(ဂ)-ကမ်းပါးထိန်းလုပ်ငန်းများအတွက် အကျိုးရှိမှုသေချာပြီး ကုန်ကျစရိတ်နည်းပါးသော ဗက်တီဗာ မြက်အား နိုင်ငံတော်အစိုးရ၏စီစဉ်မှုဖြင့် စီမံစိုက်ပျိုးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁ ) ရက်မြောက်နေ့ (၆.၃.၂၀၂၀)

ဗက်တီဗာမြက်သည် အိန္ဒိယနိုင်ငံ(တောင်ပိုင်း)မျိုးရင်း မြက်တစ်မျိုးဖြစ်ပြီး နှစ်ရှည်ပင်မြက်မျိုးလည်းဖြစ်ပါကြောင်း၊ ကောင်းစွာဖွံ့ဖြိုးရန်အချိန် ခြောက်လခန့်လိုပါကြောင်း၊ ၎င်း၏အမြစ်များသည် စိုက်ပျိုးသည့် မြေအနေအထားပေါ်မူတည်၍ ခြောက်ပေခွဲ ကနေ ၁၃ ပေခန့်အထိ မြေပြင်၏အတွင်း ရှည်လျားဆန့်ထွက်နိုင်သည့် စရိုက်လက္ခဏာရှိပါကြောင်း၊ ထူးခြားသည့်အမြစ်များကြောင့် ဗက်တီဗာမြက်ကို ရေပြင်ညီ အတန်းလိုက် စိုက်ပျိုးလျင် မြက်ရိုးတန်းများသည် သဘာဝမြေထိန်းနံရံများသဖွယ် အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊

အိန္ဒိယနိုင်ငံအနေဖြင့် ဗက်တီဗာမြက်ကို မြေတိုက်စားပြုန်းတီးမှုအား ကာကွယ်ရန်အတွက် စိုက်ပျိုးအသုံးပြုခဲ့ကြသည်မှာ ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင်  ဗက်တီဗာမြက်စိုက်ပျိုးခြင်းကို အိန္ဒိယနိုင်ငံမှ အုပ်ချုပ်ရေးပိုင်းကိုဦးဆောင်ပြီး စုပေါင်းစိုက်ပျိုးခဲ့ ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဗက်တီဗာမြက်အား စိတ်ပါဝင်စားမှုရှိခြင်းနှင့် စိုက်ပျိုးအသုံးချ ခဲ့ခြင်းသည် နှစ်ကာလတစ်ခုရှိခဲ့ပြီဖြစ်ကြောင်း၊ လာမည့်အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၌ ကမ္ဘာအရပ်ရပ်မှ ဗက်တီဗာမြက်စိုက်ပျိုးအသုံးချခြင်းကို စိတ်ဝင်စားသည့် လူပုဂ္ဂိုလ်အသီးသီး တက်ရောက်ဆွေးနွေးကြမည့် ဗက်တီဗာညီလာခံတစ်ခုကို ကျင်းပရန်ရှိနေပါကြောင်း၊          မိမိတို့နိုင်ငံတွင် ၁၉၉၆ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၁၉၉၈ ခုနှစ်များကတည်းက UNDP နှင့် FAO တို့ပြုလုပ်သည့်စီမံကိန်းတစ်ခုအတွင်း ရှမ်းပြည်နယ်တွင် ဗက်တီဗာမြက်ကို စတင် စမ်းသပ်စိုက်ပျိုး ခဲ့ပါကြောင်း၊ ၎င်းကို ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ဖလမ်းမြို့တွင် စတင်စမ်းသပ်စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့ ရွှေဘိုမြို့၊ မူးမြစ်ကမ်းပါးတွင်ရှိသည့် ကျေးရွာများတွင် ကမ်းပါးပြိုကျနိုင်ဖွယ်ရာ အလားအလာရှိသည့်နေရာများ အမြောက်အမြားရှိနေပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်တွင် မိမိတို့ရွှေဘိုမြို့နယ်သည် ဆုံးရှုံးထိခိုက်မှု အများအပြား ရှိခဲ့ပါကြောင်း၊ ထိုသို့ဆုံးရှုံးနိုင်ဖွယ်ရှိသည့် မြစ်ကမ်းပါးပြိုကျမှုများအတွက် နှစ်ပိုင်းခွဲပြီး ဆောင် ရွက်ပါကြောင်း၊ ပထမတစ်ပိုင်းအနေဖြင့် ယနေ့၊ မနက်ဖြန် အန္တရာယ်ရှိနိုင်သည့် နေရာများ အတွက် နိုင်ငံတော်အစိုးရထံမှ ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်စေပါကြောင်း၊ ယခုနှစ်ဘတ်ဂျက် အတွင်းတွင် တိုင်းဒေသကြီးရန်ပုံငွေမှရရှိထားသည့် ကမ်းထိန်းလုပ်ငန်းကို ရွှေဘိုမြို့နယ်တွင် ရရှိထားပါကြောင်း၊ နောက်တစ်ပိုင်းမှာ လူထုအားကိုယူပြီး ရေရှည်ကမ်းထိန်းလုပ်ငန်းအနေနှင့် ဗက်တီဗာမြက်ကို စုပေါင်း စိုက်ပျိုးထားရန် ရည်ရွယ်ပါကြောင်း၊

          မိမိတို့နိုင်ငံသည် မြစ်၊ ချောင်း၊ အင်းအိုင်ပေါများသည့် နိုင်ငံဖြစ်သည့်အတွက် မြစ်ကမ်းပါး၊ ချောင်းကမ်းပါးဘေးတွင် အခြေချနေထိုင်ကြသည့် ကျေးရွာသည် အများအပြားရှိ ပါကြောင်း၊ ၎င်းကျေးရွာများအတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ အတွက် မိမိတို့အသုံးပြုရသည့် တိုင်းပြည် ဘဏ္ဍာငွေသည် တစ်နှစ်ထက်တစ်နှစ် များပြားလာ နေပါပြီဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးတစ်ခုတည်း အတွင်းတွင် တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျေးရွာတချို့အတွက် လျာထားအသုံးပြုရမည့် ကမ်းပြိုကာ ကွယ်ရေးလုပ်ငန်းအတွက် သတ်မှတ်ထားသည့်ငွေသည် ကျပ်သန်း ၅၃၀၀ ကျော်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၈-၂၀၁၉ ခုနှစ် အတွင်း ကျပ်သန်း ၅၂၀၀ ကျော်ကို အသုံးပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်ပြီးလေ့လာကြည့်မည်ဆိုပါက တစ်နှစ်ထက်တစ်နှစ် မိမိတို့နိုင်ငံ တွင် ကမ်းပြိုကာကွယ်ရေးအတွက် အသုံးပြုရသည့် ငွေကြေးသည် များပြားလာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု လတ်တလောအန္တရာယ်ရှိနိုင်သည့် နေရာများအတွက် ယခုကဲ့သို့ နိုင်ငံတော်အစိုးရထံမှ ရန်ပုံငွေများတင်ပြတောင်းခံ ဆောင်ရွက်ပေးသင့်သကဲ့သို့ ရေရှည်တွင် ကမ်းပြိုကာကွယ်ရေးအတွက် ကုန်ကျစရိတ်လည်း နည်းပါးသည့် လူတိုင်းပါဝင်နိုင်သည့် ဗက်တီဗာကမ်းထိန်းမြက်စိုက်ပျိုးခြင်းကို ဆောင်ရွက်ပေး စေချင်သည့်အတွက် မိမိအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တလေးတစားမေးမြန်းလိုတာက ရေရှည်မှာအကျိုးရှိမှုလည်း သေချာသည့်၊ ကုန်ကျစရိတ်လည်းနည်းပါးသည့်၊ လူတိုင်းလည်းပါဝင်နိုင်၊ အလွယ်တကူဆောင်ရွက်နိုင်သည့် ဗက်တီဗာကမ်းထိန်းမြက်စိုက်ပျိုးခြင်းကို နိုင်ငံတော်အစိုးရမှ ဦးဆောင် စီမံစိုက်ပျိုးရန် အစီအစဉ် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်မျိုး
အဖြေ

