ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းသည် အဓိက နိုင်ငံ့ဝင်ငွေတိုးတက်ရှာဖွေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းအတွက်သာမက မိမိတို့နိုင်ငံတွေ၏ အမှတ်အသားသစ်ကို မြှင့်တင်နိုင်တဲ့ အတွက်ကြောင့် နိုင်ငံများစွာက ကမ္ဘာနှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အိမ်နီး နားချင်းနိုင်ငံတွေကို ကြည့်မည် ဆိုပါက ခရီးသွား လုပ်ငန်းကနေပြီး ဝင်ငွေအမြောက်အမြား ရှာဖွေနိုင်ကာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ အနေဖြင့် လည်း နိုင်ငံရေး ပွင့်လင်းလာသည်နှင့်အမျှ နိုင်ငံခြား စီးပွားရေးရင်းနှီးမြှုပ်နှံမှုများနှင့်အတူ အလားအလာ ရှိသော နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံများက ရှုမြင်လာကြချိန်တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ၊ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စည်းရုံးပြီး တိုင်းပြည်ဝင်ငွေရှာရန် အချိန်အခါကောင်းဟု ထင်မိပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလာရေးကောင်စီက ပြုလုပ်သော သုတေသနစစ်တမ်း ၂၀၁၅ ခုနှစ်အစီရင်ခံစာအရ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မသည် ၁.၈ ရာခိုင်နှုန်းရှိပါကြောင်း၊ အဆိုပါ ၁.၈ ရာခိုင်နှုန်းကနေ GDB ကို တိုက်ရိုက်ဆင့်ပွားလုပ်ငန်းများက ဝင်ငွေများ မပါရှိသေးဘဲ တိုက်ရိုက်လုပ်ငန်းကပင် GDB က ၂.၂ ရာခိုင်နှုန်းရှိသည်ဟု လေ့လာသိရှိရပါကြောင်း၊ အဆိုပါလုပ်ငန်းနှင့်ဆက်စပ်ပြီး ဆင့်ပွားသွယ်ဝိုက် ဖြစ်ပေါ်လာသော လုပ်ငန်းများ၏ ဝင်ငွေ အလုပ်အကိုင် အခွင့်အလမ်းများ မပါသေးပါကြောင်း၊ မိမိလေ့လာသိရှိရသလောက် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် Tourism Master Plan ဟူ၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော Report ကို လေ့လာသိရှိ ရပါကြောင်း၊ အဆိုပါ Report တွင် ၂၀၁၃-၂၀၂၀ ဟူသော Master Plan ဆွဲထားပါကြောင်း၊Shorten အနေဖြင့် ၂၀၁၃ က့ Action Plan ၂၀၁၅ အထိ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့နောက် Strategic Program 1 to 6 ရှိပါကြောင်း၊ အဆိုပါ Strategic Program တွင် Strategic Issue များ ဖော်ပြထားရှိပါကြောင်း၊ သို့သော် အဆိုပါPlan ကိုစခဲ့တာ နှစ်နှစ်ရှိပြီဟု လေ့လာသိရှိရသော်လည်း World Economic Forum က ၂၀၁၅ တွင် ထုတ်ပြန်သော Travel and Tourism Cumulativeness အရ မိမိတို့မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းသည် နိုင်ငံပေါင်း ၁၄၁ နိုင်ငံရှိသည့်အနက် ၁၃၄ တွင် ရှိနေသည်အတွက် တကယ့်ကို ယှဉ်ပြိုင်နိုင်စွမ်းအနိမ့်ဆုံးနိုင်ငံဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် Master Plan ကြီးရှိနေသော်လည်း အလုပ်အကိုင်အခွင့်အလမ်းများ၊ တခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း များ နိမ့်ကျနေသေးသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ပထမမေးခွန်းအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် ကမ္ဘာနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြင့် ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ မည်မျှကို မျှော်မှန်းချက်ထား လုပ်ကိုင်နေသည်ဆိုသည်ကို သိရှိလိုပါကြောင်း၊ ထပ်မံ၍ မြန်မာနိုင်ငံအနေဖြင့် အလားအလာကောင်းများရှိသော သဘာဝအခြေပြုခရီးသွားလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့်ကိစ္စရပ်များ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိခိုက်နိုင် သည့် ကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရွေးချယ်စရာတစ်ခုဖြစ်သည့် Ecoနှင့် Culture-tourism Eco-tourism အတွက်ကို မည်သို့ စီစဉ်ဆောင်ရွက်ထားပြီး ဝင်ငွေမည်မျှ ရှာရန် မျှာ်မှန်းထားသည်ဆိုသည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါကြောင်း မေးမြန်းပါသည်။
