(ဃ)-ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းအား နယ်မြေရဲစခန်းကြီးအဖြစ် အဆင့်မြှင့်ပေးရန်နှင့် အဆင့်မီ ဝန်ထမ်းအိမ်ရာများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၈.၂.၂၀၂၀)


ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ ရဲကင်းစခန်းကို ၁၉၄၉-၁၉၅၀ခန့်တွင် စတင်အခြေစိုက်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည်လည်း မရှိသလောက်နီးပါး ဂုဏ်ယူဖွယ်တွေ့ရပြီဖြစ်ပါကြောင်း၊ ဒီပဲယင်းမြို့နယ်ရှိ မြို့မရဲစခန်း၊ မူးကမ်းကြီးရဲစခန်းနှင့်စိုင်ပြင်၊ ညောင်လှ၊ သစ်ရာအိုက် ရဲစခန်းများအားလုံးအပါ တစ်မြို့နယ်လုံးပေါင်းမှ ရဲတပ်ဖွဲ့အင်အားသည် ၇၇ ဦး သာရှိသည့်အတွက် လူဦးရေနှင့် တွက်ချက်မည်ဆိုပါက ၁:၂၃၀၀ ခန့်ဖြစ်နေပါကြောင်း၊ စိုင်ပြင်ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် ပုံမှန်ဖွဲ့စည်းပုံအရ ၁၈ဦး ရှိရမည်ဖြစ်သော်လည်း ၁၀ဦးသာရှိပါကြောင်း၊ စိုင်ပြင်မြို့ကို ရပ်ကွက်ကြီး ငါးခုနှင့်ဖွဲ့စည်းထားပြီး အိမ်ခြေ ၂၀၀၀ခန့်ရှိပါကြောင်း၊ အထက်တန်းကျောင်းနှင့်စည်ကားလှသည့် စိုင်ပြင်ဈေးသစ်၊ ဈေးဟောင်းဟာယှဉ်လျက် ရေဦး-မုံရွာ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ပူးတွဲ တည်ရှိနေခြင်းကြောင့် ယာဉ်အန္တရာယ်လည်းများသည့်အပြင် ကျေးရွာအုပ်စုသုံးအုပ်စုကိုလည်း စိုင်ပြင်ရဲစခန်းကသာ တာဝန်ယူစောင့်ရှောက်ကာကွယ်ရခြင်းကြောင့် စိုင်ပြင်ရဲစခန်းကိုသာမန်ရဲကင်း စခန်းမှ နယ်မြေရဲစခန်းကြီးအဖြစ် တိုးချဲ့ရန် လိုအပ်နေပါကြောင်း၊ 
စိုင်ပြင်ရဲစခန်းအတွင်း အရှေ့ဘက်အပိုင်းတွင် တည်ဆောက်ထားသည့် ၁၂ ခန်းတွဲ အဆောက် အအုံသည်လည်း ပျက်စီးနေပါကြောင်း၊ ၁၉၅၆ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရဲစခန်းအဆောက် အအုံများသည် ရဲစခန်းမိသားစုများအတွက် အန္တရာယ်အဆင့်ရှိနေပါကြောင်း၊ နယ်မြေရဲ စခန်းကြီးအဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့ပါက အမျိုးသမီးအချုပ်ခန်းလည်းသီးသန့်ထားရမည်ဖြစ်သကဲ့သို့ ရဲဝန်ထမ်းများအတွက် အဆင့်မီအိမ်ရာများလည်း အလျင် ဆောက်ပေးရန် လိုအပ်နေပါကြောင်း၊ 
သို့ပါ၍ ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင်၄၅ ဦးရှိ၊ နယ်မြေရဲစခန်းကြီး အဖြစ်အဆင့်တိုးမြှင့်နိုင်ရန်နှင့် လိုအပ်သောမိသားစုဝန်ထမ်း အိမ်ရာနှစ်လုံး၊ လူပျိုဆောင် တစ်ဆောင်၊ ရဲမေများအတွက် ဝန်ထမ်းအိမ်ရာ၊ ရုံးခန်း၊အချုပ်ခန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ


ဒီပဲယင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ မူးကမ်းနယ်မြေ ရဲစခန်း၊ စိုင်ပြင် ရဲကင်းစခန်း၊ ညောင်လှရဲကင်းစခန်း၊ သစ်ရာအိုက်ရဲကင်းစခန်းများ ရှိပါကြောင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲကင်းစခန်းသည် စိုင်ပြင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင်တည်ရှိပြီး အရာရှိ တစ်ဦး၊ အခြားအဆင့် ရှစ်ဦး စုစုပေါင်း ကိုးဦး(အိမ်ထောင်သည် ငါးဦး၊ လူပျိုလေးဦး)တို့ဖြင့် နယ်မြေလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုင်ပြင်မြို့က စုစုပေါင်း ရပ်ကွက်ငါးရပ်ကွက်၊  ကျေးရွာအုပ်စု ၁၉ အုပ်စုနှင့် အိမ်ခြေ ၆၅၁၃ အိမ်ရှိပါကြောင်း၊ စိုင်ပြင် ကျေးရွာကို ၁၀-၅-၂၀၁၈ ရက်နေ့တွင် စိုင်ပြင်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လူဦးရေထူထပ်၍ စီးပွားရေးဖွံ့ဖြိုးခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ မုံရွာ-ရေဦးကားလမ်းနှင့် ရထား လမ်းပေါ်မှာတည်ရှိခြင်းကြောင့် စိုင်ပြင်ရဲကင်းစခန်းအား စိုင်ပြင်နယ်မြေရဲစခန်းအဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြခဲ့ရာ ၂-၉-၂၀၁၉ ရက်နေ့မှာ သဘောတူခွင့်ပြုခဲ့သဖြင့်  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့ ၂၄-၁၀-၂၀၁၉ ရက်နေ့တွင် သဘောထားမှတ်ချက်ရရှိရေး ညှိနှိုင်းထားရှိပြီး သဘောတူခွင့်ပြုပါက ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ပါကြောင်း၊ စိုင်ပြင်ရဲကင်းစခန်းအား နယ်မြေရဲစခန်းအဖြစ် အဆင့်တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိပါက ရဲစခန်းရုံး (အချုပ်ပါ) တစ်ထပ် တစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ် နှစ်လုံးနှင့် လူ ၃၀ ဦးဆံ့လူပျိုဆောင်တစ် ဆောင်တို့ ဆောက်လုပ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
 သို့ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်း မြို့နယ်၊ စိုင်ပြင်ရဲကင်းစခန်းအား နယ်မြေရဲစခန်းအဖြစ် အဆင့်မြှင့်တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပြီးမှ ရဲစခန်းအိမ်ရာများ ဆောက်လုပ်ခွင့်ရရှိရေးတို့အား ဘဏ္ဍာငွေ တင်ပြတောင်းခံဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။


ဦးဝင်းမြင့်အောင်(ဒီပဲယင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စိုင်ပြင်ရဲစခန်းသည် ရောင်စုံသောင်းကြမ်းသူများခေတ်က ရွှေတိမ်တော်ဘုရား ဝတ္တကံမြေပေါ်တွင် အခြေစိုက်ခဲ့ရခြင်းကြောင်း၊ ယခုအခါ ဘုရားနှင့် စိုင်ပြင်ရဲစခန်းသည် မြို့လယ်တွင် ရောက်ရှိနေ ပါကြောင်း၊ ရဲစခန်းသည် ၃.၉ ဧကခန့် ကျယ်ပြီး ဘုရားသည် ၀.၃၆ ခန့်သာ ရှိပါကြောင်း၊ ထို့ကြောင့် စခန်းကြီးအဖြစ် တိုးချဲ့ရာတွင် အဆောက်အအုံများအသစ် ပြန်လည်ဆောက်သည့်အချိန်၌ တောင်ဘက်ဘုရားဘက်ရှိ အဆောက်အအုံများကို မြောက်ဘက်ပိုင်းသို့ ၁၀ ပေခန့် ရွှေ့ပြီး ဆောက်ပေးစေလိုပါကြောင်း၊ ထို့ကြောင့် စတုရန်းပေ ၂၀၀ ကျော်ခန့်ကို ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့်လည်း ရွှေသိမ်တော်ဘုရားကို ပြန်လည်လှူဒါန်းပေးစေလိုသည့်အတွက် ယင်းသို့ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ယခုမေးခွန်းနှင့် စပ်လျဉ်းပြီး ပြန်လည်စိစစ်၍ စာနှင့် ဖြေကြားသွားမည်ဖြစ်ပါသည်။