ တောင်သူလယ်သမားအများစုနှင်‌့ ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊ ဒေသဈေးကွက်နှင့် တွက်ခြေကိုက်မှုမရှိခြင်းတို့ကြောင့် မျိုးပြန်လည်ရယူနိုင်သော အထွက်ကောင်းမျိုးစေ့၊ မျိုးသန့်များကိုသာ တောင်သူလယ်သမားအများစုမှာ လိုအပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်လည်း လွယ်ကူသည့်လုပ်ငန်း မဟုတ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသလိုအပ်လျက်သော မျိုးသန့်စပါးများကို ဖြန့်ဖြူးနိုင်ရန် စိုက်ပျိုးရေးပညာရှင်များနှင့် မျိုးစေ့ထုတ်ခြံများ တိုးချဲ့ဆောင်ရွက်သွားမည်ဆိုပါက ပိုမိုသင်‌့တော်မည်ဖြစ်ပါ၍ တောင်သူလယ်သမားများ အမှန်တစ်ကယ် လိုအပ်လျက်ရှိသော အထွက်ကောင်းမျိုးသန့်များကို လုံလောက်စွာရရှိနိုင်ရေးအတွက် မည်ကဲ့သို့အစီအမံများ ပြုလုပ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော စပါးမျိုးများအား စိုက်ပျိုးနေသည့်နေရာတွင် စပ်မျိုးစပါးအုပ်စု Hybrid နှင့် မျိုးချန်၍ရသော စပါးမျိုး Open- pollinated Variety ဟူ၍ အုပ်စုကြီး ၂ စုဖြင့် စိုက်ပျိုးနေပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ စုစုပေါင်း စပါးစိုက်ဧရိယာ၏ ၃ ရာခိုင်နှုန်းသည် စပ်မျိုးစပါးများ စိုက်ပျိုးပြီး အထွက်ကောင်းမျိုး High-yielding Variety၊ ဆန်အရည်အသွေးနှင့် စားသုံးမှုအရည်အသွေး ကောင်းမွန်သောမျိုး High- quality variety နှင့် ဒေသမျိုးများဖြစ်သည့် Local variety စသည့် မျိုးချန်၍ရသော OPV မျိုးများကို စုစုပေါင်း စိုက်ဧရိယာ၏ ၉၇ ရာခိုင်နှုန်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မျိုးချန်၍ရသော စပါးမျိုး OPV ၏ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်မှုသည် အလွန်အရေးကြီးသော လုပ်ငန်းတစ်ခုအနေဖြင့် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗီဇတည်ငြိမ်သော မျိုးကောင်းမျိုးသန့် ရရှိစေရန် မျိုးကူးစက်မွေးမြူရွေးချယ်ခြင်း၊ ပြည်ပမှမျိုးများတင်သွင်းရွေးချယ်ခြင်း၊ ပြည်တွင်းမျိုးများ စုဆောင်းရွေးချယ်ခြင်း၊ တစ်သျှူးနည်းဖြင့် မွေးမြူရွေးချယ်ခြင်း၊ မျိုးထွန်းနည်းဖြင်‌့ မွေးမြူရွေးချယ်ခြင်း၊ ဇီဝနည်းပညာဖြင့် ပူးပေါင်းမွေးမြူရွေးချယ်ခြင်းတို့ ဆောင်ရွက်ရပါကြောင်း။

မျိုးတစ်မျိုး မွေးမြူထုတ်လုပ်သည့်နေရာတွင် အထွက်မိတ်ဖက်လက္ခဏာကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ခြင်းစသည့် စဉ်ဆက်မပြတ်စစ်ဆေးခြင်းတို့ကို သားဆက် ၆-၈ အထိ အဆင့်ဆင့်ရွေးချယ်ပြီး ဗီဇတည်ငြိမ်မှုရှိခြင်း၊ အထွက်နှုန်းမြင်‌့မားတည်ငြိမ်ခြင်း၊ ဒေသနှင့်ကိုက်ညီခြင်း၊ စားသုံးမှုကောင်းခြင်း၊ ဆန်အရည်အသွေးကောင်းခြင်းစသည့် အရည်အချင်းများနှင့် ပြည့်စုံမှသာလျှင် မျိုးအဖြစ် ထုတ်ဝေရသည့်အတွက် မျိုးတစ်မျိုးသည် စတင်မွေးမြူသည်မှ ထုတ်လုပ်သည်အထိ ၇ နှစ်မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထုတ်လုပ်ရရှိသော မျိုးကို မိဘမျိုးစေ့ (Beeder Seed)၊ ဆင်‌့ပွားမျိုးစေ့ (Foundation Seed)၊ မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed) နှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) ဟူ၍ အဆင်‌့များခွဲခြာပြီး မျိုးပွားထုတ်လုပ်ရပါကြောင်း။

မျိုးသစ်တစ်မျိုးသည် တီထွင်ထုတ်လုပ်ရာတွင် အပင်မျိုးမွေးမြူရေးပညာရှင် Breeder များမှ ထုတ်လုပ်ပေးနိုင်သဖြင့် မြန်မာနိုင်ငံတွင် မျိုးသစ်ထုတ်လုပ်မှုသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက Breeder များကသာ မျိုးသစ်ကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍမှာ မျိုးမွေးမြူပညာရှင်များ ပေါ်ထွက်လာနိုင်ရန် အပင်မျိုးမွေးမြူသူများ၏ အခွင့်အရေးများ၊ အကာအကွယ်များ ရရှိနိုင်သော အပင်မျိုးသစ်ကာကွယ်ရေးဥပဒေ (Plant Variety Protection Law) ကို မိမိတို့ လယ်ယာစိုက်ပျိုးရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရေးဆွဲထားပြီးဖြစ်ပြီး နိုင်ငံတော်အစိုးရအဖွဲ့မှ တစ်ဆင့် လွှတ်တော်ကိုလည်း တင်ပြထားပြီးဖြစ်ပါကြောင်း။

၂၀၁၄-၁၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိဘမျိုးစေ့ ၈၈.၅၂ တင်းအား ဆင့်ပွားမျိုးစေ့ ၁၀၄၅ တင်းထုတ်လုပ်ပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိ ဌာနပိုင်ခြံများတွင် မျိုးသန့်မျိုးစေ့ (Register Seed) တင်း ၁.၂ သိန်း ထုတ်လုပ်ဖြန့်ဖြူးခဲ့ပြီး အကျိုးဆောင်တောင်သူများ၊ မျိုးသန့်စံပြရွာများ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်သူများအား ၎င်းမျိုးသန့်မျိုးစေ့များကို အသုံးပြုပြီး စီးပွားဖြစ်မျိုးသန့်မျိုးစေ့ ဧက ၈၀၈၅၄ စိုက်ပျိုးနိုင်ခဲ့ပြီး မျိုးစေ့တင်းပေါင်း ၇.၂၅ သန်း ထုတ်လုပ်ပေးခဲ့ပါကြောင်း၊ ၎င်းထုတ်လုပ်ခဲ့သော Certified Seed  မျိုးသန့်မျိုးစေ့များကို လယ်သမားများက နောက်ထပ်မျိုးလဲလှယ်စရာမလိုဘဲ ၃ နှစ်အထိ ဆက်လက်စိုက်ပျိုး၍ ရပါကြောင်း၊ သို့သော် စံပြရွာရှိ ထုတ်လုပ်သောမျိုးများကို တောင်သူစံပြရွာ၊ တောင်သူလယ်သမားများက မျိုးကို ချက်ခြင်း ရောင်းလိုကြသော်လည်း စိုက်ပျိုးသော တောင်သူလယ်သမားများက စပါးစိုက်ရန် နီးမှသာ ရယူလိုကြသည့်အတွက် ကွဟချက်များဖြစ်ပြီး မျိုးသန့်စံပြရွာကထုတ်လိုက်သော Certified Seed  များသည် ဂရိန်အဖြစ် ရောက်ရှိသွားသည်များကို တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် Certified Seed များကို ထုတ်လုပ်သောနေရာတွင် ပုဂ္ဂလိကအခန်းကဏ္ဍ အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် မြောင်းမြခြံ၊ ဟင်္သာတခြံ၊ တံခွန်တိုင်ခြံ၊ သရောင်းချောင်းခြံတွင် မျိုးသန့်မျိုးပွားမျိုးစေ့များကိုလည်းကောင်း၊  ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင်များဖြစ်သော ကဉ္စနကျွန်းသာ၊ ဧရာဟင်္သာကုမ္ပဏီ၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့များ၌ ဦးလှမိုး၊ တောင်ငူမြို့နယ်၌ ဦးသန်းမြင့်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ဦးမျိုးသန့်နှင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မိုးသီတာကုမ္ပဏီတို့မှ Certified Seed  မျို့သန့်မျိုးစေ့များကို ထုတ်လုပ်ပေးလျက်ရှိပါကြောင်း။

ထို့အပြင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency-JICA) ၏ အထောက်အပံ့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ‌မြောင်းမြမြို့နယ်၊ ဟင်္သတမြို့နယ်နှင့် လပွတ္တာမြို့နယ်များတွင် တောင်သူများပါဝင်သော မျိုးသန့်ပွားများရေးစီမံကိန်းကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လက်ရှိစိုက်ပျိုးလျက် မျိုးသန့်မျိုးကောင်းများအပြင် အလားအလာရှိသော မျိုးများအဖြစ် ဘက်တီးရီးယားရောဂါဒဏ် ခံနိုင်ရည်ရှိသော ဆင်းသုခနှင့် အနောသုခ စပါးမျိုးများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ရေကြီးကွင်းများအတွက် ရေမြုပ်ခံစပါးနှင့် ဆားငံဒေသများအတွက် ဆားငံခံ ဆင်းသွယ်လတ်စပါးမျိုး မျိုးကောင်းမျိုးသန့်များကို ဧက၂ ၈၀၀၀၀ ကျော်ထိ ဆက်လက်ပွားများစိုက်ပျိုးထားပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလားသည်နှင့်အမျှ ‌ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်နိုင်မည့် သီးနှံမျိုးများကို ‌ပြောင်းလဲစိုက်ပျိုးမှသာ ရေရှည်တည်တံ့သော လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွက် စပါးသီးနှံကို အကန့်အသတ်နှင့် စိုက်ပျိုးကြရာ အထွက်နှုန်းကျဆင်းနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အပူဒဏ်ခံနိုင်သော၊ ရေငတ်ဒဏ်ခံနိုင်သော စပါးမျိုး၊ မျိုးကောင်းမျိုးသန့်များကိုလည်း ပွားများထုတ်လုပ်လျက်ရှိပါကြောင်း။        

မြန်မာနိုင်ငံတွင် စားသုံးမှုအကောင်းဆုံးဖြစ်သော ပေါ်ဆန်းမွှေးစပါး ရာသီစပါးသည် နေ့တာတုံပြန်မှုရှိ၍ မိုးတွင်း၌သာ စိုက်ပျိုး၍ရခြင်းမှ တစ်နှစ်ပတ်လုံး နွေ၊ မိုး၊ ဆောင်း ရာသီမရွေးစိုက်နိုင်ခြင်း၊ နေ့တာတုံပြန်မှုမရှိခြင်း၊ ယိုင်လဲမှုဒဏ်ခံနိုင်ခြင်း၊ စားသုံးမှုအရည်အသွေး ပိုမိုကောင်းမွန်စေခြင်း၊ အမွှေးရနံ့များပါရှိခြင်း၊ အသက်ရက်(၁၁၀-၁၁၅ရက်)တိုစေခြင်း၊ မိခင်ပေါ်ဆန်းမွှေး အထွက်နှုန်းထက် ပိုမိုများစွာ သာလွန်ထွက်စေခြင်းတို့ အချက်များပါဝင်သည့် ပေါ်ဆန်းမွှေးမျိုးသစ်စပါးကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာနရှိ ပညာရှင်များက Anther Culture နည်းပညာကို အသုံးပြု၍ သုတေသနပြုဖော်ထုတ် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အဆိုပါ ဖော်ထုတ်ရရှိသော ပေါ်ဆန်မွှေးစပါးမျိုးသစ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ‌မြောင်းမြမြို့နယ်၊ ကျုံဝါးငါးမိုင် ကျေးရွာအုပ်စု၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ရှိ ဌာနပိုင်မျိုးစေ့ခြံများတွင် နွေစပါးအဖြစ် ဒီဇင်ဘာလကုန်မှ စတင်ပျိုးထောင်ပြီး စိုက်ပျိုး၍ ယနေ့အထိ အသက်ရက် ၇၀ ကျော်ရရှိပြီး အောင်မြင်ဖြစ်ထွန်းနေသည်ကို တွေ့ရှိရပါကြောင်း။

သ့ိုဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မျိုးရိုးထိတ်လုပ်ငန်းများ (Seed Industry) ပေါ်ထွန်းလာရေးအတွက် ရင်းနှီးမြှပ်နှံသူများအား စည်းရုံးဆောင်ရွက်သွားကြရန်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာနအနေဖြင့် မျိုးစေ့ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း၊ မျိုးစေ့မှတ်ပုံတင်ခွင့်ပြုခြင်း၊ မျိုးစေ့စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦး‌သိန်းထွန်း (ကျောင်းကုန်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ဖြေကြားချက်မှာ  ပြည့်စုံကောင်းမွန်ပါကြောင်း၊ ဧရာဝတီတိုင်းတွင် စိုက်ဧက ၃၈ သိန်းခန့်ရှိသည့်အနက် မျိုးပွားခြံသည် ၄ ခုလောက်သာ ရှိပါကြောင်း၊ ထို့အတူ တစ်နိုင်ငံလုံးတွင် စိုက်ဧက သန်း ၂၀ ခန့်တွင် မျိုးပွားခြံ ၃၀ ခန့်သာ ရှိပါကြောင်း၊ ထို့ကြောင့်  မိမိဒေသက လိုအပ်သောမျိုးကို စိုက်ပျိုးရေးခြံများက မည်သို့မှ မရပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနတစ်ခုတည်းနှင့်လည်း တစ်နိုင်ငံလုံးရှိ မျိုးများကို မည်သို့မှ လုပ်ပေး၍ မရပါကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့်နှစ်က အစိုးရအဖွဲ့မှာပင် မျိုးနှင့်ပတ်သက်ပြီး လိုအပ်ပါသဖြင့် တောင်းသည့်အခါ မပေးနိုင်ပါသဖြင့် ဒုတိယဝန်ကြီး တင်ပြခဲ့သော သက်ဆိုင်ရာကုမ္ပဏီများထံမှ မျိုးစေ့ဝယ်လိုက်သည့်အခါ မျိုးစေ့များသည် မပေါက်၍ ပြန်ပေးရသည်များရှိပါကြောင်း၊ စိုက်ပြီးသည့်အခါမှ အတိုအရှည်မညီသော မျိုးများ၊ မကောင်းသောမျိုးများကို တွေ့‌ခဲ့ရသည်ဖြစ်၍ ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော်တွင် သုတေသန ပြုလုပ်ပြီး ပညာရှင်ပေါင်းမြောက်များစွာဖြင့် တကယ့်ခြံကြီးများရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် ကျွမ်းကျင်သောပညာရှင်များနှင့် ပေါင်းစပ်ပြီး တကယ့်စိုက်ပျိုးရေးခြံများ၊ ကိုယ့်ဒေသအတွက်လိုအပ်သော စပါးမျိုးများကို စိုက်ပျိုးရေးခြံများသာ လုပ်ထားမည်ဆိုပါက မိမိဒေသနှင့် လုံလောက်သော အနေအထားရှိသည့်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်ထောင်စုနယ်မြေကဲ့သို့ မျိုးပွားခြံများကို ထပ်ဆင့်ပြီး လုံလောက်သည်အထိ ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း 

