ဆေးရုံစီမံခန့်ခွဲမှု လက်စွဲစာအုပ်တွင် ပါသည့်အတိုင်း တစ်နိုင်ငံလုံးရှိ အထွေထွေ ရောဂါကု ဆေးရုံကြီးများတွင် ခွဲစိတ်ခန်း ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို တင်ပြမေးမြန်းသွားမည် ဖြစ်ကြောင်း၊ ဆေးရုံကြီးတွင် တက်ရောက်ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများအတွက် ကောင်းမွန်သည့် ရလဒ်ခံစားနိုင်စေရန် ရည်ရွယ်ပြီး မေးမြန်းခြင်းဖြစ်ကြောင်း၊ ခွဲစိတ်ခန်း စိတ်ချရစေရန်အတွက် ခွဲစိတ်ခန်း ပိုးမွှားသန့်စင်ရန် လိုအပ်ပါကြောင်း၊ ခွဲစိတ်ခန်းများတွင် အသုံးပြုသည့် ပစ္စည်းနှင့် ဆေးဝါးများ စံချိန်စံညွှန်း ပြည့်မီရန် လိုအပ်ကြောင်း၊ ခွဲစိတ် ဆရာဝန်များနှင့် မေ့ဆေး ဆရာဝန်များအကြား အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ရန် အထူး လိုအပ်လျက် ရှိကြောင်း၊ တာဝန်များ အသီးသီး တိတိကျကျ သတ်မှတ်ပြီး ပူးပေါင်း ဆောင်ရွက်ကြမှသာ ခွဲစိတ်ခန်းအတွင်း တာဝန်ရှိသူများနှင့် ခွဲစိတ်ခံရသည့် လူနာများအတွက် အဆင်ပြေ ချော့မွေ့မည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ခွဲစိတ် ဆရာဝန်များနှင့် မေ့ဆေး ဆရာဝန်များ ပူးပေါင်းအဖွဲ့နှင့် စနစ်တကျ ဖွဲ့စည်းပြီး ပုံမှန်အစည်းအဝေးနှင့် အခါအားလျော်စွာ ကျင်းပသည့် အစည်းအဝေးများ ပြုလုပ်ပြီး လူနာများအတွက် အကောင်းဆုံး ရလဒ်ရရှိစေရန် ဆောင်ရွက်ကြသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ဆေးရုံ စီမံခန့်ခွဲမှု လက်စွဲ စာအုပ်ပါအတိုင်း ဆေးရုံများ လည်ပတ် အလုပ်လုပ်ကြသည်ကို သိရပါကြောင်း၊
ဆေးရုံ စီမံခန့်ခွဲမှု လက်စွဲစာအုပ် အခန်း(၁၈) နံပါတ် (၃) ကြီးကြပ်ကွပ်ကဲခြင်း ဆိုသည့် အပိုဒ်တွင် ခွဲစိတ်ခန်းကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့၏ တာဝန် လုပ်ပိုင်ခွင့်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အတိအကျ အကျယ်အဝင့် ရေးထားသည်ကို တွေ့ရသော်လည်း လက်တွေ့တွင် ဆေးရုံများစွာတွင် စနစ်တကျ ဖွဲ့စည်းထားခြင်း မရှိဘဲ အဆင်ပြေသလို အလုပ်လုပ်ကြသည်ကို သိရပါကြောင်း၊ ကော်မတီ ဖွဲ့စည်းပြီး အလုပ်လုပ်ခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း မပြု အဆင်ပြေသလို အလုပ်လုပ်ကြသည်ကို ရလဒ်များစွာ ကွာခြား သည်ဆိုသည့် အချက်ကို လူတိုင်းသိရှိ နားလည်မည်ဟု ထင်ပါကြောင်း၊ မိမိတို့ နိုင်ငံရှိ ဆေးရုံများ၏ ခွဲစိတ်ခန်းတွင် ပိုးမွှားသန့်စင်မှု၊ အသုံးပြုသည့် ဆေးဝါးနှင့် ပစ္စည်းများ၏ အရည်အသွေး ပြည့်မီမှု ရှိ/မရှိ မေးခွန်းထုတ်စရာ ဖြစ်နေပါကြောင်း၊ အထူးတင်ပြလိုသည့် တစ်ချက်သည် ခွဲစိတ်ခန်း ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းထားခြင်း မရှိသည့်အတွက် ခွဲစိတ် ဆရာဝန်ကြီးများနှင့် မေ့ဆေး ဆရာဝန်များအကြား ညှိနှိုင်းမှု အားနည်းသည့် ကိစ္စ ဖြစ်ကြောင်း၊ အထူးသဖြင့် ခွဲစိတ် ဆရာဝန်ကြီးများနှင့် မေ့ဆေးဆရာဝန်များ ကြားတွင် စည်းကျော် ဘောင်ကျော်များ လုပ်ကြပြီး ချောမွေ့စွာ အလုပ် မလုပ်နိုင်ကြသည့်အတွက် ခွဲစိတ်ခံရသည့် လူနာများတွင် များစွာ ထိခိုက်နိုင်ကြောင်း၊ ထိခိုက်လျက် ရှိကြောင်းကို သတိပြုရန် အထူးလိုအပ်ပါသည့်အတွက် တင်ပြ မေးမြန်းပါသည်။