ခရီးသွားအရင်းအမြစ်ပေါကြွယ်ဝပြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအလားအလာ ကောင်းများစွာ ပြည့်စုံသော မြန်မာနိုင်ငံ၏
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့် လက်ရှိကမ္ဘာ့ခရီးသွား ကဏ္ဍ၊ မြန်မာ့ခရီးသွားကဏ္ဍတို့နှင့် လိုက်လျောညီထွေရှိစေပြီး ဗဟို ချုပ်ကိုင်မှုလျှော့ချ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ ခရီးသွားလုပ်ငန်းများ တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုမိုလုပ်ကိုင်နိုင်စွမ်းရှိရေးကို ဦးတည်၍ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ(၁၉၉၃)အား ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဟိုတယ်နှင့် ခရီးသွား ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရေးပါပြီး အခြေခံကျသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍအတွက် ဝန်ကြီးဌာနအနေဖြင့် ဧည့်လမ်းညွှန် (အခြေခံ)သင်တန်းများ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းများ၊ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ၊ ဘာသာစကားနှင့် ကွန်ပျူတာကျွမ်းကျင်မှု(အခြေခံ)သင်တန်းများအပြင် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍအတွင်းရှိ အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းများ အား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်၍ ဖွင့်လှစ်ပေး လျက်ရှိရာ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခြေခံ) သင်တန်း (၅၃) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်း သား/သင်တန်းသူဦးရေ ၇၃၈၆ ဦး တက်ရောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ဒေသအသီးသီးရှိ ဟိုတယ် လုပ်ငန်းကဏ္ဍများမှာ သင်တန်းမတက်ရသေးသော လုပ်ငန်းခွင်ဝင်ပြီး ဟိုတယ် ဝန်ထမ်း များအတွက် လုပ်ငန်းခွင်မပျက် On Job Training(OJT) ရက်သတ္တပတ် နှစ်ပတ် သင်တန်းများကို (၆၈)ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ ၆၈၃၂ ဦး တို့ ပါဝင်တက်ရောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင် လူဇင်ဘတ်နိုင်ငံ Luxembourg Agency For Development Cooperation ၏ ပူးပေါင်းကူညီမှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများကို ၁-၆-၂၀၁၆ ရက်နေ့မှစတင်ပြီး သင်တန်းသား ၃၅၈ ဦးကို လေးကြိမ်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ် ဝန်ဆောင်မှု သင်တန်းများ ပို့ချပေးခဲ့သည့်နည်းတူ ဆွစ်ဇာလန်နိုင်ငံ၊ ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဖောင်ဒေးရှင်း(Swiss contact)ရဲ့ပူးပေါင်းကူညီမှုဖြင့် ၂၀၁၅-၂၀၁၈ စီမံကိန်း ကာလ ၄၂ လအတွင်း ဒေသခံပြည်သူ ၃၀၀၀ အား ဟိုတယ်လုပ်ငန်းဆိုင်ရာ သက်မွေး သင်တန်းများကို ဖွင့်လှစ်ပို့ချပေးသွားရန် လျာထားဆောင်ရွက်ပြီး ၂၀၁၆ ခုနှစ် အောက်တို ဘာလအထိ နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် ဟိုတယ်ဆိုင်ရာဧည့်ဝန်ဆောင်မှုသင်တန်း ခြောက်ကြိမ်၊ ပြင်ပသင်တန်းသား ၁၇၈၂ ဦး၊ လုပ်ငန်းခွင်ဝင်ပြီးသား သင်တန်းသား ၅၈၀ ဦး စုစုပေါင်း ၂၃၆၂ ဦးအား ဖွင့်လှစ်ပို့ချပေး ခဲ့ပြီး ဖြစ်ပါကြောင်း၊
ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မကျီးစင်ကျေးရွာရှိ သက်မွေး ပညာ သင်တန်းကျောင်းတွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများကို သင်တန်းသား ၂၀၁ ဦး ဖြင့် လေးကြိမ် အသီးသီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ အဓိကခရီးစဉ်ဒေသများတွင်လည်း ဟိုတယ်နှင့် ခရီးသွားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ စီမံခန့်ခွဲသော သင်တန်း ကျောင်းများတည်ထောင်ရန် ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
အခြားဆက်စပ်သင်တန်းများအနေဖြင့် ဒေသတွင်းလူငယ်လူရွယ်များ အသိပညာတိုးပွားစေရန် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်မှု(အခြေခံ)သင်တန်းများကို ရခိုင်ပြည်နယ်ရှိ မြောက်ဦးနှင့် ကျောက်တော်ဒေသများတွင် သင်တန်းသား ၁၃၅ ဦးဖြင့် နှစ်ကြိမ်၊ ဟိုတယ်သုံး ထိုင်းဘာသာ စကား ပြောသင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ သင်တန်းသား ၅၀ ဦးဖြင့် တစ်ကြိမ်၊ ပြည်ပဧည့်သည်များ သွားလာမှုလွယ်ကူအဆင်ပြေစေရန် ယာဉ်နှင့် စက်လှေမောင်း သင်တန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် သင်တန်းသား ၁၉၃၄ ဦးဖြင့် သင်တန်း တစ်ကြိမ် အသီး သီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ ဧည့်လမ်းညွှန်အခြေခံ သင်တန်း အမှတ်စဉ်(၅၂) အား ၃၀-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးလျှက်ရှိသည့် အပြင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်းအမှတ်စဉ်(၂၇)ကို ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ ဟိုတယ် ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်းကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီတွင်လည်းကောင်း ဖွင့်လှစ် သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ဂျပန်ဘာသာ၊ တရုတ်ဘာသာနှင့် ထိုင်းဘာသာ ကျွမ်းကျင်မှုသင်တန်းများကို ရန်ကုန်မြို့ မဟာဗန္ဓုလ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းသင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြှင့်တင်ကြော်ငြာရန်နှင့် သတင်းအချက်အလက်များထုတ်ပြန်ပေးရန်၊ အများပြည်သူ သိရှိနိုင်စေ ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဝန်ကြီးဌာန၏ ခရီးသွား လုပ်ငန်းကဏ္ဍဆိုင်ရာအချက်အလက်များအား ကျယ်ကျယ်ပြန့်ပြန့်အသိပေးနိုင်ရန် ၂၀၁၀ ခုနှစ်မှ စတင်ကာ ပြည်ထောင်စုဝန်ကြီးရုံးမှ ခရီးသွားလုပ်ငန်း သတင်းအချက်အလက်များဆိုင်ရာ Website နှစ်ခု လွှင့်တင်ကာ ဝန်ကြီးဌာနလှုပ်ရှားမှုသတင်းများ၊ ဟိုတယ်များနှင့် ဆက်သွယ်ရန်လိပ်စာနှင့် အချက်အလက်များ၊ ခရီးသွားကုမ္ပဏီများနှင့် ဆက်သွယ်ရန်လိပ်စာများ၊ ဘာသာရပ်အလိုက် ဧည့်လမ်းညွှန် အမည်စာရင်းနှင့် ဆက်သွယ်ရန်လိပ်စာများ၊ ဝန်ကြီးဌာနမှ ထုတ်ဝေသည့် စာစောင်များ၊ မြန်မာ့ခရီးသွားလုပ်ငန်းမှ ဝန်ဆောင်မှုပေးနေသည့်ခရီးစဉ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များနှင့်ပတ်သက် ၍ လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ခ ရီးစဉ်ဒေသများ၊ ရိုးရာပွဲတော်များ၊ တိုင်းရင်းသားလူမျိုးစုနှင့် ယဉ်ကျေးမှုများအား ထည့်သွင်း ဖော်ပြထားလျက် ရှိပါကြောင်း၊
၎င်းအပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များ အပါအဝင် အလားအလာရှိသောနေရာများတွင် သတင်းနှင့်ပြန်ကြားရေး ကောင်တာများ ဖွင့်လှစ်ထားရှိ ပြီးတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၏ ခရီးစဉ်လိုအပ်ချက်များအပေါ် မေးမြန်းစုံစမ်းလာမှုများအား ပြန်လည်ဖြေကြားခြင်းနှင့် အခက်အခဲများကူညီဖြေရှင်းပေးခြင်း၊ ခရီးစဉ်နှင့် ဟိုတယ်ဆိုင်ရာလက်ကမ်းစာစောင်များ၊ လမ်းညွှန်မြေပုံ များ ဖြန့်ဖြူးဝေငှခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်မြှင့်တင် ခြင်း၊ ASEAN Tourism Forum-(ATF), ITB Berlin, Moscow