ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့အစည်းမှ Baron Karel Pinxten, Dean of Chamber III- External Action, Security and Justice of the Court of Auditor အား ယနေ့ ညနေ (၃း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဒေါ်ခင်နှင်းသစ်၊ ဦးဦးထွန်းဝင်း နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂနှင့် မြန်မာလွှတ်တော်များဆက်ဆံရေး ပိုမိုကောင်းမွန်ရန် အစီအစဉ်များ၊ ဥရောပတွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲများနှင့် မြန်မာနိုင်ငံကြားဖြတ်ရွေးကောက်ပွဲ အကြောင်း၊ ဥရောပနိုင်ငံများက မြန်မာနိုုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များ၊ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးတွင် Baron Karel Pinxten နှင့် သွားရောက်ကြည့်ရှုမည့် စီမံကိန်းလုပ်ငန်းများကိစ္စနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက်