ပြည်သူ့ ဆေးရုံများတွင် ဆေးရုံများ စီမံခန့်ခွဲမှုအတွက် ဆေးရုံ စီမံခန့်ခွဲမှု လက်စွဲစာအုပ် ရိုက်နှိပ် ထုတ်ဝေထားပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် နောက်ဆုံး ထွက်ရှိထားပြီး ၎င်းစာအုပ်တွင် ခွဲစိတ်ခန်း၏ အခန်းကဏ္ဍ၊ အဓိက လုပ်ငန်း၊ လုပ်ငန်းဆောင်ရွက်ပုံ ကြီးကြပ်ကွပ်ကဲခြင်း၊ အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ခွဲစိတ်ခန်း ဖွဲ့စည်းပုံ၊ ဇုန်သတ်မှတ်ခြင်း၊ အခန်းချထားပုံ၊ လုပ်ငန်း ဆောင်ရွက်ခြင်းစသည့် ခေါင်းစဉ်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ် ဖော်ပြထားပါကြောင်း၊ ဆေးရုံစီမံခန့်ခွဲမှု၏ လက်စွဲစာအုပ် အခန်း (၁၈) စာမျက်နှာ (၂၁၁)နှင့် (၂၂၂)တို့တွင် ခွဲစိတ်ခန်း Operation Data များ၏ အဓိက လုပ်ငန်းများကို ဖော်ပြထားပါကြောင်း၊ အဓိက လုပ်ငန်း၊ လုပ်ငန်း ဆောင်ရွက်ပုံ၊ ကြီးကြပ် ကွပ်ကဲခြင်းတို့ကို တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ (၃) ကြီးကြပ် ကွပ်ကဲခြင်း (Supervision) ၏ အောက် (က) တွင် ခွဲစိတ်ခန်း ကြီးကြပ်ကွပ်ကဲမှု ကြီးကြပ်မှု ကော်မတီ (Operation Theatre Supervisory Committee) ကို မိမိတို့ ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ဖွဲ့စည်းရန်အတွက် မိမိတို့ စာအုပ်တွင် လမ်းညွှန် ထားပါကြောင်း၊ ခွဲစိတ်ခန်း ကြီးကြပ်မှု ကော်မတီ၏ ဥက္ကဋ္ဌသည် ခွဲစိတ်ခန်းကို အသုံးပြုနေသည် လုပ်သက်ရင့် ခွဲစိတ်ဆရာဝန်ကြီးဖြစ်ပြီး ဥက္ကဋ္ဌ သက်တမ်းသည် အနည်းဆုံး တစ်နှစ် ဖြစ်ရမည်ဖြစ်ကြောင်း၊ ကျန်ခွဲစိတ် ဆရာဝန်ကြီးများနှင့် အလှည့်ကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အတွင်းရေးမှူးသည် မေ့ဆေးဆရာဝန်ကြီး ဖြစ်ပြီး အမြဲတမ်း ဖြစ်ကြောင်း၊ ခွဲစိတ်ခန်း၏ တာဝန်ခံ ဖြစ်ပါကြောင်း၊
အဖွဲ့၏ လုပ်ငန်းတာဝန်များကို (ခ)တွင် ဖော်ပြထားပါကြောင်း၊ အဖွဲ့သည် ခွဲစိတ်ခန်း၏ ပုံမှန် ဆောင်ရွက်ချက်များ၊ ရှိသင့်၊ ရှိထိုက်သည့် အဆင့်အတန်း (Standard)နှင့် လုံခြုံစိတ်ချမှု (Safety) တို့ကို တာဝန်ယူရမည် ဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌသည် ခွဲစိတ်ခန်း၏ အဓိက လုပ်ငန်းအား အဖွဲ့နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် တာဝန် ရှိပါကြောင်း၊ “Team Work Led By Senior Surgeon” ဟု ဖော်ပြထားပါကြောင်း၊ အတွင်းရေးမှူးသည် ခွဲစိတ်ခန်း၏ ကျွမ်းကျင်မှု လုပ်ငန်းပိုင်း ဆိုင်ရာများကို တာဝန်ခံ ရမည် ဖြစ်ပါကြောင်း၊ “All-round Technical Responsibility is by Anaesthetist” ဟု ဖော်ပြထားပါကြောင်း၊ အဖွဲ့၏ လုပ်ငန်းတာဝန်များအနေဖြင့် Pathologist၊ Microbiologist သည် ခွဲစိတ်ခန်း၏ ပိုးမွှား သန့်စင်မှု အဆင့်အတန်းကို တာဝန်ယူ တာဝန်ခံရမည် ဖြစ်ပြီး အဖွဲ့သည် ခွဲစိတ်ခန်း၏ ဆောင်ရွက်သည့် ဆောင်ရွက်ချက် လုပ်ငန်းပမာဏနှင့် Bacterial Count များကို ဆေးရုံးအုပ်ကြီးထံ မှန်မှန် အစီရင်ခံရမည်ဖြစ်ကြောင်း၊ ဆေးရုံအုပ်ကြီးသည် ခွဲစိတ်ခန်း၏ တိုးတက်မှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းနှင့် ပြင်ပဌာနများနှင့် ဆက်သွယ်မှု လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရပါကြောင်း၊ အထူးကု ဆရာဝန်များ မရှိသည့် ဆေးရုံများတွင် ၎င်းဆေးရုံ၏ တာဝန်ခံ ဆရာဝန်သည် အထက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရမည် ဟု ဖော်ပြထားပါကြောင်း၊ ဆေးရုံစီမံခန့်ခွဲမှု လက်စွဲစာအုပ်ကို ဆေးနွေးပွဲများ ပြုလုပ်ပြီး မိမိတို့ ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့် အချိန်တွင် World Bank ၏ ချေးငွေဖြင့် ဆောင်ရွက်သည့် ဆေးရုံစီမံခန့်ခွဲမှု လက်စွဲစာအုပ် Workshop များကို ပြုလုပ်လျက် ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် Workshop သုံးကြိမ်၊ First Draft ထွက်ခဲ့ပါကြောင်း၊ ၂၀၂၀ တွင် Workshop သုံးကြိမ် လုပ်ပြီး Second Draft ထွက်လာပြီ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် Target ထားပြီး Final Draft ပြီးစီးပြီး ပြင်ဆင် ထုတ်ဝေနိုင်မည် ဖြစ်သည့်အတွက် ရိုက်နှိပ်ပြီးသည့် အချိန်တွင် ပြည်သူ့ဆေးရုံများသို့ ဖြန့်ချိပြီး လိုက်နာ ဆောင်ရွက်ရေးအတွက် ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊။ ပထမအကြိမ် စာအုပ် ၅၀၀ ရိုက်နှိပ်ပြီး ထုတ်ဝေရန် စီစဉ်လျက် ရှိပါကြောင်း၊
ခွဲစိတ်ခန်း ကဏ္ဍနှင့်ပတ်သက်ပြီး ပြည်သူ့ဆေးရုံများတွင် ဆေးရုံ စီမံခန့်ခွဲမှု လက်စွဲစာအုပ် အတိုင်း လိုက်နာရန်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံ အကြောင်းကြား ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ထပ်မံ အကြောင်းကြားခြင်းကို ဆက်လက် ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအလိုက် ဆောင်ရွက် ထားပြီးသည့် အချိန်တွင် ပြည်သူ့ ဆေးရုံများရဲ့ ပြန်လည် ဖွဲ့စည်းခြင်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို ပြန်လည် တင်ပြရန်အတွက် လမ်းညွှန်ခဲ့သည့် အတွက် ဆေးရုံများ ပြန်လည် ဖွဲ့စည်းခြင်းကို တင်ပြလာပါကြောင်း၊ ပြည်သူ့ ဆေးရုံကြီး (ကလေးမြို့) ခုတင် ၃၀၀ ခွဲစိတ်ခန်း၏ အခြေအနေကို ကျွန်မအနေဖြင့် ဥပမာအနေဖြင့် တင်ပြလိုပါကြောင်း၊ ဖွဲ့စည်းပုံကို တင်ပြရမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ ပြီးသည့်အချိန်တွင် လူနာစာရင်း၊ ခွဲစိတ်ကုသည့် လူနာစာရင်းကို တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ကလေးမြို့၏ ခွဲစိတ်ကုသသည့် Room များကို တင်ပြသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်သည့်အချိန်တွင် ဆေးကုသမှုများကို ခွဲခြားဆက်ဆံခြင်း ဟု ထင်ပါက သက်ဆိုင်ရာ တာဝန်ခံ ဆေးရုံအုပ်ကြီးများသို့ အကြောင်းကြားပြီး လိုအပ်သလို ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
