(င)၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပေါက်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ လျှပ်စစ် ဓာတ်အားဆောလျင်စွာဖြန့်ဖြူးပေးနိုင်ရန်အလို့ငှာ သပြေကန်ကျေးရွာကိုအခြေပြု၍ 33/11 KV (5) MVA ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိမေးခွန်း၏အဓိကအချက် မှာ ၂၀၂၀-၂၁ တွင်ပေါက်တောမြောက်ပိုင်း၊ သပြေကန်ကျေးရွာ ကိုအခြေပြု၍ 33 KV ဓာတ်အားခွဲရုံတစ်ရုံဆောက်ရန် ဖြစ်ပါကြောင်း၊ မိမိမေးခွန်းမေးရသည့် ရည်ရွယ်ချက်မှာ ပေါက်တောမြို့နယ်မြောက်ပိုင်းကို ရည်မှန်းချက်ကာလ ၂၀၂၃-၂၄ တွင် ဓာတ်အား လိုင်းဆွဲမည်ဟု သိရပါကြောင်း၊ မိမိတောင်းဆိုလိုသည်မှာ ၂၀၂၀-၂၁ တွင် ဆောလျင်စွာ ဖြန့်ဖြူးပေး ရန်ရည်ရွယ်ချက် တစ်ချက်နှင့်၊ ပေါက်တောမှမြောက်ပိုင်းကိုမထွက်ဘဲ အထက်ကမင်းပြားနှင့် နီးသည့်မြောက်ပိုင်းကို မင်းပြားကသာ လိုင်းသွယ်ရန်တောင်းဆိုခြင်းဖြစ်ပါကြောင်း၊ ထိုနှစ်ချက် ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင် First Phase ၂၀၁၇-၁၈ minibudget တွင်စခဲ့သည့် သုံးနှစ်ကာလတွင် ပြီးပြီးသားဖြစ်ပါကြောင်း၊ မိမိယခုတင်ပြသည့်ကိစ္စမှာ သပြေကန် ကျေးရွာ(second Phase) ဖြစ်ကြောင်း၊ second Phase ကို ၂၀၂၃-၂၄ မဟုတ်ဘဲရှေ့ကိုတိုး၍ ၂၀၂၀-၂၁ တွင်လုပ်ပေးရန်တင်ပြခြင်းဖြစ်ပါကြောင်း၊ ကျိုးကြောင်းဖော်ပြချက်အနေဖြင့် ပေါက်တောမြို့ သည် ဧရိယာစတုရန်းမိုင် ၄၁၃ မိုင်ကျယ်ဝန်း၍ ရပ်ကွက်ကျေးရွာအုပ်စု ၅၈ အုပ်စု၊ ကျေးရွာပေါင်း ၁၇၉ရွာ၊ အိမ်ထောင်စု ၄၀,၀၀၀ကျော်၊ လူဦးရေ ၂၀၀,၀၀၀ နီးနီး ၁၉၄,၀၀၀ ရှိပါကြောင်း၊ မြို့ကြီးတစ်မြို့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဓာတ်အားလိုင်းသည်ပေါက်တောကို ၂၀၁၇-၁၈တွင် မင်းပြားမှတစ်ဆင့် ရောက်ပါကြောင်း၊ ပြည်နယ်ရန်ပုံငွေနှင့်နှစ်နှစ်အတွင်းတွင် ဓာတ်အားဆက်သွယ် လိုက်ခြင်းသည် ၂၀၁၇-၁၈ တွင် ငါးရပ်ကွက်နှင့် ကျေးရွာကိုးရွာ ၂၀၁၈-၁၉ တွင် ကျေးရွာ၁၁ ရွာ ဖြစ်ပါ ကြောင်း၊ ဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေကိုကြည့်သည့်အခါတွင် အိမ်ထောင်စုသည် ၈,၀၆၈ နှင့် လူဦးရေမှာ ၃၇,၅၁၇ ဦးဖြစ်ပါကြောင်း၊ အထက်ပါအခြေအနေကိုလေ့လာပါက ပေါက်တောမြို့နယ် ၏ ယနေ့ထိဓာတ်အားဖြန့်ဖြူးနိုင်မှု Electrification Ratio သည် ၁၈.၆၂ ရာခိုင်နှုန်းသာရှိပါကြောင်း၊ ၎င်းသည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် မြန်မာတစ်နိုင်ငံလုံး ဓာတ်အား ဖြန့်ဖြူးနိုင်မှုအချိုး ၅၀ ရာခိုင်နှုန်းကိုမီရန်မဆိုနှင့် ရခိုင်ပြည်နယ်၏ ဓာတ်အား ဖြန့်ဖြူးနိုင်မှု အချိုး ၃၀.၅၅ ရာခိုင်နှုန်း တောင်မမီပါကြောင်း၊
ထို Scale နှင့်သာ ဆက်လက်ဆောင်ရွက်နေပါက ၂၀၃၀ ပြည့်နှစ်တွင်တစ်မြို့နယ်လုံး မီးလင်းရေး တွင် အလှမ်းဝေးနေမည်ဟုမြင်ပါကြောင်း၊ ပြီးသည့်ရွာက ၂၀သာပြီးသေးကြောင်း၊ ရှိသည်မှာ ၁၂၉ ရွာဖြစ်ပါကြောင်း၊ မိမိတို့ ဗိုလ်ချုပ်အောင်ဆန်း၏မှတ်ချက်စကားကို ကိုးကားပြီးတစ်ချက် တင်ပြ လိုပါကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်က နတ်မောက်ကိုလာသည့် အခါတွင် မိမိ၏မိခင်ကိုတစ်နိုင်ငံလုံး မီးလင်းသည့်အခါမိမိ၏ မြို့(နတ်မောက်)လည်းပါလာမည်ဖြစ် ကြောင်း၊ မိခင်မှမရသေးကြောင်းပြောသည့်အခါတွင် မိမိတို့ ယခုကဲ့သို့စောင့်နေ၍ မဖြစ်ကြောင်း၊ အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျသည့် မိမိတို့မြို့နယ်အဖို့ ပို၍တောင်စောင့်နေရန် မဖြစ်နိုင်ပါ ကြောင်း၊ လျှပ်စစ်မီးရရှိရေးသည် ရခိုင်ပြည်နယ်၏ ရှေ့နှစ်ပေါင်းများစွာကပါ မက်လာခဲ့သည့် မေ့မရ သည့် စိတ်ကူးအိမ်မက်များဖြစ်ပါကြောင်း ထို့အပြင် မြို့နှင့်ကျေးလက်ဖွံ့ဖြိုးရေးမညီမျှမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်၍ ပေါက်တောမြို့မြောက်ပိုင်းကို ရည်မှန်းသည့်ကာလထက်စောပြီး ရှေ့ကိုတိုး၍ ဆောင်ရွက်ရန်တင်ပြခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှာ နိုင်ငံတော်ဓာတ်အားလိုင်းသည် ပေါက်တောမှ မထွက်ဘဲနှင့် မင်းပြားမှ မြောက်ပိုင်းကိုထွက်လျှင် စရိတ်စကလည်း သက်သာမည်၊ လုပ်ကိုင်ရလည်းလွယ်ကူမည်ဖြစ်သည့်အတွက် ပေါက်တော-မင်းပြား-တုတ်ပင်လယ် ကျေးရွာမှ ပေါက်တောချောင်းနွယ် ကိုဖြတ်၍တိုက်ရိုက်သွယ်တန်းပေးရန်ဖြစ်ပါကြောင်း၊ ထို့အပြင် ချောင်းနွယ် ပတ်ဝန်းကျင်အခြေအနေကို ကြည့်လိုက်သည့်အခါတွင် ကျေးရွာအုပ်စုမှာ ၁၁စု၊ ကျေးရွာ မှာ ၃၀၊ အိမ်ထောင်စုမှာ ၆,၆၀၇၊ လူဦးရေမှာ ၃၁,၁၆၀ ရှိသည့် အတွက် အင်မတန်လုပ်သင့် လုပ်ထိုက်သည့်နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် နိဂုံးချုပ်အနေြဖင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၏ ရည်မှန်းချက်ဖြစ်သည့်၂၀၂၃-၂၄ ကာလ မတိုင်မီ ၂၀၂၀-၂၁ တွင် ပေါက်တော(မြောက်ပိုင်း)၊ သပြေကန်ကျေးရွာကိုအခြေပြု၍ 33KV ဓာတ်အားခွဲရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ထပ်မံဆောင်ရွက်ရန်လိုအပ်သော ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံများနှင့်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် နှစ်အလိုက်စီမံချက်ရေးဆွဲလျက်ရှိပြီး ရခိုင်ပြည်နယ်အတွက် ၆၆ ကေဗွီနှင့် ၃၃ ကေဗွီဓာတ်အားခွဲရုံ ၄၀ ရုံ၊ ၆၆ ကေဗွီဓာတ်အားလိုင်း ၃၇၁ မိုင်နှင့် ၃၃ ကေဗွီဓာတ်အားလိုင်း ၂၃၀ မိုင် ထပ်မံ တည်ဆောက်ရန် လျာထားပြီး စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်ကျပ် ၁၄၁ ဘီလီယံခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများတည်ဆောက်ခြင်းအတွက် စီမံချက်လျာထား ရေးစွဲရေးသည် နည်းပညာပိုင်းအရ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ ချိတ်ဆက်ဓာတ်အားပေး နိုင်မည့်အခြေအနေ၊ တည်ဆောက်မည့်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းမှအကျိုးပြုနိုင်မည့် ကျေးရွာ၊ အိမ်ထောင်စုပမာဏ၊ ချေးငွေနှင့်နိုင်ငံတော်ဘဏ္ဍာငွေမှ ခွင့်ပြုရရှိနိုင်မည့်ပမာဏအပေါ် မူတည်၍ အနီးစပ်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အခြေအနေအား စိစစ်ကာ နှစ်အလိုက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏မေးမြန်းချက်ပါ ပေါက်တောမြို့နယ် မြောက်ပိုင်းရှိကျေးရွာ ၁၁ရွာ၊ အိမ်ထောင်စုပေါင်း ၆၆၀၀ကျော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင် ရေးအတွက် သပြေကန်ကျေးရွာတွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက် ရမည်ဖြစ်ပြီး ပေ ၁၂၀၀ အရှည်ရှိ စွန်ရဲမြစ်ကျော်၊ ပေ ၆၀၀ အရှည်ရှိ လက်မယာ ချောင်းကျော်တို့နှင့် အတူ ကိုးမိုင်အရှည်ဓာတ်အားလိုင်းတို့ကို တစ်ပြိုင်တည်း တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများစာရင်းတွင် ထည့်သွင်းထားပြီးဘဏ္ဍာ ငွေခွင့်ပြုချက်ရရှိမှု အပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