International Travel and Tourism Exhibition, Thailand Travel Mart, International Travel Exhibition(ဟိုချီမင်း), JATA Travel Showcase, PATA Travel Mart, ITB Asia, World Travel Mart(London), China International Travel Mart, ASEAN Culture & Tourism Fair စသော ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲများတွင် သွားရောက်ပါဝင်ပြသလျှက်ရှိပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင် ပြီးခဲ့သည့် JATA Travel Showနှင့် World Travel Mart ကဏ္ဍများတွင် ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို ဦးဆောင်မြှင့်တင်ခြင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းဆိုင်ရာများကို ပါဝင်ဆွေးနွေးခြင်း၊ ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်ချက်များကို ပံ့ပိုး အားပေး စေခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် လက်ရှိဆောင်ရွက်နေဆဲဖြစ်သော အာဆီယံနှင့်ဒေသတွင်း နိုင်ငံများနှင့်ပူးပေါင်း၍ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ၊ ချစ်ကြည်ရင်းနှီးမှုခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်တွင်းတွင်လည်း ခရီးသွား လုပ်ငန်းမြှင့်တင်ရေးဆိုင်ရာပွဲတော်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်၊ စာအုပ်စာစောင်များ၊ DVD များထုတ်ဝေခြင်း၊ ပြည်တွင်း ပြည်ပ Website များ၊ မီဒီယာများမှတစ်ဆင့် ခရီးစဉ်ဒေသ များကို မြှင့်တင်ကြော်ငြာခြင်းတို့ကို ဆက်လက်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တည်ဆဲမြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီး သွားလာရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လိုင်စင်ဆိုင်ရာအမိန့်များနှင့်အညီ ဟိုတယ်နှင့် တည်းခို ရိပ်သာလုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း လိုင်စင်နှင့် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များအား စိစစ်ထုတ်ပေးလျက်ရှိရာ ၂၀၁၆ ခုနှစ် သြဂုတ်လကုန် အထိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် ၁၃၉၁ ခု အခန်းပေါင်း ၅၅၀၃၁ ခန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်စုစုပေါင်း ၂၇၁၄ ခု၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ၁၇၄၂ ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၄၄၀၆ ဦး၊ ဒေသဆိုင်ရာလုပ်ငန်းလိုင်စင် ၂၈၆၇ ဦး တို့အား ထုတ်ပေးဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ခရီးစဉ်ဒေသများတွင် လိုအပ်သော ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်း များကို ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်လည်ပတ်ရေး၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်နယ်နိမိတ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံ ရနောင်းဒေသသို့လည်း လည်ပတ်ဝင်ရောက်လာ သောခရီးသည်များ မြိတ်ကျွန်းစုများသို့ အလွယ်တကူနှင့် လူဦးရေမြောက်များစွာ ဝင်ရောက် လည်ပတ်ခြင်းဖြင့် ဒေသခံများနှင့် ဒေသအစိုးရအဖွဲ့ အတွက် ဝင်ငွေရရှိနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရေးအတွက် အဆိုပါကျွန်းစုများသို့ မိမိနိုင်ငံသားပိုင်လုပ်ငန်းများဖြင့် ပို့ဆောင်လှည့်လည် ပြသရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရရန်၊ တစ်ချိန်တည်းမှာပင် Virgin Island များ၏ သဘာဝပတ်ဝန်းကျင် ရေအောက်သဘာဝအရင်းအမြစ် များ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အခြားသက်ဆိုင်သောဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင် များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၎င်းအရှိန်အဟုန်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၁-၁၂-၂၀၁၆ မှစပြီး စင်ကာပူနိုင်ငံသားများအနေဖြင့် ဗီဇာကင်းလွတ်ခွင့်ရရှိမည်ဖြစ်ရာ ၎င်းတို့ပိုင် မော်တော်ယာဉ်များဖြင့် ရက်သတ္တပတ်အားလပ်ရက်များတွင် မိသားစုအလိုက် လာရောက် လည်ပတ်ကြရေးအစီအစဉ်များလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကမ္ဘာလှည့်ခရီးသည်များ ပိုမိုတိုးတက်လာရောက်ရေး အထူးသဖြင့် High End Market ရရှိ ရေးအတွက် ဈေးကွက်ရှာဖွေမှုနှင့်ခရီးသည်များကို ချိတ်ဆက်ဖိတ်ခေါ်ဆောင်ရွက်နိုင်မည့် International Hotel Chain များကို ဖိတ်ခေါ်၍ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများရရှိရေး၊ လုပ်သာကိုင်သာရှိရေးတို့အတွက် ပံ့ပိုးဆောင်ရွက်သွားပေးမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းမှ တစ်ဆင့် ပြည်သူများအကျိုးခံစားခွင့်ပိုမိုတိုးပွားရေးအတွက် ဦးတည်ပြီးတော့မှ ခရီးသွား ဆွဲဆောင်မှု အရင်းအမြစ်ပြည့်စုံသော ကျေးရွာဒေသများတွင် ဒေသခံများ အလုပ်အကိုင် အခွင့် အလမ်း ရရှိရေး၊ ဝင်ငွေတိုးပွားရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အတတ်ပညာဗဟုသုတ တိုးပွားရေးတို့ကို ဦးတည်၍ Community Based Tourism ကို One Village- One Travel Agency မှ တာဝယ်ယူသော စနစ်ဖော်ထုတ်၍ ပညာပေးစမ်းသပ် ပရဟိတစနစ်မျိုးဦးစွာ ဆောင်ရွက်ပေးပြီး နောင်တွင် ဒေသခံများ၏ လုပ်ကိုင်စွမ်းရည်ဖြင့် စီးပွားရေးလုပ်ငန်းများအဖြစ် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် အစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပြီး ၎င်းမှ တစ်ဆင့် အခင်းအကျင်းကောင်းသော ဒေသများတွင် နိုင်ငံသားများမှ ရင်းနှီးမြှုပ်နှံသော ဟိုတယ်၊ မိုတယ်၊ အင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏သဘောတူညီမှုဖြင့် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်တိုက်တွန်း အားပေးသွားမည်ဖြစ်ပါကြောင်း၊
သဘာဝအခြေခံ ခရီသွားလုပ်ငန်း(Eco-tourism)နှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနတို့သည် နီပေါနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသ ဖွံံဖြိုးတိုးတက်ရေး အဖွဲ့အစည်း (International Center for Integrated Mountain Development- ICIMOD)နှင့်ပူးပေါင်း၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမူဝါဒနှင့် စီမံခန့်ခွဲမှု မဟာဗျူဟာ (Ecotourism Policy and Management Strategy 2015-2025)ကို ၂၀၁၅ ခုနှစ် မေလတွင် ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးသွား လုပ်ငန်း(Ecotourism) ဖွံဖြိုး တိုးတက်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိရာ ကာကွယ်တော (Protected Area) ၂၁ ခုကို Eco-tourism ခရီးစဉ်ဒေသများအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပါကြောင်း၊ ယခုအခါ Protected Area ၂၁ ခုအနက်မှ ဦးစားပေး Eco-tourism Sites များအဖြစ် ရှမ်းပြည်နယ်ရှိ အင်းလေးကန်ဒေသ၊ ချင်းပြည်နယ်ရှိ နတ်မတောင်အမျိုးသားဥယျာဉ်၊ ကချင်ပြည်နယ်ရှိ အင်းတော် ကြီးဒေသ၊ ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီဘေးမဲ့တောများ၊ ပဲခူးတိုင်းဝေါမြို့နယ်ရှိ မိုးယွန်းကြီးအင်း၊ စစ်ကိုင်းတိုင်းမုံရွာခရိုင်ရှိ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ မန္တလေးတိုင်းရှိ ပုပ္ပားတောင်၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘေးမဲ့တောတို့ကို ဦးစားပေး Eco-tourism ခရီးစဉ်ဒေသများအဖြစ် သတ်မှတ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာပြီဖြစ်ပါကြောင်း၊