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင် မျိုးသန့်တစ်ခုကို ထုတ်လုပ်သည့်အခါ အဆင့် (၄) ဆင့် ဆောင်ရွက်ရပါကြောင်း၊ အဆင့် (၄) ဆင့်ကို ဆောင်ရွက်ရာ၌ ဌာနပိုင်ခြံများတွင် အဆင့်နှစ်ဆင့်ကို အဓိကထားပြီး ဆောင်ရွက်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စပါးမျိုးပွားသောခြံပေါင်း ၁၀၀ ခန့်ရှိပြီး မျိုးပွားပြီး ဆောင်ရွက်သည့်အခါ အဓိကအားဖြင့် မှတ်ပုံတင်မျိုးစေ့အဆင့် (Register Seeds) အထိသာ ထုတ်ပေးနိုင်ပါကြောင်း၊ ပွားနိုင်ရန် သက်ဆိုင်ရာမြို့နယ်အလိုက် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ သို့မဟုတ် သက်ဆိုင်ရာစံပြရွာများ၊ မျိုးထုတ်သည့် စံပြရွာများ ပေါ်ပေါက်လာအောင် လုပ်နိုင်မှသာလျှင် လိုချင်သော ၁၅ သန်း မိုးစပါးအတွက် မျိုးသည် သုံးနှစ်တစ်ကြိမ် လဲနိုင်မည်ဖြစ်ပါကြောင်း၊ သုံးနှစ်တစ်ကြိမ်လဲနိုင်ရန် Breeder Seeds ကို တင်း ၁၀၀ ခန့် ထုတ်ပေးရုံဖြင့် မိမိတို့က သုံးနှစ်တစ်ကြိမ်လဲနိုင်မည့်အဆင့်အထိ ရနိုင်ပါကြောင်း၊ သို့သော်လည်း အခု ကွာဟချက်ဖြစ်နေသည်မှာ အဓိက တိုင်းဒေသကြီး/ပြည်နယ်များတွင်  စီးပွားဖြစ်မျိုး (Certify Seeds) ကို ထုတ်ပြီး စံပြရွာများက ထုတ်လိုက်သည့်အတွက် တောင်သူများက တိုက်ရိုက်မရောက်တော့ဘဲ ထုတ်လုပ်သူက ချက်ချင်းရောင်းပါက ဝယ်သူများက မျိုးစေ့မရသည့် စိုက်ခါနားနီးမှ ဝယ်ချင်ကြသည့်အတွက် ကြားထဲတွင် သုံးလခန့် ကွာဟချက်အပေါ် ရောင်းချကြသည့်အတွက် အားလုံး မျိုးအဖြစ် မဖြစ်ခြင်းဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များတွင်  မျိုးသန့်များ ရရှိနိုင်စေရန်အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ယခုနှစ်မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင်  Seeds လတ် များကို တည်ထောင်ရန် ခိုင်းခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် ကရင်ပြည်နယ်တွင် တည်ထောင်ထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း တည်ထောင်ထားပြီး အထက်မြန်မာပြည် မန္တလေးတိုင်းဒေသကြီးတွင် အထက်မြန်မာပြည်မှာ Seeds Lab ဆိုသည့် Seeds Testing Lab ဆိုသည့် မျိုးများကို စမ်းသပ်ပြီး ကောင်းခြင်း၊ မကောင်းခြင်းကို အမျိုးအစားအလိုက် Certification ပေးသည့်စနစ်ကို စတင်လုပ်ဆောင်နေပြီး စိုက်ခင်းများတွင်လည်း လိုက်လံစစ်ဆေးနေပါကြောင်း၊ သို့သော် စိုက်ခင်းအားလုံးတွင် ပြန့်နှံ့အောင် မရနိုင်သည့်အတွက် ကွာဟနေသော Seeds Grower နှင့် Seeds Distributor ကြားတွင် Investment လုပ်မည့် ကြားခံကုမ္ပဏီတစ်ခု သော်လည်းကောင်း ဖြန့်ဖြူးပေးမည့်လုပ်ငန်းတစ်ခုသည် ယခုအချိန်တွင် MAPCO က လုပ်နေသော်လည်း အတိုင်းအတာဖြင့် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။