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်အပါအဝင် မြစ်ချောင်းများသည် နိုင်ငံတစ်ဝန်းဖြတ်သန်းစီးဆင်းလျက်ရှိပြီး လူသားတို့၏ပယောဂကြောင့်၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးပြီး မြစ်ချောင်းများအတွင်း အနည်ပို့ချမှုများပြားလာ၍ အောက်ခြေမြစ်ကြမ်းပြင်မြင့်တက်လာကာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ၊ မြစ်ချောင်းများ ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်လာပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အဓိကမြစ်ကြီးများတွင် ယေဘုယျအားဖြင့် ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်းများကို ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့်လည်း ကောင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် နိုင်ငံတစ်ဝန်းဖြစ် ပေါ်နေသည့် ကမ်းပြိုကမ်းစားမှုများအား အခိုင်အမာကာကွယ်ရန်မှာ ရန်ပုံငွေ မြောက်မြားစွာ ကုန်ကျနိုင်ပါသဖြင့် ရန်ပုံငွေသုံးစွဲရမှုသက်သာပြီး ကမ်းပြိုကမ်းစားမှုများကို အထိုက်အလျောက် ကာကွယ်နိုင်မည့် ဗက်တီဗာမြက်(ခ) အမြစ်ရှည်မြေဆီလွှာထိန်း နိုင်ငံခြားမျိုးပင်မြက်များကို ကမ်းပြိုကမ်းစားသောနေရာများတွင် စမ်းသပ်စိုက်ပျိုးနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလ တွင်  သာမန်ခွင့်ပြုရန်ပုံငွေ ကျပ် ၃၇.၅ သိန်းဖြင့် မြန်မာဗက်တီဗာကွန်ယက်မှ ပျိုးပင်စုစုပေါင်း ၅၀၀၀၀ ဝယ်ယူ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၂)၊ ရှမ်းပြည်နယ်ရုံးတွင် စတင်ပျိုးထောင်ခဲ့ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအနေဖြင့် ဗက်တီဗာမြက်ပျိုးပင်များ စမ်းသပ်စိုက်ပျိုးခဲ့ရာမှာ ဒေသ(၃)၊ ပဲခူးတိုင်းဒေသကြီးရုံးမှ ပျိုးပင်အရေအတွက် ၅၄၀၀ ကို ပျိုးထောင်ခဲ့ရာ ၄၇ ရာခိုင်နှုန်းခန့်သည် ပျိုးထောင်သက် တစ်လကျော်အထိ အရွက်များဝေဖြာမှုမရှိဘဲ တဖြည်းဖြည်းသေဆုံး သွားခဲ့ပါကြောင်း၊ ကျန်ပျိုးပင်များကို ကျောက်တံခါးမြို့နယ် လက်ပံကုန်း ကျေးရွာကမ်းပါး၊ အုတ်တွင်းမြို့နယ်၊ အောင်းကြီးကျေးရွာကမ်းပါး၊ ကျောက်ကြီးမြို့နယ် လိန်ပင်ကျေးရွာကမ်းပါး တို့မှာ စိုက်ပျိုးထားရာ ယခုအခါတွင် အပင်အရေအတွက်အနည်းငယ်သာ ရှင်သန်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါကြောင်း၊ ဒေသ(၅)၊ မန္တလေးတိုင်းဒေသကြီးရုံးတွင်လည်း ဗက်တီဗာ မြက်ပျိုးပင် ၅၀၀၀ ကို ပျိုးထောင်ခဲ့ရာ တစ်လခန့်အကြာမှာ ပျိုးပင် ၈၀ ရာခိုင်နှုန်းကျော်ခန့် သေဆုံးခဲ့၍ ပျိုးပင်များထပ်မံပျိုးထောင်ပြီး ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာအနီး မြေနုကျွန်းကမ်းပါးမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စိုက်ပျိုးခဲ့ရာ သုံးပုံနှစ်ပုံခန့်သေဆုံးခဲ့ပြီး ရေများရာသီတွင် ရေကြီးနစ်မြုပ်၍ နုန်းများဖုံးအုပ်သွားပြီး အပင်အားလုံးပျက်စီးခဲ့ပါကြောင်း၊ ဒေသ(၆)၊  စစ်ကိုင်းတိုင်းဒေသကြီးရုံးတွင်  ပျိုးထောင်ခဲ့သည့်ပျိုးပင် ၇၀၀၀ အနက်မှ ၅၀ ရာခိုင်နှုန်းကျော် သေကြေပျက်စီးခဲ့သဖြင့် ပျိုးပင်များထပ်မံပျိုးထောင်ပြီး