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဈေးကွက်မြှင့် တင်ရေးအဖွဲ့စသည့် ပုဂ္ဂလိကအသင်း အဖွဲ့များနှင့် ပိုမိုပူးပေါင်းလက်တွဲပြီးတော့မှ ခရီးစဉ်ဒေသ ဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့ကို ၎င်းတို့နှင့်ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ဇင်မာအောင်(ရန်ကင်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးက ဖွင့်လှစ်နေသည့် သင်တန်းများသည် မိမိတို့ ၁၀ တန်း အောင်ပြီး စပင် ဖွင့်လှစ်နေသည့် သင်တန်းများအတိုင်းသာ ဖြစ်သည်ကို မိမိတို့ ကြားသိရှိပါကြောင်း၊ Private Centre ကလည်း အင်္ဂလိပ်စာသင်တန်း၊ ဟိုတယ် Service သင်တန်းများ ဖွင့်လှစ်နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါလုပ်ငန်းကနေ အလုပ်အကိုင် မည်မျှဖန်တီးနိုင်မည် Tourism ကို Promote ဖြစ်လာအောင် မျှော်မှန်းချက်မည်မျှထားရှိပြီး လုပ်နေသည်ဆိုသည်ကို သိရှိလိုခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးခွန်း၏ ရည်ရွယ်ချက်က သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် မျှော်မှန်းဝင်ငွေ မည်မျှ မှန်းထားသည်၊ ဝန်ကြီးဌာနက အလုပ်အကိုင်အခွင့်အလမ်းဘယ်လောက် ဖန်တီးပေးရန် ရည်ရွယ် ဆောင်ရွက်နေပါသည်ဆိုသည်ကို မေးမြန်းခြင်းလိုခြင်းဖြစ်ပါကြောင်း၊ ထိုမှသာ လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေသူများအနေဖြင့် ရည်မှန်းပြီး ကြိုးစားလာကြမည်ဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှု၊ ဝင်ငွေရှာဖွေရရှိနိုင်မှုကို ဝန်ကြီးဌာနအနေဖြင့် မည်မျှ မျှော်မှန်းထားရှိသည်ကို သိရှိလိုခြင်း ဖြစ်ပါကြောင်း ဆက်စပ်မေးမြန်းပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်
ဟိုတယ်နှင့် ခရီးသွားလာရေးဖွံ့ဖြိုးတိုးတကရန်သည် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေမည့် ဝန်ဆောင်မှုလုပ်ငန်းက ကောင်းမွန်ရန် အရေးကြီးပါကြောင်း၊ Servicing အပိုင်းကို Develop လုပ်ရမည်ဖြစ်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းအဆောက်အဦများသည် ဆွဲဆောင်မှုရှိလာသည်နှင အမျှ လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီအဆောက်အဦတွေက (HR)Human Resources သာ အရေးကြီးပါကြောင်းကြောင့် ယခုမှ Human Resources ကို သေသေချာချာဖော်ဆောင်နေသည့် ကာလဖြစ်ပါကြောင်းနှင့် တစ်ပြိုင်နက်တည်း ရင်းနှီးမြှုပ်နှံမှု တွေကို ဖော်ဆောင်နေတုန်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံက ခရီးသွားလုပ်ငန်းကို အာရှနိုင်ငံတွင် နောက်ဆုံးမှ ဖွင့်လှစ်ည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်မှ ဧည့်သည်တွေက ပိုမို စိတ်ဝင်စားပြီး လည်ပတ်ရန် စတင်နေသည့်အချိန်ဖြစ်ပါကြောင်း၊
ယခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် Tourism စစ်စစ် ဧည့်သည် ၁၅၀၀၀၀ ခန့်သာ မျှော်မှန်ထားရှိပြီး လူတစ်ဦးလျှင် တစ်ရက်ကို ၁၇၀ ဒေါ်လာနှုန်း သုံးမည်ဟု မျှော်မှန်းထားပါကြောင်း၊ ယခု နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း Travellers များ ဝင်လာပြီဖြစ်သည့်အတွက် လူဦးရေက တိုးတက်လာမည် မှန်သော်လည်း ဝင်ငွေက ၁၇၀ နှုန်းဖြင့် မျှော်မှန်းထား၍ မရနိုင်ပါကြောင်း၊ Budget Travellers များက ၅ ဒေါ်လာတန်၊ ၁၀ ဒေါ်လာတန်အခန်းများတွင် တည်းပြီး ဈေးချိုသော ဈေးဆိုင်များတွင် စားသုံးခြင်းကြောင့် မိမိတို့မျှော်မှန်းထားသည့် နှုန်းထားနှင့် အများကြီး ကွာဟနေ မည်ဖြစ်ရာ မိမိတို့ မျှော်မှန်းထားရှိချက်ကို ပြန်လည်သုံးသပ်ရဦးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