ဟုမ္မလင်းမြို့နယ်၊ ပါမလုံကျေးရွာ၊ ကလေးဝမြို့နယ်၊ ကျော်ဇင်ကျေးရွာ၊ မုံရွာမြို့၊ အလုံဆိပ်ကမ်းတို့မှာ စိုက်ပျိုးထားရှိခဲ့ရာ စောင့်ရှောက်မှုအားနည်းခြင်း၊ တိရစ္ဆာန်များဖျက်ဆီးခြင်းတို့ကြောင့် အားလုံး နီးပါးသေကြေ ပျက်စီးခဲ့ရပါကြောင်း၊ ဒေသ(၁၁)၊ ကရင်ပြည်နယ်ရုံးတွင်လည်း ဗက်တီဗာမြက်ပျိုးပင် ၃၀၀၀ ပျိုးထောင်ခဲ့ရာ ပျိုးပင် ၃၅ ရာခိုင်နှုန်းသာရှင်သန်သဖြင့် ပျိုးပင်များထပ်မံပျိုးထောင်၍ သံလွင် တံတားအောက် ဘားကပ်ဘက်သံလွင်မြစ်ကမ်းပါးမှာ စိုက်ပျိုးခဲ့ရာ သံလွင်မြစ်ရေနှစ်လကြာ ထူးခြားရေကြီးရေလျှံမှုကြောင့် သေဆုံးပျက်စီးခဲ့ရပါကြောင်း၊ အဆိုပါ ဗက်တီဗာမြက်ပင်များသည် အမှန်တကယ် ရှင်သန်ဖွံ့ဖြိုးအောင် စိုက်နိုင်မည် ဆိုပါက ကိုယ်စားလှယ်တော်ကြီးတင်ပြထားသည့် အတိုင်း နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် ကမ်းပြိုကမ်းစား မှုများအပြင် တောင်ပြို/မြေပြိုမှုများကိုပါ ကုန်ကျစရိတ်သက်သာစွာဖြင့် ကာကွယ်ပေးနိုင်မည် အမှန်ပဲဖြစ်ပါကြောင်း၊ သို့သော် ရှေ့တွင်တင်ပြခဲ့သည့်အတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်တွေ့စမ်းသပ်စိုက်ပျိုးခဲ့သည့် အတွေ့အကြုံအရ အဆိုပါ ဗက်တီဗာ မြက်ပင်မျိုးသည် နိုင်ငံခြားမျိုးပင်ဖြစ်ခြင်း၊ မကြာသေးမီကမှစတင်၍ စမ်းသပ်စိုက်ပျိုးကြည့်ရခြင်း၊ ပျိုးထောင်နည်း စနစ်တိကျစွာမသိရှိခြင်းနှင့် အမြဲဂရုစိုက်နေရန်လိုအပ်ခြင်း၊ ရေဦးထိုးတိုက်စားမှု ဖြစ်ပေါ်သည့် နေရာများတွင် ရှင်သန်ဖြစ်ထွန်းနိုင်မှုနည်းပါးခြင်း၊ စတင်စိုက်ပျိုးချိန်ရေကြီးနစ်မြှုပ်မှုနှင့် နုန်းမြေဖုံးလွှမ်းမှုမခံနိုင်ခြင်း စသည့်အားနည်းချက်များကို တွေ့ရှိရပါကြောင်း၊ အားသာချက်အနေနှင့် ဗက်တီဗာမြက်ပင်အမြစ်များမှာ မိုးရေထိန်းသိမ်းထားပေးနိုင်သောကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မိုးရေစီးဆင်းရာလမ်းတစ်လျှောက်ရှိ ကုန်းစောင်းမြေပြင်များ နှစ်စဉ်မြေတိုက်စားခံရမှုများနှင့် အထိန်းအသိမ်းမဲ့ရေများ  အလဟဿပြုန်းတီးခံရမှုများမှ ကာကွယ်တားဆီးပေးကာ အခြားအပင် များလည်း ကောင်းမွန်စွာရှင်သန်ကြီးထွားလာနိုင်မယ့် အခြေအနေများကိုလည်း ဖြစ်ထွန်းလာစေရန် အတွက် အသုံးဝင်ကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ဗက်တီဗာမြက်ပင်များကို စမ်းသပ်စိုက်ပျိုးခဲ့သည့်နေရာတွင် အောင်မြင်မှုမရရှိခဲ့သည့် အတွက် ဆက်လက်စိုက်ပျိုးခြင်းမရှိတော့ဘဲ ဒေသခံပြည်သူတို့၏ အတွေ့အကြုံ၊ အကြံဉာဏ်များ ရယူကာ ကုန်ကျစရိတ်သက်သာပြီး ကမ်းပြိုကမ်းစားမှုများ အထိုက်အလျောက်ကာကွယ်စေနိုင်မည့် ကိုင်းပင်၊ ရေဆူးပုတ်ပင်၊ လမုပင်နှင့် မိုးမခပင် စတဲ့ဒေသနှင့်သင့်လျော်သည့်အပင်များ စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။